တခေတ်တခါက ရန်ကုန်မှာ နာမည်ကြီးခဲ့တဲ့ “ရန်ကုန်က မေရီ”
“ရန်ကုန်က မေရီ”
၁၈၆၀ ပြည့်လွန်နှစ်တွေက ရန်ကုန်ဆိပ်ကမ်းမှာ မေရီ ဆိုတဲ့ အမျိုးသမီး ဟာ အင်မတန်မှ နာမည်ကြီးပါတယ်။ မမမေရီဟာ အင်္ဂလိပ်စကားကို မွှတ်နေအောင် ပြောတတ်တဲ့ မြန်မာအမျိုးသမီးအိမ်ရှင်မတစ်ယောက်ပါ။ လှတယ်။ ကိတ်တယ်။ အဲ့ဒီခေတ်က နာမည်ကြီးတဲ့ HMS Pinafore ပြဇာတ်ထဲက ဇာတ်ကောင် Buttercup နဲ့ အရမ်းတူပါတယ်တဲ့။
သူ့ရဲ့ အသက်မွေးဝမ်းကြောင်းကလည်း အဲ့ဒီခေတ်က မြန်မာအမျိုးသမီးတွေကြားမှာ ရှားမှရှားပါ။
ရန်ကုန်ဆိပ်ကမ်းမှာ နိုင်ငံခြားသင်္ဘောတွေ ကပ်ပြီဆို မမမေရီ ဟာ မြန်မာအမျိုးသမီးတွေဝတ်တဲ့ ရင်ဖုံး၊ ဗလာထမီ နဲ့ ကောက်ရိုးဦးထုတ်အကြီးကြီးကို ဆောင်း ၊ လည်ပင်းမှာလည်း မှန်ပြောင်းတစ်လက်ကို လွယ်လို့ လှေကို ကိုယ်တိုင်လှော်လာပါတယ်။ လှေရှေ့မှာလည်း နှင်းဆီပန်းစည်းကြီး တစ်စည်းနဲ့အတူ အထုတ်ကြီး တစ်ထုတ်ပါလာပါတယ်။
သင်္ဘောပေါ်ရောက်တာနဲ့ မမမေရီဟာ သင်္ဘောအရာရှိတွေကို သူ့ နှင်းဆီပန်းစည်းထဲက နှင်းဆီတစ်ပွင့်ဆီ လက်ဆောင်ပေးပါတယ်။ ပြီးရင် သင်္ဘောသားတွေကို သူ့အိတ်ကြီးထဲ ပါလာတဲ့ နာမည်ကျော် ရန်ကုန်ထုတ် ဘီယာတွေ (ရန်ကုန်မှာ ဘီယာကို ၁၈၆၀ ကတည်းက အင်္ဂလန်က ဗျစ်ပွင့်နဲ့ ပီနန်က သကြားကို မှာပြီး ချက်လုပ်နေပါပြီ) ၊ လူသုံးကုန်တွေ၊ အစားအသောက်တွေကို တော်ကီကောင်းကောင်းနဲ့ ရောင်းပါတော့တယ်။
ပြီးရင်တော့ မမမေရီ ဟာ သူ့မှန်ပြောင်းလေးနဲ့ တခြား သင်္ဘာတွေကို ကြည့်တယ်။ ပြီးရင် သင်္ဘောသားတွေကို မဟာဆန်ဆန် လက်ပြနှုတ်ဆက်ရင်း လှေပေါ် ပြန်ဆင်း နောက်သင်္ဘောတစ်စီး ဆီ ကူးသွားပါတော့တယ်။ နိုင်ငံခြားသင်္ဘောသားတွေကတော့ မမမေရီကို ငေးပြီး ကျန်ရစ်ပေါ့။
အဲ့ဒီခေတ် ဗမာအသိုင်းအဝိုင်းကတော့ မေရီ ကို မိန်းမပျက်တစ်ယောက်သာသာ ဝိုင်းကဲ့ရဲ့ခဲ့ကြပေမယ့် နိုင်ငံခြားသင်္ဘောသားတွေလောကမှာတော့ မေရီဟာ လှပြီး ခင်ဖို့ကောင်းပေမယ့် စီးပွားရေးလုပ်ရာမှာရော လူမှုရေးမှာပါ စည်းကမ်းရှိတဲ့ မိန်းမတစ်ယောက်အဖြစ် လေးစားချစ်ခင်ကြပါတယ်။
ဘာပဲဖြစ်ဖြစ် ရန်ကုန်သူ မမမေရီ ဟာ အဲ့ဒီခေတ်က အတော်ကို နာမည်ကြီးခဲ့ပါတယ်။ ဘယ်လောက်တောင် နာမည်ကြီးသလဲဆိုရင် ၁၈၈၅ ခုနှစ် အိန္ဒိယထုတ် “The Times of India” သတင်းစာမှာ သူ့အကြောင်းကို တခုပ်တရ ရေးပြီး ဖော်ပြကြရတဲ့အထိပါပဲ။ ရန်ကုန်သူ မမမေရီ ဟာ နောက်ပိုင်းမှာ အရမ်းချမ်းသာသွားပါသတဲ့ဗျာ။
ရန်ကုန်ဆိပ်ကမ်းက နိုင်ငံခြားသင်္ဘောကြီးတွေကြား နှင်းဆီပန်းတွေတင်ထားတဲ့ လှေကြီးတစ်စင်းနဲ့ စွန့်ဦးတီထွင် အမျိုးသမီးစီးပွားရေးသမား မမမေရီ ကို ကျွန်တော်ဖြင့် စိတ်ကူးထဲကနေ မြင်ယောင်ကြည့် မိပါရဲ့ဗျာ။
အပေါ်က ပုံကတော့ ရန်ကုန်သူ မေရီ နဲ့ တူတယ်ဆိုတဲ့ HMS Pinafore က ဇာတ်ကောင် Buttercup ပုံပါ။
Ko Ko Ngal