လူသေဆုံးမှသာ အမှုဖွင့်လေ့ရှိသည့် မြဝတီမြို့က လှိုင်စင်မဲ့ကားစီးသူများနှင့် ကားဈေးကွက်
လူသေဆုံးမှ အမှုဖွင့်လေ့ရှိသည့် မြဝတီမြို့က လှိုင်စင်မဲ့ကားစီးသူများနှင့် ဈေးကွက်…
သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရနဲ့ အောက်ခြေ အဆင့် ဒေသဆိုင်ရာ အာဏာပိုင်တွေ ဥပဒေ အတိုင်းဆောင်ရွက်ပေးပါ။ ဒီလို ဓာတ်ပုံသက်သေအထောက်အထားနဲ့ ပြတာတောင် မဖမ်းနိုင်ဘူး၊ မတားဆီးနိုင်ဘူးဆိုရင်တော့ ပြည်ထဲရေးမှာ တာဝန်အရှိဆုံးပါ။
ခေတ်အဆက်ဆက် မြန်မာ့အုပ်ချုပ်ရေးအဖွဲ့အသီးသီးမှ ထိရောက်စွာ မဆောင်ရွက်သည့် လိုင်စင်မဲ့ ကားဈေးကွက် ထိုင်း(မဲဆောက်မြို့)-မြန်မာ(မြဝတီမြို့) သောင်းရင်းမြစ်နံဘေး၌ လိုင်းစင်မဲ့ကားများ မြန်မာနိုင်ငံအနှံ့သို့ ဝင်ရောက်မည့် မြင်ကွင်းဖြစ်ပါတယ်။
လိုင်စင်မဲ့ယာဉ်စီးမှုများပြားသည့် ထိုင်း–မြန်မာနယ်စပ်ဖြစ်သော ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းနိုင်ငံမှ လိုင်စင်မဲ့ယာဉ်များနေ့စဉ်ဝင်ရောက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားပါက လူသေဆုံးမှသာ အမှုဖွင့်တိုင်ကြား အရေးယူလေ့ရှိကြောင်း ကရင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ လူသေဆုံးမှုမရှိသည့် သာမန်ယာဉ်တိုက်မှုအတွက် နားလည်မှုဖြင့်သာ လျော်ကြေးပေး၍ ပြေလည်ခဲ့ကြောင်း သိရသည်။
“မြဝတီမြို့လိုနေရာမှာ အဖွဲ့အစည်းတွေကလည်းရှိတော့ လိုင်စင်မဲ့ယာဉ်တွေစီးနေကြတာရှိတယ်။ တော်ရုံယာဉ်တိုက်မှုလောက်ကတော့ သူတို့ ဘာသာရှင်းကြတယ်။ လူသေမှသာ အမှုဖွင့်တရားစွဲတာများတယ်”ဟု ကရင်ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ဂျပန်နိုင်ငံထုတ်ယာဉ်များမှာ ထိုင်းနိုင်ငံမှတစ်ဆင့် နယ်စပ်မှ မြဝတီမြို့သို့ လိုင်စင်မဲ့အဖြစ် ဝင်ရောက်နေခြင်းဖြစ်ပြီး တစ်လလျှင် ယာဉ်စီးရေ ထောင်သောင်းနှင့်ချီ တင်သွင်းနေကြောင်း သိရသည်။
“မြဝတီမြို့မှာ လိုင်စင်မဲ့ယာဉ်ပဲ စီးတာများတယ်။ လိုင်စင်ရှိယာဉ်က သိန်း ၂၀ဝ လောက်ရှိတယ်။ လိုင်စင်မဲ့မော်ဒယ်မြင့်ကားက ကျပ် ၁၅ သိန်း၊ ကျပ်သိန်း ၂၀ လောက်နဲ့ စီးလို့ရနေတယ်လေ။ ဒီမှာက ယာဉ်တိုက်မှုဖြစ်ရင် တော်ရုံဖြစ်တာဆို အမှုမဖွင့်ကြဘူး။ လျော်ကြေးလောက်နဲ့ပြီးသွား ကြတာများတယ်။ ရဲစခန်းတိုင်ရင်လည်း လိုင်စင်မဲ့ယာဉ်တွေဆိုတော့ ဇာတ်လမ်းရှုပ်လို့လေ။ လူသေရင်တော့ အမှုဖွင့်ပြီး ယာဉ်ကိုသိမ်းလိုက်တယ်။ မောင်းပြေးသွားရင်လည်း နံပါတ်မှတ်လို့မရတော့ တိုင်လို့မရဘူး။ အဖွဲ့အစည်းကယာဉ်တွေဆိုရင်တော့ သူတို့လိုက်ရှင်းပေးတယ်” ဟု မြဝတီမြို့နေ ပြည်သူတစ်ဦးက ပြောသည်။