ကလေးက ပြန်သင်ပေးတဲ့ သမိုင်း၊ မနူဟာမင်းနဲ့ ဂျင်းသမိုင်းတွေကို အလွတ်ကျက်ခဲ့ရတဲ့ မျိုးဆက်

ကလေးက ပြန်သင်ပေးတဲ့ သမိုင်းသင်ခန်းစာ

ဒီနေ့ညနေမှာ ကျနော်အသိ ညီမတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ ယနေ့မြန်မာပြည် ဖြစ်ပျက်နေတာတွေကိုလည်း ပြောဖြစ်ပါတယ်။

Child Education ကလေးတွေ ပညာရေးအကြောင်းပြောရင်း သူက လူငယ်တွေကို လမ်းပြတဲ့အလုပ်ဟာ ကျနော်နဲ့ အကိုက်ဆုံးပဲလို့ပြောပါတယ်။

သူ့သမီးလေးက ၈ နှစ်ကျော်လောက်ရှိပြီး English လိုလည်းရတော့ တွေ့သမျှအကုန်ဖတ်ပါတယ်။ သူကသူ့သမီးကို မြန်မာစာနဲ့ မြန်မာ့သမိုင်းကို မဖြစ်မနေ သင်ပေးပါတယ်။ သူ့သမီးလေးက အရမ်းချစ်စရာကောင်းပြီး လိမ္မာယဉ်ကျေးပါတယ်။ အဲ့ဒီမှာ သူက သူ့သမီးကို မြန်မာ့သမိုင်းသင်မရကြောင်း ပြောပါတယ်။

သူ့သမီးပြောတာက သူမြန်မာဘုရင်တွေကို အထင်ကြီးလို့မရဘူးတဲ့။ မြန်မာ့သမိုင်းမှာ လမ်းပြအဖြစ် သင်ခန်းစာ ယူစရာ ကောင်းကောင်းမရှိဘူးတဲ့။ သူက ကျန်စစ်သားကိုတော့ လက်ခံပါတယ်။ ရာဇကုမာရကျောက်စာဘာညာကို အမေကပြတော့ အပြင်မှာမြင်ဖူးထားတာကိုး။

သူပြောတဲ့အချိန်မှာ ကျနော့်ခေါင်းထဲမှာ ကျနော်ပုဂံမှာ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို သွားသတိရပါတယ်။ ၂၀၁၄ နိုဝင်ဘာလမှာ နိုင်ငံခြားသူ သူငယ်ချင်းတွေနဲ့ ပုဂံကို သွားလည်ပါတယ်။ ကျနော်က သမိုင်းစိတ်ဝင်စားသူဆိုတော့ ပုဂံဘုရားတွေရဲ့သမိုင်းကို ရှင်းပြပါတယ်။

မနူဟာဘုရားရောက်တော့ ကျနော်တို့ထဲကတစ်ယောက်က ခေါင်းမူးပါလေရော။ ကျနော်ပြောပြနေတဲ့အချိန်မှာ မနူဟာဘုရားရဲ့ကျဉ်းကျပ်မှု အငွေ့အသက်က သူ့ကိုခပ်ပြင်းပြင်းသွားရိုက်ပါတယ်။ သူဟာ အဲ့ဒီနေ့တနေ့လုံး ခေါင်းမထောင်နိုင်ပါ။ ကျနော်ကတော့ တော်လိုက်တဲ့ မနူဟာမင်း။ သူခံစားရတဲ့ ခံစားချက်ကို ဘုရားကိုလာဖူးတဲ့သူတွေကို ပေးစွမ်းနိုင်စွမ်းရှိတယ်လို့ တွေးပါတယ်။

အဲ့ဒီမှာ စောနကခေါင်းမူးတဲ့တစ်ယောက်က သူ့ကို Supernatural effect တစ်ခုခု သက်ရောက်ကြောင်း တည့်တည့်ပြောရရင် မနူဟာမင်းက တစ်ခုခုပြောနေသလိုမျိုး ခံစားရတယ်လို့ ဆိုပါတယ်။ နောက်နေ့မှာ သူ့ကိုပြန်ရွှင်လန်းလာအောင် အတော်လုပ်ယူခဲ့ရပါတယ်။ ထားပါတော့လေ။

