သင်္ချိုင်းစောင့် မဖဲဝါထက် ကြမ်းတဲ့ ဧရာဝတီတိုင်းက သရဲမ မစံပယ် အကြောင်း
သင်္ချိုင်းစောင့် မဖဲဝါထက် ကြမ်းတဲ့ ဧရာဝတီတိုင်းက သရဲမ မစံပယ် အကြောင်း
ကိုမြမိုးတို့ရွာက ဧရာဝတီတိုင်း၊ မြို့နယ်လေးတစ်ခုအတွင်းက ရွာကလေးတစ်ရွာ ဖြစ်ပါတယ်။ ချောင်းလက်တက်ကလေး နဖူးပေါ်မှာတည်ရှိပြီး အိမ်ခြေက ၅၀ ကျော်သာ ရှိပါတယ်။ အဲဒီရွာကလေးမှာ မစံပယ်ဆိုတဲ့ အသက်ငယ်ငယ် အမျိုးသမီး တစ်ယောက် ရှိပြီး၊ ရုပ်ရည်မှာ အလွန်ချောမောလှပလို့ ရွာနီးချုပ်စပ်က လာရောက်ပိုးပန်းတာကို ခံရသူပါ။
အလွန်လှပလို့ လိုချင်သူတွေ ဝိုင်းနေသလို၊ ပိုးပန်းသူအချင်းချင်း ဒုတ်တပြတ် ဒါးတပြတ် ဖြစ်စေသည်အထိ မစံပယ် အလှ က နန်းဆန်ခဲ့ပါတယ်။ နောက်ဆုံး မစံပယ်ဟာ မိသားစုသဘောတူတဲ့ တစ်ရွာတည်းသား ကိုသန်းနိုင်နဲ့ လက်ထပ်ခဲ့ ပါတယ်။ ဒီအခါမှာ မစံပယ်အပေါ်ကို အချစ်ကြီးပြီး၊ အမျက်ကြီးခဲ့သူတစ်ယောက် ရှိလာခဲ့ပါတယ်။ အဲဒါကတော့ မစံပယ် တို့ရွာနဲ့ သိပ်မဝေးလှတဲ့ ရွာက ကိုကောက်ဆိုသူပါ။
ကိုကောက်က မစံပယ်ကို ရှင်းမယ်ဆိုလို့ မစံပယ်ခမျာ တစ်ပတ်လောက် ရွာထဲက ရွာပြင် မထွက်ရဲပါဘူး။ ဒါပေမယ့် ရွာသားတွေက ကိုကောက်က မူးလို့ပြောခဲ့တာဖြစ်ကြောင်း၊ သူတို့ရွာ သူကြီးက ခေါ်ယူဆုံးမပြီး ဖြစ်ကြောင်း ဝိုင်းဝန်း နှစ်သိမ့်တဲ့အခါမှသာ မစံပယ်ခမျာ နဂိုလို နေရဲစားရဲပါတော့တယ်။
ကိုသန်းနိုင်က ကြုံရာအလုပ် လုပ်ကိုင်သူ ဖြစ်ပါတယ်။ သူဟာ ကွမ်းသီးခူးခြင်း၊ ကွမ်းသီးပို့ခြင်း၊ စက်လှေအငှားလိုက်ခြင်း စတဲ့ အလုပ်ကို ရိုသားစွာ လုပ်ကိုင်ပြီး၊ မစံပယ်ကို သားမှတ်မှတ် မယားမှတ်မှတ် လုပ်ကြွေးပါတယ်။ တစ်ရက်တော့ ကိုသန်းနိုင်၊ ဘာအလုပ်အကိုင်မှမရှိလို့ ဟင်းစားလေးရအောင်ဆိုပြီး၊ ချောင်းထဲကို ငါးဖမ်းသွားခဲ့ပါတယ်။ ဒါပေမယ့် ပြန်လာချိန်ရောက်သည်အထိ ပြန်မလာခဲ့ပါ။
