“ဘုရားဟောခဲ့တဲ့ မဲဆွယ်တရား (၄) ပါး” – မဲဆွယ်တယ်ဆိုတာ စည်းရုံးတာပါ ဒီလိုအဓိပ္ပာယ်ရပါတယ်
“ဘုရားဟောခဲ့တဲ့ မဲဆွယ်တရား (၄) ပါး”
မဲဆွယ်တယ်ဆိုတာစည်းရုံးတာပါ စည်းရုံးတယ်ဆိုတာ စည်းလုံးချင်လို့ ဒီလိုအဓိပ္ပာယ်ရတယ် စည်းစည်းလုံးလုံးစိတ်တူကိုယ်တူဖြစ်အောင် ပြောဆိုစည်းရုံးကြတာပေါ့ ဘာအတွက် စည်းလုံးချင်တာတုန်းဆိုရင် အစုအဖွဲ့ အစည်းအရုံး အသင်းအပင်း အသိုက်အဝန်း နယ်မြေဒေသ နိုင်ငံပြည်ထောင်ကောင်းကျိုးချမ်းသာရေး အတူတူ လုပ်ကြမယ်ကိုင်ကြမယ် ဆိုတဲ့အရေးအတွက် ညီညွတ်ကြမယ်ဟေ့လို့ ဟစ်ကြွေးကြတာလို့ ပြောရမယ်
မိသားတစ်စု ပဲဆိုဆို နိုင်ငံတစ်ခုပဲပြောပြော စည်းလုံးညီညွတ်ဖို့ကို စည်းရုံးရေးတရားလို့ခေါ်မလား ဒါမှမဟုတ် မဲဆွယ်တရားပဲပြောမလား ဘယ်လိုပြောပြော ပြောလို့ရတဲ့ တရားကို ဘုရားကဟောထားတယ် သင်္ဂဟတရား ( သင်္ဂဟဝတ္ထု ) လေးပါးတဲ့ ဟောကြားထားပြီးသားရှိတယ် တကယ်တော့အဲ့ဒါဟာ မဲဆွယ်တရားပါပဲ
“မဲဆွယ်နည်း ၄ မျိုး”
(၁) ဒါန = ပြည်သူတွေ လိုအပ်နေတာကို ပေးရမည်။
(၂) ပေယျဝဇ္ဇ = ချစ်ဖွယ်စကား ပြောကြားပေးရမည်။
(၃) အတ္ထစရိယာ = ပြည်သူအကျိုးစီးပွားကို ပြုကျင့်ရွက်ဆောင်ပေးရမည်။
(၄) သမာနတ္တတာ = မိမိနှင့် ပြည်သူ တန်းတူ ထား၍ ဆက်ဆံရမည်။
ဒီ (၄)မျိုးဟာ မြတ်စွာဘုရား ပေးခဲ့တဲ့ ဒီမိုကရေစီနည်းလမ်းကျ ပြည်သူတွေ ကိုယ့်ဘက်ပါအောင် စည်းရုံးနည်း, သိမ်းသွင်းနည်း, သွေးဆောင်နည်း, မဲဆွယ်နည်းပဲ ဖြစ်ပါတယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကလည်း မိသားစုတိုင်း ဥမကွဲသိုက်မပျက်နေနိုင်ရေး တရားတော်ဆိုပြီးဟောကြားခဲ့ဖူးတယ် ကျွန်တော်တို့မြန်မာပြည်ကြီးဟာပြည်ထောင်စုကြီးဆိုတော့ ဒီဥမကွဲသိုက်မပျက်တရားတော်ဟာ မိသားစုဆိုတဲ့ပြည်ထောင်စုကြီးနဲ့အလားသဏ္ဍာန် တူပါတယ် ဆင်ခြင်နိုင်ကြဖို့ရာ ဓမ္မဒါနပဲဖြစ်ဖြစ် မဲဆွယ်တရားလို့ပဲခေါ်ခေါ် တင်ပြလိုက်ပါတယ် ဘုရားဟောတဲ့ မဲဆွယ်တရားလို့သာမှတ်ပါ နာယူကြည့်ကြပါ
“မိသားစုတိုင်း ဥမကွဲ သိုက်မပျက် နေနိုင်ကြရန် သင်္ဂဟတရားလေးပါး ” လောကလူတွေက နေ့စဉ်နှင့်အမျှ ဒီစားဝတ်နေရေးကသာ အရေးကြီးတယ်လို့ ထင်နေကြတာ။ စားဝတ်နေရေးတင် လုံးပန်းပြီး လိုက်နာကျင့်သုံးရမည့် သဘာဝတရားတွေ မျက်ကွယ်ပြုထားမယ်ဆိုလို့ရှိရင် ပြဿနာတွေ မျိုးစုံတက်မယ်။ ဆင်းရဲဒုက္ခတွေ ရောက်ကြမယ်။ စီးပွားဥစ္စာ ဘယ်လိုပဲ တိုးတက် တိုးတက် စိတ်ချမ်းသာမှု မရကြဘူး။ တဦးနဲ့တဦး ပြဿနာတွေ တက်ပြီးတော့ ကွဲကြ ၊ ပြဲကြ ဒီလိုတွေ ဖြစ်ကြတာပေါ့။
