ပြည်သူတွေ ဘဏ်စနစ်ကို ယုံကြည်လာပြီဟု ကယောင်ကတမ်း ပြောခဲ့သူ ဗဟိုဘဏ် ဥက္ကဌ ရာထူးပြုတ်
ပြည်သူတွေ ဘဏ်အသုံးပြုမှု ပိုများလာကာ ဘဏ်စနစ်အပေါ်ယုံကြည်မှု တိုးလာပြီလို့ ပြောခဲ့တဲ့ စကစ လက်အောက်ခံ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်းကို စကစက ရာထူးဖြုတ်ပစ်လိုက်ပြီလို့ သိရပါတယ်။
ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ စကစအနေနဲ့ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတယ်ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးများနဲ့ ဌာနဆိုင်ရာ အကြီးအကဲများကို အရွှေ့အပြောင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစာရင်းထဲမှာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကို တာဝန်မှ အနားပေးလိုက်ပြီး ယခင် ဒုဥက္ကဋ္ဌဖြစ်သူ ဒေါ်သန်းသန်းဆွေက ဗဟိုဘဏ်ဥက္ကဋ္ဌ ဖြစ်လာတာကို တွေ့ရှိရပါတယ်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီလည်း ရာထူးက ပြုတ်သွားခဲ့တာကို တွေ့ရပါတယ်။
ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်းဟာ ဇူလိုင် ၁၈ ရက်နေ့တုန်းက ပြည်သူများအနေနဲ့ ဘဏ်စနစ်ပေါ် ယုံကြည်မှု တိုးတက်လာပြီလို့ ပြောကြားခဲ့ပြီး တလအကြာမှာ ရာထူးက ပြုတ်သွားခြင်း ဖြစ်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စကစ အလိုကျ ငွေကြေးမူဝါဒ အမျိုးမျိုးကို ပြုပြင်ခဲ့ပေမယ့်လည်း ဆေးမမီတဲ့ အနေအထားများနဲ့ ကြုံတွေ့ခဲ့ရပြီး မြန်မာ့စီးပွားရေး လုံးဝ ပြိုကျသွားတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း ဒေါ်လာပုံသေဈေးနှုန်းကို ၂၁၀၀ သို့ တိုးမြှင့်ခဲ့တဲ့ အတွက် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုကို ကြုံတွေ့နေရတာကြောင့် စကစ အနေနဲ့ သူတို့ရဲ့ အမှားကို ဖုံးကွယ်ချင်တာကြောင့် ဖြုတ်လို့ရတဲ့သူတွေကို ရာထူးဖြုတ်နေတာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတဦးက သုံးသပ်ပါတယ်။