မိုးတွေက ညနေ ခြောက်နာရီလောက်မှာ သည်းထန်စွာ ရွာလာခဲ့ပါတယ်။ မစံပယ်ခမျာ ကိုယ်လေးလက်ဝန်ကြီးနဲ့ လင်ဖြစ် သူကို အိမ်ပေါက်ဝမှာ ခြေဆင်း ချောင်းစပ်အတွင်းကိုသာ လှမ်းမျှော်နေပါတယ်။ ဒါပေမယ့် မိုးက သည်းသည်ထက် သည်းလာ၊ လင်ဖြစ်သူကလည်း ပြန်လာချိန်ကိုလွန်လို့ ည ၇ နာရီပင် ရောက်လုနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မစံပယ် ကိုသန်းနိုင် ရှိနိုင်မယ့် ဆီကို လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မိုးထဲရေထဲ တဲနီးနားချင်း ဒေါ်မဲတူရဲ့ လှေကို ငှားပြီး မစံပယ်တစ်ယောက်၊ လင်ဖြစ်သူကို လှေလှော်ပြီး လိုက်ရှာပါ တယ်။ ဒေါ်မဲတူကလည်း အဖော်လိုက်ခဲ့မယ်လို့ ပြောပေမယ့်၊ မစံပယ်က ငြင်းခဲ့ပါတယ်။ ဒေါ်မဲတူခမျာ ခြေထောက်သံစူးပြီး ဖျားနေတာကို သူမက အဖော်အဖြစ် မခေါ်လိုပေ။ ဒါကြောင့် တစ်ယောက်တည်း လှေလှော်ကာ ထွက်လာခဲ့ခြင်းပါ။
မိုးကလည်း တစ်နှစ်လုံးရွာမယ့်မိုး တစ်ခါတည်း စုပြီး ရွာလေသလား မပြောတတ်၊ မစံပယ်တစ်ယောက် ခိုက်ခိုက်တုန် အောင် ချမ်းနေပါပြီ။ အခုအချိန်အထိ မိုးထဲလေထဲမှာ ကိုသန်းနိုင်ကို မတွေ့ပေ။ ဒါပေမယ့် ကံဆိုးမိုးမှောင်က ကျချင် တော့ လှေတစ်စင်းကို အိပဲ့အိပဲလှော်လာတဲ့ တစ်ဖက်ရွာက ကိုကောက်နဲ့ လူသူကင်းပြတ်ရာမှာ ပက်ပင်းတွေ့လိုက်ရ ပါတော့တယ်။ မစံပယ်ခမျာ မတရားကျင့်ပြီး ခေါင်းကို ရှင်းတာ ခံခဲ့ရပါတယ်။ ကိုကောက်ဆိုတဲ့ လူ့အရိုင်းအစိုင်း ကို လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒါပေမယ့် မစံပယ်ရဲ့ဇာတ်လမ်းက ဒီမှာတင် ပြီးမသွား ပါ။
မစံပယ်သေဆုံးပြီး တစ်လလောက်အကြာမှာ ဖိုးလပြည့်ဆိုတဲ့ လူပျိုပေါက်တစ်ယောက် သည်းခြေပျက်ပြီး ရူးသွားပါတယ်။ သူဟာ ဟင်းစားရှာရင်း မစံပယ်သရဲမ ကျက်စားရာ ညောင်ပင်ကွေ့ဆိုတဲ့ နေရာမှာ မစံပယ်ကို တွေ့လိုက်လို့ပါ။ ထိုနေ့က ဖိုးလပြည့် လှေလှော်လိုက်၊ ငါးဖမ်းလိုက်နဲ့ အလုပ်ကို စိတ်ပါလက်ပါ လုပ်နေခဲ့ပါတယ်။ ထိုစဉ်အချိန်မှာပဲ ကိုင်းစက်မှာ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဖိုးလပြည့် လှမ်းကြည့်တော့ မစံပယ်ဆိုတာ သိလိုက်ရပါတယ်။
“မစံပယ် ခများ ဘာလုပ်နေတာတုန်း”ဆိုပြီး မေးလိုက်တယ်။ ” ငါလားဟေ့ … ကိုသန်းနိုင်ကို လာစောင့်နေတာ ” ” ဟာ ” ထိုအခါကျမှ ဖိုးလပြည့်တစ်ယောက် မစံပယ်ဆုံးပြီးသွားပြီဆိုတာကို သတိရလိုက်ပါတယ်။ မစံပယ်ကို လှမ်းကြည့်လိုက် တော့ မစံပယ်က သူ့ခေါင်းပြတ်ကြီးကို ကိုင်ထားပါတယ်။ အဲဒီမှာပင် ဖိုးလပြည့်တစ်ယောက် လှေကို ဦးတည်ရာ လှော်ခတ်ပြီး၊ စိတ်ဖောက်ရူးသွပ်သွားတယ်လို့ ဆိုပါတယ်။