အဲဒါကြောင့်မို့လို့ စီးပွားရေး တခု၊ စားဝတ်နေရေး တခုတည်းကိုသာ အာရုံမပြုဘဲနဲ့ တို့တတွေမှာ ရှိသင့်ရှိထိုက်တဲ့ စိတ်နေစိတ်ထားတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေက ဘာတွေလဲ ဆိုတာ မျက်ခြေမပြတ် စဉ်းစားထားဖို့ လိုအပ်တယ်။ မိသားစုကြီးဟာ အသိုက်အအုံပဲ။ မြန်မာစကားမှာ ပြောကြတယ် “ဥမကွဲ သိုက်မပျက်”တဲ့။ အဲဒီလို နေဖို့ ဆိုတာဟာ အကြောင်းမဲ့ မဖြစ်နိုင်ဘူး။ အကြောင်း ရှိပါတယ်။ အဲဒီအကြောင်းတွေက စည်းရုံးရေးအနေနဲ့ ဘာတွေတုံးလို့ သင်္ဂဟဝတ္ထုလေးပါးကို မြတ်စွာဘုရားကဟောထားတာ။ “သင်္ဂဟဝတ္ထု လေးပါး” ဆိုတာ စုစည်းနိုင်တဲ့ အကြောင်းတရားလေးမျိုးကို ခေါ်တယ်။ အဲဒီအကြောင်း တရားလေးမျိုးဟာ ဘာလဲ။
နံပါတ် (၁)က ဒါန – အပြန်အလှန် ပေးကမ်းခြင်း။ “ဒါန”လို့ ဆိုလိုက်တာနဲ့ အလှူအတန်းကြီး လုပ်တယ်လို့ စိတ်ထဲမှာ မအောက်မေ့နဲ့။ “ဒါန”ဆိုတာ အပြန်အလှန် ပေးကမ်းတာ။ ဥပမာ – မွေးနေ့ဆိုရင် မွေးနေ့လက်ဆောင် ပေးတာ ရှိတယ်။ နှစ်ဦးကာလဆိုရင် နှစ်ဦးလက်ဆောင် ပေးတာ ရှိတယ်။ သူ့မွေးနေ့ ကိုယ့်မွေးနေ့၊ နေ့ထူး နေ့မြတ် မှတ်မှတ်သားသား လက်ဆောင်ပေးကြတယ်။ ခရီးဝေးက ပြန်လာကြရင် လက်ဆောင်ပေးကြတယ်။ အပြန်အလှန် ဒီလို ပေးတာ၊ ကမ်းတာဟာ စုစည်းမှု တခုဖြစ်တယ်။ မိသားစုထဲမှာ ဒါမျိုးကို လုပ်ဖြစ်အောင် လုပ်ဖို့ လိုအပ်တယ်ပေါ့။
ဥပမာ – သားသမီးလုပ်တဲ့ပုဂ္ဂိုလ်က တမြို့တနယ်သွားပြီး ပြန်လာတဲ့အခါကျတော့ အမေ အဖေကို ဟောဒါ အမေကြိုက်တတ်တာလေး ဝယ်လာတယ်။ အဖေကြိုက်တတ်တာလေး ဝယ်လာတယ်။ ညီအစ်ကို မောင်နှမတွေလည်း ငါ့ညီ ကြိုက်တတ်တာ။ ငါ့အစ်ကို ကြိုက်တတ်တာ။ ငါ့ညီမ ကြိုက်တတ်တာဆိုပြီး တန်ဖိုးမကြီးပေမယ်လို့ သူကြိုက်တတ်တာလေး ဝယ်လာပြီးတော့ လက်ဆောင်ပေးတယ်။ အဲဒါလည်း စည်းရုံးရေးတစ်ခုပဲ။ မြတ်စွာဘုရားက ဒါကို မမေ့ရအောင် ဟောထားတာ။ ကိုယ့်အိမ်မှာ ဟင်းလေးချက်ထားရင် အမေဆီ ပို့ပေးတယ်။ အဖေဆီ ပို့ပေး။ ညီအကို မောင်နှမတွေ ခွဲဝေစား။ ဟော ဒါနပဲ၊ အဲဒီလို ပေးကမ်းခြင်းဟာ တဦးနဲ့တဦး မေတ္တာနှောင်ကြိုး ခိုင်မြဲစေတယ်။ Society(အသင်းအဖွဲ့ လူမှုကွန်ယက်) ကို ခိုင်မာစေတယ်။ အသင်းအဖွဲ့တခုကိုလည်း ခိုင်မာစေတယ်။ ဒါအရေးကြီးတာတခု ဖြစ်တယ်ပေါ့။