အခုကျနော် puzzle တစ်ခုကို ဆက်စပ်ကြည့်မိသလို ဆက်စပ်တွေးမိတာက မနူဟာမင်းဟာ အနော်ရထာကို ဗိဋကတ်သုံးပုံမပေးလို့ စစ်သွားတိုက်ယူခဲ့ရတယ်ဆိုတာ တကယ်ပဲလား။

နပိုလီယံက သမိုင်းဆိုတာ လူတွေ သဘောတူပြီး ရေးခဲ့တဲ့ အလိမ်ဇာတ်လမ်းတစ်ပုဒ်လို့ ပြောခဲ့တယ်။ ကျနော် ပြန်တွေးကြည့်တယ်။ အဲ့လိုပြန်တွေးအောင်လည်း ကျနော့်အသိညီမရဲ့ အသက် ၁၀ နှစ်မပြည့်သေးတဲ့ သမီးလေးက လှုပ်နှိုးနေပြီ။

တွေးကြည့်ဗျာ။ ဘာသာသာသနာ ပြန့်ပွားချင်လို့ စစ်တိုက်တယ်လို့ပဲ ကြားဖူးတယ်။ ပြန့်ပွားအောင်အတင်း အဓမ္မလုပ်တယ်ပဲ ကြားဖူးတယ်။ လက်တွေ့လည်း တွေ့နေရတယ်။

ကိုယ့်ဘာသာကို ကိုးကွယ်ချင်လွန်းလို့ ကိုးကွယ်ပါရစေဆိုပြီး ဗိဋကတ်သုံးပုံ လာတောင်းသူကို မပေးဘူးဆိုတာဟုတ်ပါ့မလား။ ကျမ်းစာတွေကို အသာတကြည်ကူးပေးလိုက်လို့ရရဲ့သားနဲ့ ကျမ်းစာနဲ့နိုင်ငံလဲသတဲ့လား။ သဘောရိုးနဲ့ ကျမ်းစာလာယူတာပဲဆိုပြီး ကြိုတင်မပြင်ဆင်ထားခဲ့လို့ မနူဟာမင်းခံလိုက်ရတာလား၊ မနူဟာမင်းကို စိတ်ပုပ်တဲ့ လူကြီးလုပ်ပြီး ကိုယ်က ဒါကြောင့် တက်သိမ်းရပါတယ်ဆိုတာကို ကျနော်တို့က ဘိုင်ဟတ်ကျက်ပြီး စာမေးပွဲမှာ ပြန်ဖြေခဲ့ရသတဲ့ဗျာ။

မနူဟာမင်းသာအသက်ရှိနေရင်သူဘာပြောလိမ့်မလဲ၊ ​မဟာ … ကြီးမြတ်လေသော သမိုင်းကြောင်းများဆိုတာဘာတွေများပါလိမ့်၊ အင်း … အိုဟောင်းသောနံရံအုတ်ချပ်များက ကျနော့်ကိုလှောင်ရီနေလိမ့်မလားမသိဘူး။

အနော်ရထာမင်းကို ဗုဒ္ဓဘာသာပြန့်ပွားစေခဲ့လို့ ကျနော်ကျေးဇူးတင်တယ်။ ဒါပေမယ့် ကျနော်ဂျင်းတော့ မကြိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မတရားတာ မှန်သမျှကို ကျနော်မကြိုက်ဘူး။ မနူဟာမင်း စစ်ရှုံးတာကို လက်ခံပေမယ့် သူ့ကို ဒါကြောင့် တက်သိမ်းရပါတယ်လို့ ဗီလိန်အဖြစ် သမိုင်းတွင်နေတာကို ကျနော်မနှစ်သက်ဘူး။

ကျနော်တို့ရဲ့ နောင်လာနောက်သားတွေကိုလည်း ဂျင်းတွေ အတုံးလိုက်မမျိုစေချင်ဘူး။ ဟိုးသမိုင်းစကတည်းက မရှိရှိတဲ့အကြောင်းပြပြီး မတရားအနိုင်ကျင့်ပြီး လက်နက်အားကိုးနဲ့ အာဏာတက်သိမ်းခဲ့တဲ့အစဉ်အလာရှိနေခဲ့တာလား

ယနေ့မတရားတာတွေကို တကယ်မျက်မြင်ကိုယ်တွေ့ တွေ့လာတိုင်းမှာ ကျနော်သမိုင်းအမှန်ကို ပြန်ရှာမိနေပြီ။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page