ညောင်ပင်ကွေ့ဟာ နောက်ပိုင်းမှာ လူတွေ ရှောင်ရှားစပြုလာခဲ့တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဖွဲ့လိုက် ငါးဖမ်း သွားတဲ့သူတွေတောင် နေ့ခင်းကြောင်တောင်မှ အဆိုပါ ညောင်ပင်ကွေ့နေရာကို ဖြတ်ရဲပါတယ်။ ညနေ အတော်စောင်းပြီ ဆိုရင်တောင် တစ်ခြားချောင်းလက်တက်ကနေ တစ်ကွေ့တစ်ပတ် ပတ်ပြီး၊ ရွာဆီကို ပြန်ကြရတဲ့အထိပါ။
မစံပယ်ဟာ ညနေတိုင်း ရေဆင်းချိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ သူ့ခေါင်းပြတ်ကြီးကို ဒူးမှာစွပ်ပြီး၊ ခေါင်းလျှော်ခြင်း၊ သန်းရှာခြင်းတွေ ပြုလုပ်နေတတ်တယ်လို့ သိရပါတယ်။ အခုအချိန်ထိလည်း နေ့ခင်းကြောင်တောင် ညောင်ပင်ကွေ့ကို လှေနဲ့ဖြတ်ရသူတွေအနက် ရိပ်ကနဲ တွေ့လိုက်ရသူတွေ ရှိသလို၊ သွေးသံရဲရဲနဲ့ မစံပယ်ကို အကောင်လိုက် အထည်လိုက် တွေ့လိုက်ရသူတွေလည်း ရှိပါတယ်။
ကိုစံမောင်တို့၊ မြင့်ရွှေတို့ တူဝရီးတစ်စုဟာ ညဘက်ဆို လယ်ကွက်တွေဘက်ကို ငါးခုတ်ခြင်း၊ ကြွက်ထိုးခြင်းနဲ့ အသက် မွေးဝမ်းကြောင်း ပြုသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ မစံပယ်တို့နဲ့ တစ်ရွာတည်းသားတွေဖြစ်ပြီး၊ ဆွေမျိုးလည်း မကင်းကြ ပါဘူး။ တစ်ည သူတို့ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ကြွက်ထိုး၊ ငါးခုတ်လုပ်ဖို့အတွက် တူဝရီးနှစ်ယောက် လယ်ကွက်တွေ ဘက်ကို ရောက်သွားပါတယ်။
ည ကိုးနာရီခန့် အချိန်မှာ ဟင်းစားတော်တော်ရပြီမို့ အိမ်ပြန်ဖို့ တိုင်ပင်ကြပါတယ်။ ထိုစဉ်မှာပဲ သူတို့နဲ့အတူ ပါလာ တဲ့ ခွေးက ချောင်းစပ်ဆီကို ဝရုန်းသုန်းကားနဲ့ ထိုးဟောင်ပါတော့တယ်။ တူဝရီးနှစ်ယောက်သား အဲဒီတော့မှ သတိထား မိလိုက်တာ သူတို့နှစ်ယောက် ညောင်ပင်ကွေ့အနားကို ရောက်နေပြီဖြစ်ကြောင်းကိုပါ။
