“လူနာကြည့် မလာပါနဲ့” – ရွှေမြန်မာတို့ သိထားစရာ ဆေးရုံမှာ လူနာကြည့်သွားတဲ့အခါ

“လူနာကြည့် မလာပါနဲ့”

နောက်ဆုံးထွက်သက်ကို ပင်ပမ်းကြီးစွာ ဖြတ်ကျော်ရမယ့် နေရက်တွေ၊ အချိန်တွေ ရောက်လာတဲ့အခါ ကျေးဇူးပြုပြီး လူနာကြည့်၊လူနာအားပေး မလာပါနဲ့တော့…

၁။ စကားပြောဖို့ကိုပင် မနည်းအားယူနေရမယ့်အချိန်မှာ နေကောင်းလား၊သက်သာလားဆိုတဲ့ သင့်မေးခွန်းတွေ မဖြေချင်တော့ပါ။

၂။ ရေမွှေးဆွတ်ပြီး ငါ့အနား လာမရပ်ပါနဲ့ (အမွှေးနံ့၊ချွေးနံ့၊ဟင်းနံ့တွေကိုတောင် မခံနိူင်တော့တာကို သတိပြုမိပါစေ)

၃။ ဝတ္တရားအရ လူနာမေးလာရင်း ဆယ်လ်ဖီလာမဆွဲပါနှင့် (ထွက်ခွာရတော့မယ့် ငါ့ကိုဘေးနားထားပြီး သင်ပျော်ပြမနေပါနှင့်၊ငါ့ကိုချစ်ရင် အားနာပါ၊ သံဝေဂလိုလိုဘာလိုလိုနှင့် ငါချစ်တဲ့သူတွေကို ငါ့ရုပ်သွင်အား မပြပါနှင့်)

၄။ လူနာမေးလာတဲ့အခါ ငါလေလည်ချင်တာတွေ ကျင်ငယ်စွန့်ချင်တာတွေ ကျင်ကြီးစွန့်ချင်တာတွေကို အောင့်ထားရတဲ့အခါ ငါ့အတွက် တကယ်ပင်ပမ်းလွန်းလို့ပါ….

၅။ ငါ မတတ်နိူင်လို့ ဆေးဖိုးဝါးခတွေ ပေးတဲ့အခါ ငါမသိအောင်ပေးပေးပါ။ နောက်ဆုံးထွက်သက်မှာ ကျေးဇူးတရားတွေက ငါ့ကိုအင်အားထက် ဖိအားတွေဖြစ်ချင် ဖြစ်သွားစေနိူင်ပါတယ်….

၆။ ကျေးဇူးပြုပြီး သူများအကြောင်းတွေ ငါ့ကို လာမပြောပါနဲ့ နောက်ပိုင်းသံယောဇဉ်တွေ ဖြတ်ဖို့ကြိုးစားနေရသူအတွက် စိတ်အနှောက်အယှက်ကြီးစွာ ဖြစ်ရပါတယ်… သိလည်း မသိချင်တော့ပါလေ….

၇။ ကလေးတွေ ခေါ်မလာပါနှင့် ကလေးငိုသံ၊ကလေးဆူသံ၊ပြေးလွှားဆော့ကစားသံတွေက ငါ့အာရုံကိုအနှောက်အယှက်ကြီးစွာဖြစ်ရပါတယ်…

၈။ ခြေစမ်းလိုက်၊လက်စမ်းလိုက်၊ကြွက်သားစမ်းလိုက်၊အင်္ဂါကြည့်လိုက်၊ဝမ်းကြည့်လိုက်တွေ လာမလုပ်ကြပါနှင့်တော့ ဝေဒနာခွာနေတဲ့ ငါ့အတွက် ဒေါသကိုဖြစ်သွားစေနိူင်ပါတယ်…

၉။ တစ်ယောက်တစ်မျိုး ဆေးနည်းတွေ လာမပေးကြပါနှင့် အကြံတွေလာမပေးကြပါနှင့်၊ မျှော်လင့်ချက်တွေ လာမပေးပါနဲ့တော့ သက်တောင့်သက်သာ သွားနိူင်ရင်ပဲ ကျေနပ်လှပါပြီ။

၁၀။ ကိုယ့်နှလုံးခုန်သံ၊နာရီချက်ချက်မြည်သံတွေကပဲ ကျယ်လောက်စွာ ကြားနေရတာမို့ စကားတွေအကျယ်ကြီး လာမပြောကြပါနှင့်၊တရားတွေအကျယ်ကြီး ဖွင့်မပေးကြပါနှင့်။ ( ဆေးမကူဘဲ အိပ်ပျော်ဖို့တေါင် မနည်းကြိုးစားနေရတဲ့အခါ၊နှုတ်ကလိုက်ရွတ်နေမိတဲ့အခါ ပိုပင်ပမ်းရပါတယ်)

၁၁။ အကျင့်မရှိတဲ့ ငါ ၊ အားမကောင်းတဲ့ ငါ တခြားတရားတွေ ငါမနာနိူင်တော့၊ အာရုံမပြုနိုင်တော့တာမို့ ပရိတ်၊ ပဠာန်းလောက်ပဲ ခပ်ဝေးဝေးကနေ တိုးတိုးလေး သာဖွင့်ပေးထားပါ။

၁၂။ အနားလာပြီး ယပ်တွေမခတ်ပေးကြပါနှင့် ခေါင်းလေတိုးသံက ဆံပင်ကိုဖြတ်ပြီး မွေးညှင်းပေါက်လေးများစီ သွားနေတာကပဲ အတော်ခံစားရလို့ပါ။

၁၃။ အနားမှာစုပြုံပြီး လာမတိုးကြပါနှင့် အောက်ဆီဂျင်ကို မနည်းလုရှူနေရတာမို့ နောက်ဆုံးထွက်သက်မှာ အသက်ဝဝရှူသွားပါရစေ။

၁၄။ သားတွေချွေးမတွေ စကားပြောသံ၊ဆူပူသံ၊မြေးတွေဆူညံသံတွေ၊ဇွန်းသံခွက်သံတွေ မလုပ်ကြပါနှင့်၊ တိတ်ဆိတ်စွာနေပေးခြင်းဖြင့် ငါ့အားကူညီကြပါ။

၁၅။ ဟိုဟာပေးမလား ဒီဟာပေးမလား လာမစနောက်ကြပါနှင့် ငါ့အားကိုယ်ချင်းစာပေးကြပါလော့.. ပစ္စည်းစွဲအောင် အစမဖော်ပေးကြပါနှင့်။

၁၆။ သတိလည်အောင် နာမည်တရရခေါ်တာ၊ နာမည်နဲ့လူတွဲပြောခိုင်းတာတွေ ရှောင်ပါ။ လူနာမည် မှတ်မိဖို့ထက် ဘုရားမမေ့သွားဖို့က ပိုအဓိက၊

၁၇။ ငိုသံ၊ ရှိုက်သံတွေ မထွက်မိအောင် ထိန်းပေးကြပါ။ အနှောင်အတွယ်မဲ့စွာ ထွက်ချင်လို့ပါ….

အရိပ်အကဲနားလည်တဲ့သူတစ်ယောက် ဘေးနားရှိနေပေးရင်ကိုပဲ အဆင်ပြေပါပြီ… (အာခေါင်ခြောက်တတ်တာမို့ နှုတ်ခမ်းလေးတော့ ရေမကြာမကြာဂွမ်းစလေးနဲ့ ဆွတ်ဆွတ်ပေးပါ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page