အေး .. ပေးရုံ ကမ်းရုံနဲ့ ပြည့်စုံပြီလားဆိုတော့ မပြည့်စုံသေးဘူး။ နောက်တခု လုပ်ဖို့ လိုသေးတယ်၊ တချို့လူတွေက ပေးတော့ ပေးပါရဲ့။ အပြောကျတော့ ရိုင်းတယ်။ ပြောတာ၊ဆိုတာ ကြမ်းတယ်ပေါ့။ ဟော ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်မယ်ဆိုရင် မေတ္တာပျက်သွားတတ်တယ်။ စည်းရုံးရေး ပျက်သွားတတ်တယ်။ တဦးနဲ့တဦး ဆက်ဆံပေါင်းသင်းတဲ့အခါမှာ အပြော အဆို အင်မတန်မှ အရေးပါတယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက နံပါတ်(၂)အနေနဲ့ “ပေယျဝဇ္ဇ” – ကြင်နာတဲ့ စကားမျိုး ပြောတတ်ရမယ်တဲ့။ ယဉ်ကျေးတဲ့ စကားမျိုး ပြောရမယ်။ အသင်းအဖွဲ့ထဲမှာ အသင်းသား တဦးနဲ့တဦး၊ မိသားစုထဲမှာ ညီအစ်ကို မောင်နှမတွေ တဦးနဲ့တဦး ရိုင်းပြတဲ့ စကားမျိုးတွေ မပြောဘဲနဲ့ ကြင်နာတဲ့စကား၊ ယဉ်ကျေးတဲ့စကားမျိုးတွေ ပြောဖို့ လိုအပ်တယ်တဲ့။ ဒါလည်းပဲ အင်မတန်မှ ထိရောက်တဲ့ စည်းရုံးရေးတခုပဲ ဖြစ်တယ်။
အေး … တချို့ကျတော့ ပေးတာကိုလည်း အလေးအနက် မထားဘူး။ စကားချိုချိုသာသာ ပြောတာကိုလည်း အလေးအနက် မထားဘူး။ ဘာကို အလေး အနက် ထားတုံးဆိုလို့ရှိရင် သူ့မှာ ကိစ္စဝိစ္စရှိတယ်။ ဆောင်ရွက်လုပ်ကိုင်စရာရှိလို့ရှိရင် ဝိုင်းဝန်းပြီးတော့ ကူညီလုပ်ကိုင်ပေးတယ်။ အဲဒါကို တန်ဖိုးထားတဲ့လူမျိုးကလည်း ရှိသေးတယ်။ အဲဒီတော့ မိသားစုထဲမှာ သူ့တာဝန်၊ ကိုယ့်တာဝန် ခွဲခြားသတ်မှတ်ထားပေမယ်လို့ တခါတရံ မနိုင်မနင်း ဖြစ်နေတာမျိုးတွေတို့၊ အကူအညီလိုအပ်နေတဲ့ နေရာမျိုးတွေ ဝင်လုပ်ပေးတာမျိုး။ ဒါဟာလည်းပဲ အင်မတန်ကောင်းတဲ့ စည်းရုံးရေး တခုပဲတဲ့။ အဲဒါကို “အတ္ထစရိယာ”လို့ ခေါ်တယ်။ အတ္ထစရိယာ = သူရဲ့အကျိုးကို ပြုကျင့်ပေးတာ။ သူ့ အကျိုးကို ဆောင်ရွက်ပေးတာ။ သူရဲ့ကိစ္စကို ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးတာ။ ဒါလည်း မိတ်ဆွေတွေကြားထဲမှာ လိုအပ်တဲ့ အချက်တခုပဲ ဖြစ်တယ်။
