ရန်ကုန်မြို့ရှိ အထင်ကရ နေရာ သုံးခုရဲ့ လမ်းတွေကို ပိတ်ထားမယ်လို့ စကစ ထုတ်ပြန်

ရန်ကုန်မြို့ရဲ့ အထင်ကရနေရာ ၃ နေရာမှာလမ်းပိတ် ၊ လမ်းလွှဲများလုပ်ဆောင်သွားဖို့ ရှိတယ်လို့ စကစ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။

လာမယ့် ဇူလိုင် ၁၉ ရက်မှာကျရောက်မယ့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကြောင့် အထင်ကရနေရာတွေဖြစ်တဲ့ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နဲ့ အတွင်းဝန်ရုံးအနီးတို့ရှိလမ်းများကို ခေတ္တယာယီပိတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားကျင်းပမယ့် ဗဟန်းမြို့နယ်ရှိအာဇာနည်ဗိမာန်ကို ဇူလိုင် ၁၉ ရက် နံနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းမှ ရေတာရှည်လမ်းဟောင်းထိလည်းကောင်း၊ ဓမ္မစေတီလမ်းမှ ဦးဝိစာရ- ဓမ္မစေတီလမ်းဆုံ၊ အင်းယားမြိုင်လမ်းဆုံထိလည်းကောင်း၊ အာဇာနည်လမ်းမှ အနောက်ရွှေဂုံတိုင်လမ်းနဲ့ ဦးဝိစာရလမ်းဆုံထိလည်းကောင်း၊ အာဇာနည်လမ်းကနေ ဦးထောင်ဘိုလမ်းနဲ့ အာဇာနည်လမ်းဆုံထိလည်းကောင်း၊ ဦးဝိစာရလမ်းဖြစ်တဲ့ ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံအပြင် ရွှေတိဂုံဘုရားအနောက်ဘက် (သွေးဆေးကန်) လမ်းတို့ကို ခေတ္တပိတ်သွားမှာဖြစ်တာကြောင့် လမ်းပိတ်/လမ်းလွှဲ များဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ဗိုလ်ချုပ်ပြတိုက်ဖွင့်လှစ်မယ့် နေရာမှာတော့ ဇူလိုင် ၁၉ မှ ၂၁ ရက်နေ့ နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိကို နတ်မောက်လမ်း၊ ဝင်္ကဘာလမ်း၊ ဖိုးစိန်လမ်းဆုံ၊ ဗိုလ်ချုပ်ပြတိုက်လမ်းနဲ့ ငါးထပ်ကြီးဘုရားလမ်းဆုံ၊ ရွှေကြက်ယက်လမ်း၊ စောမဟာလမ်းဆုံတို့ကို ခေတ္တပိတ်သွားမှာ ဖြစ်ပါတယ်။

အလံတင်အခမ်းအနားကျင်းပမယ့် အတွင်းဝန်ရုံးကိုလည်းဗိုလ်ချုပ်ပြတိုက်နည်းတူ နေ့ရက်အချိန် သတ်မှတ် ထားရှိပြီးတော့ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံထိလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်း လမ်းဆုံထိလည်းကောင်း ၊ မဟာဗန္ဓုလမ်းမှ ပန်းဆိုးတန်းလမ်းထိလည်းကောင်း ၊ ဗိုလ်အောင်ကျော်လမ်းမှ ကုန်သည်လမ်းဆုံထိလည်းကောင်း အသီးသီးလမ်းပိတ်သွားမှာပါ။

ဒါကြောင့် ယာဉ်မောင်းသူများအနေနဲ့ အခမ်းအနားများပြုလုပ်ကျင်းပနေစဉ်အတွင်း လမ်းပိတ်၊ လမ်းလွှဲများ ကြောင့်အခြားသင့်လျော်သောလမ်းများမှ မောင်းနှင်ကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

စကစ အနေနဲ့ ရန်ကုန်မြို့ရဲ့ လမ်းတွေကို ထင်သလို ပိတ်ဆို့နေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သွားလာမှု ခက်ခဲနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page