ဂျပန်ရောက်ပြီးတဲ့ မြန်မာတွေ ကိုယ့်နိုင်ငံကို မပြန်ရဲတော့တဲ့ အကြောင်းအရင်း တစ်ခု
ဂျပန်ရောက်ပြီးတဲ့ မြန်မာတွေ ကိုယ့်နိုင်ငံကို မပြန်ရဲတော့တဲ့ အကြောင်းအရင်း တစ်ခု…
ဂျပန်နိုင်ငံမှ မပြန်ရဲသော သူငယ်ချင်းသို့၊ ဂျပန်ဆိုတာ ရောက်ပြီးရင် မပြန်ချင်တော့တာ မဟုတ်ဘူး မပြန်ရဲတော့တာ ပတ်ဝန်းကျင်တွေက မြန်မာကား အကြည့်များပြီး နိုင်ငံခြားကပြန်လာရင် အထုပ်ကြီးပါလာမယ်ထင်နေတာ ကိုယ့်မှာက အထုပ် မပြောနဲ့ အသုပ်ဝယ်စားဖို့ ပိုက်ဆံတောင် မရှိပဲ ပြန်သွားရင် သောက်တင်းတုတ်လိုက်မည့်ဖြစ်ခြင်း အိမ်မပြန်ရဲတာ ဒင်းတို့ကြောင့်လဲ ပါတယ်။
ဂျပန်က တို့ အမေရိကား က တို့လို့ ပြောလိုက်တာနဲ့ များသောအားဖြင့် မြန်မာပြည်က သူတွေအနေနဲ့ အဲဒီလူတွေကို အလိုလို အထင်ကြီးသွားတတ်တယ် ကျွန်တော်တို့ ဘော်ဘော်တွေ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ဂျပန်ရောက်နေတဲ့ သူငယ်ချင်းအကြောင်းပြောရင်း သူ့ဘဝကို အရမ်းအားကျဖူးတယ် နောက် တစ်ကောင်က ဂျပန်စာကျောင်းတွေ တက်ပြီး ဂျပန်သွားဖို့ လုပ်နေတုန်းကလည်း ဂျပန်မပြောနဲ့ ပုဂံတောင် မရောက်ဖူးတဲ့ ကိုယ် .. သူငယ်ချင်းအတွက် ဝမ်းသာတယ် ဂုဏ်ယူတယ် ပြောနေပေမယ့် စိတ်ထဲတော့ အားငယ်ခဲ့ဖူးတယ်။
အမှန်ဆို ကိုယ့်ပြည်တွင်းမှာ လုပ်ကိုင်စားသောက်ရင်လဲ ကြီးပွားနိုင်ပါတယ်။ ဘာကြောင့် ဒီ ဂျပန်ရောက်နေတဲ့ သူတွေ သွားနေတဲ့ သူတွေကို အားကျ အထင်ကြီးနေရတာလဲ ဘာဖြစ်လို့လဲဆိုပြီး အနီးစပ်ဆုံး အဖြေထုတ်ရရင် ဂျပန်ရောက်ရင် ဘောစ့်ဖြစ်ပြီ ဆိုတဲ့ တရားသေ စွဲကိုင်ထားတဲ့ အမြင်တွေကြောင့် ထင်ပါတယ် အဲဒီအမြင်ကြီး ဘာကြောင့် ကျုပ်တို့ လူမျိုး တွေရဲ့ စိတ်ထဲ စွဲနစ်နေရတာလဲ။
ရုပ်ရှင်ကားတွေထဲမှာ မင်းသမီးကို သာမန်ဘဝသမား မင်းသားလေးနဲ့ အပြိုင် လိုက်တဲ့ သူက ဂျပန်ပြန် သူဌေး ဇာတ်ရုပ် တွေနဲ့ အရေထူအောင် မြင်ခဲ့ရလို့လား နောက် ကြီးကျယ်တဲ့ မင်္ဂလာပွဲတွေမှာ သတို့သား သတို့သမီး အောက်က ခေတ္တဂျပန် ဆိုတဲ့ စာတန်းတွေကြောင့်လား ဒီလူက ဂျပန်က ပြန်လာတာလေလို့ တစ်ယောက်ယောက်က မိတ်ဆက် ပေးရင် အဲဒီလူရဲ့ အနေအထားက ချမ်းသာနေတာ မြင်ရလို့လား ထားပါတော့ အကြောင်းတွေ ရှိလို့ အကျိုးဖြစ်လာတယ် ဆိုရင်တောင် ဂျပန်ကို ရောက်တာနဲ့ ဂျပန်ကပြန်တာနဲ့ သူဌေးဖြစ်ပြီဆိုတဲ့ အနေအထားတစ်ခုဟာ ဆယ်စုနှစ် တစ်ခုကျော် လောက် ကျန်ခဲ့ပါပြီ။