ဟော .. နောက်တစ်ခုက ဘာတုံးဆိုလို့ရှိရင် “သမာနတ်တတာ”- တန်းတူရည်တူ ထားခြင်း၊ဆက်ဆံခြင်း။ လောကမှာ သိပ်အထင်သေးပြီး ဆက်ဆံကြမယ် ဆိုရင် မခံနိုင်ကြဘူး ဒါသဘာဝပဲ။ ဘာတွေပေးပေး၊ ချိုချိုသာသာ ဘယ်လိုပဲ ပြောပြော၊ ကိုယ့်ကိစ္စတွေ ဘယ်လိုပဲ လုပ်ပေးလုပ်ပေး၊ အထင်သေးခံရတဲ့ပုဂ္ဂိုလ်က စိတ်ထဲမှာ အင်မတန်မှ နာကြည်းတတ်တယ်။ ဒါ့ကြောင့်မို့လို့ ကိုယ်နဲ့တန်းတူထားပြီးတော့ ဆက်ဆံနိုင်ရမယ်တဲ့။ ဆက်ဆံရေးမှာ ကိုယ်နဲ့ တန်းတူထားပြီးတော့ ဆက်ဆံကြည့်။
ဒါလေးတွေဟာ သာမန်ကြည့်လိုက်တော့ ဘာမှမဟုတ်တဲ့ ကိစ္စလေးလို့ ထင်ကောင်းထင်ကြမယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အခုပြောခဲ့တဲ့ “ဒါန”ဆိုတဲ့ တဦးနဲ့ တဦး အပြန်အလှန် ပေးကမ်းခြင်း၊ “ပေယျဝဇ္ဇ”ဆိုတဲ့ ကြင်နာတဲ့စကားကို ပြောဆိုခြင်း၊ “အတ်ထစရိယာ” ကိစ္စဝိစ္စရှိရင် ကူညီဆောင်ရွက်ပေးခြင်း၊ “သမာနတ်တတာ” ကိုယ်နဲ့ တန်းတူထားပြီး ဆက်ဆံခြင်းဆိုတဲ့ ဒီအချက်လေးချက်အတိုင်း မလိုက်နာဘူးဆိုရင်တဲ့ အမေ၊အဖေပင် ဖြစ်ပါစေ၊ သားသမီးဆီက အကျိုးရမှာ မဟုတ်ဘူးတဲ့။ ဒီလို ဟောထားတာနော်။ ဘယ်လောက်အထိ အရေးကြီးလဲ ဆိုလို့ရှိရင် လှည်းဘီးတို့ ၊ မြင်းလှည်းဘီးတို့မှာ “နားပန်းစောင့်” ဆိုတာ ရှိတယ်။ ဘီးကျွတ် မထွက်သွားအောင် ကန့်လန့်ကလေး ခံထားတာ။
ကားတွေကျတော့လည်း တစ်မျိုးပေါ့နော်။ ဘီးကျွတ်မထွက်သွားအောင် တပ်ထားတဲ့ ကန့်လန့်ခံပြီး တပ်ထားတဲ့ အချောင်းလေးကို “နားပန်းစောင့်”လို့ခေါ်တယ်။ ဒါလှည်းနဲ့ ပတ်သက်လို့ ပြောတာပေါ့။ အဲဒီတော့ ဘီးမကျွတ်အောင် တပ်ထားတဲ့ ကန့်လန့်၊ ကားနဲ့ဆိုရင် နပ်တို့ ဘာတို့ပေါ့။ အင်မတန်မှ အရေးကြီးတယ်။ ကျွတ်ထွက်သွားလို့ရှိရင် ဒီကား၊ ဒီလှည်း ရှေ့ကို ဆက်သွားနိုင်မှာ မဟုတ်တော့ဘူး။ အဲဒါမျိုးပဲ လူ့ရဲ့ Societyအသင်းအဖွဲ့ကြီး၊မိသားစုကြီးဟာ ဒီသင်္ဂဟဝတ္ထုလေးပါးဟာ နားပန်းစောင့်နဲ့ အလားတူတယ်။ မောင်းနေတဲ့ကား ဘီးကျွတ်ထွက်သွားပြီဆိုရင် အင်မတန်အန္တရာယ်ကြီးတယ်ပေါ့။ အဲဒီအန္တရာယ်ကြီးလိုပဲ။ မိသားစုထဲမှာ တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းကွဲပြားသွားကြပြီး မတည့်ကြဘူးဆိုရင် ဒါအန္တရာယ်ကြီးတစ်ခုဖြစ်တယ်။ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက သင်္ဂဟတရားလေးပါးအတိုင်း လိုက်နာဖို့ ဆိုပြီး ဟောထားတာ ဖြစ်တယ်။…။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။
သင်္ဂဟလေးပါး နဲ့ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲအောင်စောင့်ရှောက်နိုင်ကြပါစေ (Pi Lon)