စစ်အာဏာသိမ်းထားတာချင်းအတူတူ ထိုင်းနဲ့ မြန်မာပြည် အရမ်းကွာခြားသွားရတဲ့ အဓိကအကြောင်းရင်း

ယနေ့ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေတဲ့ ဓာတ်ပုံတွေကတော့ ထိုင်းနိုင်ငံမှာ အသစ်ထွက်တဲ့ အိုင်ဖုန်းကို ၂၄ နာရီကြာ တန်းစီနေတဲ့ ဓာတ်ပုံနဲ့ မြန်မာနိုင်ငံမှာ စားအုန်းဆီကို ဈေးသက်သက်သာသာနဲ့ ရဖို့ တန်းစီနေတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

အဲဒီ ဓာတ်ပုံ နှစ်ပုံကို နှိုင်းယှဉ်ပြီး လူမှုကွန်ရက်သုံးစွဲသူများက အမြင်အမျိုးမျိုးကို မှတ်ချက်ပေးနေကြပါတယ်။ တချို့ကလည်း ထိုင်းနိုင်ငံရဲ့ အခြေခံလုပ်သားတွေဟာ အသစ်ထွက်တဲ့ အိုင်ဖုန်းကို ဝယ်ယူနိုင်အောင် ပြည့်စုံနေကြပြီး မြန်မာနိုင်ငံမှာတော့ အိုင်ဖုန်းအသစ်ဆိုတာ လူလတ်တန်းစားတောင် အိပ်မက် မမက်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောကြပါတယ်။

တချို့ကလည်း မြန်မာနိုင်ငံမှာ အိုင်ဖုန်းလောက် မပြောနဲ့ ဒေါ်လာ သိန်းနဲ့ ချီတဲ့ ကားကို တန်းဝယ်နိုင်တဲ့ သူဌေးတွေ အများကြီးပဲလို့ ပြန်ပြောကြပါတယ်။ တကယ့်လက်တွေ့မြေပြင်မှာတော့ မြန်မာပြည်သူတွေရဲ့ သုံးစွဲနိုင်မှု စွမ်းအားဟာ သိသိသာသာ လျော့နည်းသွားတာကို တွေ့ရပါတယ်။

ယခင်တုန်းက အိုင်ဖုန်းမော်ဒယ်အသစ်ဖြစ်စေ၊ တခြား ဖုန်းမော်ဒယ်အသစ်ဖြစ်စေ ထွက်ပေါ်လာပါက ချမ်းသာသူများရော၊ လူလတ်တန်းစားများပါ အလျင်အမြန် အော်ဒါမှာယူလေ့ ရှိကြတဲ့ မြန်မာနိုင်ငံမှာ ယခု အိုင်ဖုန်းမော်ဒယ်အသစ် ထွက်လာချိန်မှာတော့ မှာနိုင်သူ အနည်းစုသာ ရှိတော့ကြောင့် တွေ့ ရပါတယ်။ မြန်မာပြည် အခြေခံလူတန်းစားတွေမှာတော့ အိုင်ဖုန်း မပြောနှင့် နေ့စဉ်သောက်နေကြ ကော်ဖီမစ်၊ တီးမစ်တွေ တထုပ် ၁၀၀ ကနေ ၂၅၀ အထိ ၃ ဆနီးပါး ခုန်တက်သွားတာကြောင့် တထုပ်ကို ၃ ခါခွဲသောက်နေတဲ့ အခြေအနေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံလည်း မြန်မာနိုင်ငံလိုပဲ စစ်အာဏာသိမ်းထားတဲ့ နိုင်ငံဖြစ်ပေမယ့် မြန်မာနိုင်ငံလို ဒုက္ခဆင်းရဲခြင်းတွေ မကြုံတွေ့ရတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်း အမေးများကြပါတယ်။ တိုတိုနဲ့ လိုရင်း ဖြေရရင် ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းမှုကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပေမယ့်လည်း အာဏာသိမ်းသွားတဲ့သူဟာ ကိုယ့်ထိုင်ခုံ တည်မြဲရေးအတွက် တိုင်းပြည်စီးပွားရေးကို လုံးဝ မဖျက်ဆီးခဲ့ပါဘူး။

မြန်မာပြည်ကတော့ ပြောင်းပြန်ပါပဲ။ အာဏာသိမ်းခေါင်းဆောင် မှန်သမျှဟာ မိမိအာဏာတည်မြဲရေး၊ ထိုင်ခုံ တည်မြဲရေးအတွက် တိုင်းပြည်စီးပွားရေးတင်မက ဘာကြီးပဲ ဖြစ်ဖြစ် ဖျက်ဆီးပစ်လေ့ ရှိပါတယ်။ အဲဒီလုပ်ရပ်တွေရဲ့ အကျိုးဆက်ကြောင့် စီးပွားရေး အရှိန်ကောင်းတော့မယ့် မြန်မာပြည်ဟာ လှေလှော်ရင်း တက်ကျိုးရုံသာမက လှေဝမ်းပါ ပေါက်ပြီး စုံးစုံးမြှုပ်မယ့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အကုန်ဈေးတက်နေတဲ့ မြန်မာနိုင်ငံကြီးမှာ တိုးမလာတဲ့ ဝင်ငွေ၊ လုံခြုံမှု မရှိတဲ့ ပတ်ဝန်းကျင်နဲ့ အခွင့်အရေးတွေ အမြဲတမ်းချိိုးဖောက်ခံနေရတဲ့အပြင် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပြည်သူတွေကတော့ ပျောက်သောလမ်းမှာ စမ်းတဝါး ဆိုတဲ့ စကားလို့ ဖြစ်နေပါပြီလို့ပဲ ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page