ဒါကို ကျွန်တော်တို့ မသိခဲ့ဘူး ခုထိလည်း ဂျပန်ရောက်ရင် ချမ်းသာမယ်ဆိုတဲ့ အမြင်က မပျောက်ကြသေးဘူး ဥပမာ တစ်ခု ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ လွန်ခဲ့တဲ့ ၁၀ နှစ်က သိန်း ၁၅၀ တန် တိုက်ခန်းရောင်းပြီး ဂျပန်လာခဲ့တဲ့ လူတစ်ယောက် ဟာ ခုချိန် သူရောင်းလာတဲ့ တိုက်ခန်းရဲ့ လက်ရှိ ပေါက်ဈေးတန်ဖိုးကို ပိုက်ပြီး ပြန်နိုင်သလားလို့ ဘယ်လိုလုပ် ပြန်နိုင်မှာလဲ အဲတော့ တစ်လတစ်လ နဖူးကချွေး ခြေမကျအောင်ရှာ ဘယ်တော့မှ ပြောင်းလဲ မလာတဲ့ ပုံမှန် လစာလေးကိုင်ပီး ပြောင်းလဲသွားတဲ့ လိုက်မမှီတော့တဲ့ ပြည်တွင်းက တန်ဖိုးတွေ ရပ်တည်မှုတွေ ကြည့်ပြီး ငိုင်နေကြရ တော့ တယ်။
မြန်မာပြည်က တိုက်ခန်းတွေ မြေဈေးတွေ တက်သွားခဲ့လို့ အကြောင်းတစ်ခုတည်းနဲ့ ပြန်မရကြတော့တာလား ဆိုတော့ လည်း မဟုတ်ပြန်ဘူး ဂျပန်မှာ နှစ်ကြာလေ ဒီက လူနေမှုဘဝနဲ့ အံဝင်ဂွင်ကျလာလေ ဒီမှာ သူများတန်းတူ နေထိုင် စားသောက် ဝတ်ဆင်ဖို့အတွက် ကုန်ကျစရိတ်တက်လာလေ .. ရောက်စကလောက် ဘယ်သူမှ မစုမိ မဆောင်းမိတာ အမှန်တရားတစ်ခုပါ အကောင်းဆုံးက နှစ်နည်းနည်းနေ ရသလောက်စု ပြီးရင်ပြန် ဒီလိုမှ မဟုတ်ရင် ဂျပန်လူနေမှုဘဝက ကိုယ့်လစာတွေကို တစ်ရက်ထက် တစ်ရက် တစ်လထက် တစ်လ အမှည့်ခြွေ ခြွေသွားတော့တာပါပဲ။
ဒီလို မအေး သူ့အမေရိုက် လုံးလည်ချာလည် ရိုက်နေတုန်းမှာ ဂျပန်ဆို အထင်ကြီးတဲ့ ဂျပန်ပြန်ဆို သူဌေးဖြစ်ပြီလို့ သတ်မှတ်ထားတဲ့ အမြင်တွေနဲ့ ပတ်ဝန်းကျင်ကြား ပြန်ချသွားဖို့ဆိုတာ ကိုယ့်ပိုက်ဆံအိတ်လေး ကိုယ်ကြည့်ပြီး ကိုယ့် ဘဏ်စာရင်းလေး ကိုယ်ကြည့်ပြီးတဲ့အခါ ဒီမှာ ဆက်နေတာမှ လူရှိန်သေးတယ် ဆိုပြီး ဂျပန်မှာ နှစ်တွေ ကြာကုန်ကြတာပဲ အဲတော့ ကျွန်တော် ပြောချင်တာ တစ်ချိန်တုန်းကတော့ ဂျပန်နိုင်ငံဆိုတာ ဘဝကြီးပွားချမ်းသာဖို့အတွက် ထွက်ပေါက် လမ်းကြောင်းတစ်ခု ဖြစ်ကောင်း ဖြစ်ချင် ဖြစ်ခဲ့လိမ့်မယ် အခုတော့ ပြောင်းလဲလာတဲ့ ခေတ်တွေ စနစ်တွေအရ မြန်မာ လူငယ်တွေအတွက် ရာနှုန်းပြည့် ကြီးပွားမယ့် လမ်းကြောင်းတစ်ခုလို့ အာမ မခံနိုင်တော့တာ အသေအချာပါပဲ။
ခုချိန်ထိ ဂျပန်ဆိုတာ မြန်မာလူငယ်တွေအတွက် ဟီးရိုးနိုင်ငံ ဖြစ်နေတုန်းပဲမို့ မလာပါနဲ့ မတားပါဘူး တားလို့လည်း လက်ခံကြမှာ မဟုတ်ပါဘူး ဒါပေမယ့် .. ဂျပန်နဲ့ ပတ်သတ်ပြီး လာရခက် ပြန်ရခက် ဆိုတာ ဒီမှာ အရမ်းကြီးပွားနေလို့ မဟုတ်ပဲ ဘာမှ ဖြစ်မလာလို့ ပြန်ရခက်တယ် ဆိုတာလေး နားလည်ကြရင်ပဲ တော်ပါပြီ။
ပြန်ရခက်သူတစ်ယောက်