မေတ္တာရှင် (ရွှေပြည်သာ) လူထွက်ရတဲ့ အကြောင်းရင်းကို ဒဲ့ရင်ဖွင့်လိုက်တဲ့ ဇနီးဟောင်း

မေတ္တာရှင်(ရွှေပြည်သာ) လူထွက်ရတဲ့ အကြောင်းအရင်း အပြည့်အစုံကို ဇနီးဟောင်းဖြစ်သူ ဒေါ်ဆက်မီလွင် ကိုယ်တိုင် ဖွင့်ဟဝန်ခံချက်ကို ဖော်ပြပေးလိုက်ပါတယ် (၂၀၁၈ ခုနှစ်တွင် နယူးဝပ်ချ် ဂျာနယ်မှ ဖော်ပြခဲ့သည်ကို ပြန်လည်ဖော်ပြပါသည်)

(အစ်မနဲ့ဆရာတို့ ဖူးစာဆုံဖြစ်ခဲ့ပုံကို အရင်ဆုံး ပြောပြပေးပါ။) အစ်မအဖေဆုံးပြီးတော့ အစ်မစိတ်ဓာတ် အရမ်းကျနေတဲ့အချိန်မှာ အစ်မအမေက သူ့ကိုကိုးကွယ်တော့ အဖေ့အတွက် ဆွမ်းကပ်ဖို့ကိစ္စစီစဉ်ရင်းနဲ့ စသိကြတာ။ နောက်တော့ သူက စာရေးဆရာဆိုတော့ ကုန်ကြမ်းလိုချင်တယ်ဆိုတာနဲ့ အစ်မ ဂျာမနီမှာနေခဲ့တဲ့ အတွေ့အကြုံတွေ သိချင်တယ်ဆိုတာနဲ့ ရေးပေးတယ်။ အဲဒီကနေ ရင်းနှီးလာတယ်။ နောက် သူမရှင်းတာတွေ မေးတယ်။ နောက်ပိုင်းကျတော့ အဲဒီစာတွေက ကျောင်းမှာထားခဲ့ရင် မရောက်ဘူးတဲ့။ တရားပွဲတွေ ဘာတွေရှိတဲ့နောက်ကိုလိုက်ပြီး ပေးရတယ်။

တခြားသူတွေပြောပြလို့ မရတဲ့ဟာတွေ သူ့ကိုပြောပြဖြစ်တယ်။ သူကလည်း အောင်မြင်တာကြာပြီဆိုတော့ ဒီဘဝကြီးကို ငြီးငွေ့လာတယ်။ ဘဝအသစ် တခုတည်ဆောက်ချင်တယ်တဲ့။ အစ်မလည်း သူ့ကို ပြောပါတယ်။ အခက်အခဲတွေအများကြီးတွေ့မယ်၊ ရုန်းကန်ရမယ်လို့ ပြောတယ်။ ရွှေပြည်သာကျောင်း တည်ထောင်တုန်းကတောင် အခက်အခဲတွေ အများကြီးတွေ့တယ်လို့ ပြောတယ်။ အဲဒီတုန်းက အရှေ့ကို တွေးပြီး ပျော်ခဲ့တာပေါ့။ သူ့ကိုလည်း ပါရမီရှင်လို့ ယုံကြည်တယ်။ တော်လည်းတော်တယ်။ အဲဒီလိုမျိုး တကယ်ယုံခဲ့တယ်။

(ဆရာမေတ္တာရှင်(ရွှေပြည်သာ)ဘက်က ကြေညာချက်ထုတ်တာနဲ့ ပတ်သက်လို့ရော ဘာများပြောချင်ပါလဲ။) မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလိုပဲ။ အခုအချိန်မှာ သူအများကြီးပြောင်းလဲသွားပြီ။ အဲဒီ ပြောင်းလဲသွားတာကို သူကိုယ်တိုင်လက်မခံနိုင်ဘူး။ အဲဒီလက်မခံနိုင်တာကို သူ့ကိုယ်သူလည်း လှည့်စား၊ အများကိုလည်း လှည့်စားတယ်။ သူစွပ်စွဲနေတဲ့ ပါရမီဖြည့်ဘက်တွေ ဘာတွေအစ်မတို့ သဘောတူခဲ့တဲ့တုန်းက ဒါတွေမပါပါဘူး။ ဘယ်တုန်းကမှလည်း တဖက်သတ်ပါရမီဖြည့်မယ်။ အနစ်နာခံ၊ စွန့်လွှတ်အကုန်ပေး ဆပ်ပြီးတော့ သူ့ဘက်က အကုန်ယူမယ်။ အဲဒီလိုမျိုးဘယ်တုန်းကမှ သဘောမတူခဲ့ပါဘူး။

