မော်တော်ယာဉ်သံ ဆူညံသော လမ်းမအနီးတွင် နေထိုင်သူများ အဝလွန်နိုင်ကြောင်း လေ့လာတွေ့ရှိ
မော်တော်ယာဉ်သံ ဆူညံသော လမ်းမအနီးတွင် နေထိုင်သူများ အဝလွန်နိုင်ကြောင်း ဗြိတိန်ပညာရှင်များ လေ့လာတွေ့ရှိ…
ယာဉ်အသွားအလာများ ဖြင့် ဆူညံပွက်လောရိုက်နေသည့် လမ်းမနံဘေး နေထိုင်ကြသူများသည် ဝိက်တက်ပြီး အဝလွန်နိုင်သည့်အန္တရာယ် ပိုများကြောင်း လေ့လာမှုတစ်ရပ်က ထုတ်ဖော်ခဲ့သည်။ ယာဉ်အသွားအလာများသည့် လမ်းမအနီး နေထိုင်ကြသူများတွင် ခန္ဓာကိုယ်အလေးချိန်နှင့် ခါးအတိုင်းအတာ မြင့်မားလာခြင်း အစရှိ ထို နှစ်ချက်စလုံးနှင့် ဆက်စပ်နေကြောင်း ဗြိတိန်သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။
ဥရောပတစ်ခွင်တွင် အီးယူ က သတ်မှတ်ထားသည့် ကျန်းမာရေးအခြေခံစံနှုန်းဖြစ်သော ၅၅ ဒီစီဘယ်ထက်ပိုသော ဆူညံသံများ ထုတ်လုပ်လျက်ရှိရာ ကားလမ်းမများအနီးတွင် နေနေကြသူဦးရေ သန်း ၁ဝဝ ကျော်ရှိသည်။ ယခင် လေ့လာမှုများကလည်း မော်တော်ယာဉ်ဆူညံသံများသည် စိတ်ဖိစီးမှု အတိုင်းအတာကို မြင့်တက်စေနိုင်ပြီး ဝိက်တက်ခြင်း၊ အထူးသဖြင့် ခါးတစ်ဝိုက်၌ အဆီပိုများ စုဝေးလာခြင်းတို့ကဲ့သို့ ကျန်းမာရေးဆိုးကျိုးများ ခံစားရစေနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် စင်ကာပူတက္ကသိုလ် သုတေသီများက ဖွင့်ထားလျှင်တောင် မော်တော်ယာဉ်ဆူညံသံများအား ထက်ဝက် လျှော့ချပေးနိုင်စွမ်းရှိသော ဆူညံသံပယ်ဖျက်ပေးသည့် ပြတင်းပေါက်ဒီဇိုင်းကို ထုတ်ဖော်ပြသခဲ့သည်။
‘‘လမ်းပေါ်က မော်တော်ယာဉ် ဆူညံသံတွေဟာ စိတ်ဖိစီးမှု အတိုင်းအတာကို မြင့်တက်စေနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် ဝိတ်တက်တာတို့၊ အထူးသဖြင့် ခါးတစ်ဝိုက်မှာ အဆီတွစုလာတာတို့ ဖြစ်လာနိုင်ပါတယ်။ တချို့လေ့လာမှုတွေမှာလည်း နှလုံးသွေးရပ်ခြင်း၊ ဆီးချို စတဲ့ရောဂါတွေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ကောက်ချက်ဆွဲခဲ့ကြတာတွေ ရှိပါတယ်’’ ဟု လက်စတာ တက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အရေပြားဗေဒပညာရှင် Anna Hansecc က ပြောကြားခဲ့သည်။
ယခုလေ့လာမှုတွင် ဗြိတိန်၊ နယ်သာလန်နှင့် နော်ဝေနိုင်ငံတို့မှ လူ ၅ဝဝဝဝ ကျော်ကို မော်တော် ယာဉ်ဆူညံသံနှင့် အဝလွန်ခြင်းအကြား ဆက်စပ်မှု ရှိ မရှိ သိနိုင်ရန် အတွက် စူစမ်းလေ့လာခဲ့ကြသည်။ ယင်းနောက် သူတို့၏ ကိုယ်အလေးချိန်နှင့် ခါးအတိုင်းအတာကို တိုင်းထွာခဲ့ကြသည်။ ထိုအခါ ဗြိတိန်နှင့် နော်ဝေ နှစ်နိုင်ငံစလုံးတွင် ယင်းဆူညံသံနှင့် ဆက်စပ်မှုအကြား ဆက်စပ်နေသည်ကို တွေ့ရှိခဲ့ရပြီး နယ်သာလန်တွင်မူ ယင်းသို့ ဆက်စပ်မှု မရှိဟု တွေ့ရှိခဲ့ရသည်။ ဆူညံသံ ၁ဝ ဒီစီဘယ်တိုးလာတိုင်း အဝလွန် နိုင်ခြေ ၂ ရာခိုင်နှုန်း ပိုများသွားကြောင်း သုတေသီ Samuel Yutond Cai ပြောကြားခဲ့သည်။