နှစ်ယောက်သား ကျောချမ်းသွားကြပါတယ်။ ခွေးကလည်း ဘာမှ မမြင်ရဘဲ ထိုးလို့သာ ဟောင်နေပါတော့တယ်။ ” ဦး … ဦးလေး .. မြန်မြန် လုပ်ဗျာ … ပြန် .. ပြန်ကြစို့ ” တူဖြစ်သူ မြင့်ရွှေရဲ့ အသံက တုန်ရီနေပြီဖြစ်သလို၊ ကိုစံမောင်ကလည်း မျက်စိမျက်နှာ ပျက်နေရှာပြီ။ ရွာဆီကို လှမ်းမျှော်ကြည့်တော့ ရောက်ဖို့ မိနစ်သုံးဆယ်လောက်တော့ အသာကလေး လမ်းလျှောက်ရဦးမည်။
” အေး … ပစ္စည်းတွေ သိမ်းကွာ … မှိန်းသာ မြဲအောင် ကိုင်ထား … တစ်ခုခု အန္တရာယ်တွေ့ရင် ထိုးသာပစ် ” ကိုစံမောင် နောက်ကျောမလုံသလို၊ လည်ပြန်ကြည့်ပြီး၊ ပစ္စည်းတွေကို ကမန်းကတန်း သိမ်းကြပါတယ်။ နှစ်ယောက်သား ခပ်သုတ်သုတ် လမ်းလျှောက်ကြစဉ်- ” ဦးလေး စံမောင်” ” ဟာ ” အလွန်ကျယ်လောင် တဲ့ အသံနက်ကြီးကို တူုဝရီး နှစ်ယောက်သား ရှင်းရှုင်းလင်းလင်း ကြားလိုက်ရလို့ ဆံပင်မွေးတွေပါ ထောင်ကုန်ပါတယ်။
” ဟေ့ကောင် မြန်မြန်လျှောက်ဟေ့ အခြေအနေ မကောင်းဘူး ” ဆိုပြီး တူဖြစ်သူကို သတိပေးကာ ခြေလှမ်းကို စောစော ကထက် ပိုသွက်လိုက်ပါတယ်။ စောစောက တစ်စုံတစ်ခု မြင်လို့ ထိုးဟောင်နေတဲ့ ခွေးတောင်၊ ရွာဆီကို သုတ်ခြေ တင်ပြီး ပြေးနေပါပြီ။
” မောင်လေး မြင့်ရွှေ .. အစ်မပါ … အစ်မ စံပယ်ပါ … ဘာမှ မစားရသေးလို့ ကြွက်ကလေးတွေ ထားခဲ့ပါဦး ” ” ဟာ ဦးလေး ကြွက် … ကြွက်စားဖို့ တောင်းနေတာဗျ ” ” လွယ်အိတ်လိုက်သာ ပစ်ချပေးခဲ့တော့ဟေ့ … လာ ပြေးကြစို့”
မစံပယ်ကား ဆွေမျိုးမို့လားမသိ၊ အမှောင်ထဲမှာ အသံလောက်နဲ့သာ ခြောက်လှန့်လို့ ကိုစံမောင်တို့ တူဝရီး သက်သာရာ ရပါတော့တယ်။ နှစ်ယောက်သား လယ်ကွင်းတွေ အလီလီကျော်ဖြတ်ပြီး၊ ရွာဆီကို ဖနောင့်နဲ့တင်ပါး တစ်သားတည်း ကျအောင် ပြေးကြပါတယ်။ ဖိုးလပြည့် ရွာပြန်ရောက်လို့ တခိုက်ခိုက်တုန်နေသလို၊ တူဝရီးနှစ်ယောက် စလုံး ကြောက်ရွံ့ တုန်လှုပ်နေကြပါတယ်။ ဒါပေမယ့် သူတို့ကတော့ စိတ်ဖောက်ပြန် ရူးသွပ်ခြင်း မရှိပါဘူး။ အခုဆို ငါးခုတ်ခြင်း၊ ကြွက်ထိုး ခြင်းလည်း မလုပ်ကြတော့ပါဘူး။ မစံပယ်ကတော့ ညောင်ပင်ကွေ့မှာ အပိုင်စားရထားတဲ့ သရဲမအဖြစ် အခုအချိန်ထိ ကျွတ်တမ်း မဝင်နိုင်ရှာသေးဘူးလို့ ဆိုပါတယ်။ (ကိုမြမိုး၏ ပြောကြားချက်ကို ပြန်လည်မျှဝေပါသည်။)