အစ်မတို့ ယူတုန်းက သူအင်တာဗျူးဖြေတာတွေလည်း အစ်မ သဘောမကျဘူး။ အစ်မက အမှန်အတိုင်းပြောစေချင်တာ။ လူတွေလည်း အမှန်တရားအတိုင်း သိချင်မယ်လို့ ယူဆတယ်။ အစ်မအနေနဲ့ကလည်း ယူတော့ အစ်မပဲ အကုန်အကျခံခဲ့တယ်။ အစ်မဘယ်လောက်အထိ ရုန်းခဲ့လဲဆိုရင် အစ်မက ကွန်ပျူတာသမားလေ။ စာပေလုပ်ငန်းက အစ်မကျွမ်းကျင်တဲ့ အလုပ်မဟုတ်ဘူးလေ။ သူကလည်း နင်လုပ်နိုင်ရင်လုပ်လေတဲ့။ ငါ့တော့ လာအားမကိုးနဲ့တဲ့။ ငါက စာရေးစာဖတ်တာပဲ လုပ်မှာတဲ့။ လက်ထပ်ပြီးခါစမှာ သူစာအုပ်တွေရောင်း အားတော်တော်ကျသွားတယ်။ အဲဒီတုန်းက မာနတွေ ခဝါချပြီး လုပ်ခဲ့တယ်။

ပထမ ကလေးမွေးတုန်းက အစ်မတွေက ဂျာမနီမှာ လာမွေးဖို့ခေါ်တယ်။ အမေနဲ့သူ့ကို ငဲ့ပြီးတော့ ဒီမှာပဲမွေးခဲ့တယ်။ ပရဟိတကိစ္စ တွေဆိုရင်လည်း သူနဲ့သိပြီးနောက်ပိုင်း လူအများနဲ့သိပြီး လူအများကြီးကို ကူညီဖြစ်တယ်။ အဲဒါတော့ အရှုံးထဲက အမြတ်ပေါ့။ ဒီ ၄ နှစ်အတောအတွင်းမှာ ကလေးနှစ်ယောက်ရယ်၊ ပရဟိတလုပ်ငန်းတွေရယ် ပိုသိလာတယ်။ အဲဒီဟာလေးတွေအတွက်တော့ ဖြေသာတယ်။ ကျန်တဲ့အပိုင်းမှာတော့ အစ်မဘက်က ပေး ဆပ်ခြင်းတွေချည်းပဲ။ အဲဒါကိုမှ မလုံလောက်ဘူးဆိုရင်တော့ အစ်မလည်းမတတ်နိုင်ဘူး။ အစ်မကိုယူခဲ့တုန်းက ဒိုးတူပေါင်ဖက်ရုန်းမယ်ဆိုပြီး ယူခဲ့တယ်။

သူမရုန်းနိုင်တဲ့အချိန်မှာ အစ်မသူ့ကို အပြစ်မတင်ဘူး။ ဒါပေမဲ့ အဖေကောင်းတယောက်ဖြစ်အောင် ကြိုးစားပါလို့တော့ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့က ငယ်ငယ်လေးထဲက အရိုက်ကြမ်းတဲ့မိဘနဲ့ ကြီးပြင်းရတယ်။ သူလည်း အဲဒီလိုပဲ။ အဲဒီတော့ အစ်မ ကလေးတွေ အကောင်းဆုံးဖြစ်စေချင်တယ်။ အကောင်းဆုံးဖြစ်မယ်လို့လည်း ထင်ခဲ့တာကို။ သူဟာ သာမန် အဖေထက် အဆပေါင်းများစွာကောင်းမယ်လို့ စိတ်ထဲမှာ ထင်တယ်။ တကယ်လို့ အစ်မ အမေကောင်းမဖြစ်ခဲ့ရင်တောင် သူက တနည်းတဖုံ သင်ပြပေးနိုင်မယ်လို့ ထင်ခဲ့တယ်။

(ဆရာမေတ္တာရှင်(ရွှေပြည်သာ)က သူလုပ်ချင်တဲ့ကိစ္စကို ကုသိုလ်၊ အကုသိုလ်မခွဲခြားဘဲ လုပ်တယ်လို့ အစ်မရဲ့ ကြေညာချက်မှာတွေ့ရတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ။) အစ်မတို့ရဲ့ပြဿနာက ဒီ ၄ နှစ်အတွင်း ပြဿနာမဟုတ်ဘဲနဲ့ ၄ နှစ်မတိုင်ခင်က ပြဿနာက ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမကိုယ်ဝန်ရှိကတည်းက အရင်က သူပတ်သက်ခဲ့တဲ့ အမျိုးသမီး ပြဿနာတွေနဲ့ ပတ်သက်ပြီး အရှက်ကွဲရတယ်။ လိုက်ဖြေရှင်းရတယ်။ လိုက်ပြီးတော့ ထိန်းသိမ်းရတယ်။ ပထမဆုံး တခါကတော့ ရပ်မိရပ်ဖတွေက ကိုယ့်ယောက်ျား ကိုယ်ထိန်းပေါ့လို့ပြောတော့ တော်တော်ရှက်သွားတယ်။ ၂၀၁၅ မှာ အဲဒီပြဿနာရှင်းပြီး နည်းနည်းငြိမ်သွားတယ်။ နောက်တခါကျတော့ အစ်မတော်တော် အရှက်ကွဲတယ်။ အဲဒါ ၂၀၁၆။ အဲဒီတုန်းက ဒုတိယ ကလေးမွေးပြီး မီးထွက်ပြီးခါစပဲရှိသေးတယ်။

