“ဆင်မာန်စွယ် ငှက်ပျောမတက်” ဆိုတဲ့ စကားအဓိပ္ပာယ်နဲ့ ဆင်မာန်စွယ်အကြောင်း သိကောင်းစရာ
မာန်စွယ်ဆိုသည်မှာ သာမာန်ချိုးထား/ဖြတ်ထား သော အစွယ်မျိုးမဟုတ်ဘဲ ဒေါသဖြစ်၍ တိုက်ခိုက်ထိုးနှက်ကျသောအချိန်တွင် ကျိုးကျန်ရစ်သော အစွယ်ကျိုးကိုခေါ်သည်။
တစ်ချို့မာန်စွယ်များသည် သစ်ပင်များတွင် စိုက်ဝင်လျှက်ရှာဖွေတွေ့ရှိရသလို တစ်ချို့မာန်စွယ်များကတော့ သိဒ္ဓိရှိသော ဂမ္ဘီရပစ္စည်းဖြစ်သဖြင့် အိပ်မက်ပေး၍ တွေ့ရှိရခြင်းများလည်းရှိသည်။
ယခုမာန်စွယ်ကတော့ အိပ်မက်အရ ညောင်ပင်အတွင်းမှ ရရှိသော ဆင်မာန်စွယ် ဖြစ်သည်။ အလေးချိန် ငါးကျပ်သားရှိသော မာန်စွယ်ဖြစ်သည်။
ငှက်ပျောမတက်ဆိုသည်မှာကား သိဒ္ဓိဝင်အစွမ်းရှိသော ဆင်မာန်စွယ်၊ ဝက်မာန်စွယ်၊ ဓါတ်လုံးများအား စမ်းသပ်ကြသော စမ်းသပ်နည်းများထဲမှ တစ်ခုဖြစ်သည်။ ငှက်ပျောပင်အလယ်အူတိုင်သည် ဖြတ်ပြီး ငါးမိနစ် ဆယ်မိနစ်အတွင်းမှာတွင် တစ်လက်မခန့် ပြန်ထွက်လာပေသည်။
ဆင်မာန်စွယ်၊ ဝက်မာန်စွယ်များအား ငှက်ပျောပင်ကိုခုတ်ဖြတ်ပြီး တင်ထားပါက အချိန်တော်တော်ကြာသည်အထိ ငှက်ပျောပင်မှ ထွက်မလာနိုင်သောအခါမှ အစွမ်းရှိသည်ဟု သတ်မှတ်ယူဆကြပေသည်။
ယခုမာန်စွယ်ကတော့ နာရီဝက်ခန့် ငှက်ပျောမတက်ဟု သိရှိရသည်။ မာန်စွယ်များအား အပွင့်ပိုင်း အားသန်မသန် အပိတ်ပိုင်း အားသန်မသန် စမ်းသပ်နည်းများလဲ ရှိပေသေးသည်။
ဥပမာ လူစည်ကားရာလမ်းလယ်ခေါင်တွင် မာန်စွယ်အားတိုင်တွင်ချိတ်၍ချထားလျှင် လူများ မော်တော်ယာဉ်များ ဝင်တိုက်သွား ကြတာများခြင်း၊ ရှောင်ကွင်းသွားကြတာများခြင်း၊ လက်နှင့်ရိုက်ပုတ်သွားသည်များရှိခြင်းတို့အား ကြည့်၍ ဆုံးဖြတ်ကြပေသည်။ (အလျဉ်းသင့်ပါက ထပ်မံဖော်ပြပေးပါမည်)
မာန်စွယ်များအား အဆောင်ရုပ်ထုလုပ်စီရင်၍ ပါးစပ်တွင်ငုံကာ ကာယသိဒ္ဓိပိုင်း ပြီးမပြီး စမ်းသပ်နိုင်ပေသည်။ စီရင်နည်းစနစ်များလဲ များစွာရှိပေသည်။
ဂမ္ဘီရလောကီပစ္စည်းများသည် “ဒီနေရာမှာ အစွမ်းပြသော်လည်း ဟိုနေရာမှာ ပြချင်မှ ပြသည်” ဆိုသော အချက်များလဲရှိပေသည်။ တန်ဘိုးရှိသော သိဒ္ဓိဝင်ပစ္စည်းများသည် အဖိုးထိုက်တန်ကြောင်းသိရှိကြသဖြင့် ဝိသမလောဘသမားများမှ လိမ်လည်ခြင်းများ ရှိကြသောကြောင့် သတိပြု၍ ဝယ်ယူသင့်သည်။
ဂမ္ဘီရလောကပစ္စည်းများအား စိတ်ဝင်စားသူ အချင်းချင်း လေ့လာဖတ်ရှုနိုင်စေရန်အတွက် မျှဝေခြင်းအလို့ငှာ ရေးသားတင်ပြခြင်းဖြစ်သည်။
ကျန်းမာချမ်းသာကြပါစေ
ဇော်မြတ်မင်း (မြစကြာကျောင်းသား)
ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်း
အင်း/စမ၊ ဆန်း နှင့် တားရော့ဗေဒကျောင်းသား