အမျိုးသမီးတယောက်က သိန်း ၅၀ ပေးဖို့ ငွေညှစ်တယ်။ တော်တော်ရှော့ဖြစ်သွားပြီးတော့ သူ့ဆီကသက်သေ အထောက်အထားတောင်းတယ်။ အထောက်အထားက ထိုက်သင့်သလောက်တွေ့ပါတယ်။ ဒါပေမဲ့ အစ်မ မပေးခဲ့ဘူး။ အစ်မသူ့ကိုလည်း မေးတယ်။ မေးရင်းမေးရင်းနဲ့ ပေါ်လာတဲ့အကြောင်းအရာတွေက အစ်မ လက်မခံနိုင်ဘူး။ ဒီအကြောင်းအရာတွေကို လက်မထပ်ခင်က မသိခဲ့ဘူး။ အစ်မဘဝရဲ့အကြောင်းကို သူ့ကို အပြည့်အစုံ ပြောပြခဲ့တယ်။ သူ့ဘက်က ထိမ်ချန်ခဲ့တယ်။ ထားပါတော့ သူကတော့ ရှက်လို့လို့ပြောတယ်။ အစ်မလက်မခံနိုင်ဘူး။ အစ်မကိုလိမ်ပြီး ယူခဲ့သလို ခံစားရတယ်။ ဒီကိစ္စတွေကြိုသိခဲ့ရင် ဝေးဝေးက ပြေးတာဖြင့် ကြာလှပြီ။

အဲဒီနောက်ပိုင်း သူကဘာမဟုတ်တဲ့ကိစ္စနဲ့ ဆံပင်ဆောင့်ဆွဲပြီး နောက်စိကို သုံးချက်-ိုးတယ်။ ပထမတော့ ကြောက်သွားတယ်။ ကလေးနေမကောင်းဖြစ်နေလို့ သူ့ကိုမန္တလေးပရဟိတ ပွဲကို မသွားဖို့တားတာ။ နောက်ပိုင်းကျတော့ သားက တဖြည်းဖြည်း အစ်မနဲ့ တူလာတယ်။ စိတ်နေသဘော ထားပေါ့။ အစ်မကို မကျေနပ်ရင်သားကို မဲလာတယ်။ အထူးသဖြင့် သူလက်ဝှေ့အခွေတွေကြည့်တဲ့အခါမှာ သားကပ်လာရင် တွန်းထုတ်ပစ်တာတွေ လုပ်တယ်။ အခုရဲတင်းကိစ္စဖြစ်တဲ့နေ့က အောက်မှာကလေးတွေ ခေါ်ပြောတယ်တဲ့။ ဒီနေ့စာအုပ်လေးအုပ်ကို ၁၅ ရက် အတွင်းပြီးအောင်မထုတ်ပေးရင် ပြဿနာရှာမယ်ဆို ပြီးပြောတယ်။

ရဲတင်းကို ပေါင်ပေါ်တင်ထားတယ်။ ပြောရင်းကနေ သူအရင်တုန်းက တက္ကသိုလ်ကဆရာမတွေ၊ ဆရာဝန်တွေ သူ့ကိုဝိုင်းဝိုင်းလည်နေတာကို အစ်မက ပါရမီဖြည့်မယ်လို့ပြောလို့ သူလူထွက်ပြီး ယူလိုက်တယ်။ သူကွာခိုင်းတော့လည်း မကွာပေးဘူးလို့ ပြောလာတယ်။ အဲဒီနေ့ကဖြစ်တဲ့ကိစ္စက အမှန်တော့ စာအုပ်ကိစ္စမဟုတ်ဘူး။ စာအုပ်ကိစ္စက ယိုးဒယားမှာ ကလေးဆေးရုံတက်နေရကတည်းက ဘယ်လိုလုပ် ကြမယ်ဆိုတာ တိုင်ပင်ပြီးသား။ အဲဒီပြဿနာဖြစ်တဲ့ မတ်လ ၂၁ ရက်နေ့က ၂ သက်ကယ် ပရဟိတကိစ္စနဲ့ အစ်မသန်လျင်ကပြန်လာတော့ ကလေးက ကားသံကြားတော့ အိပ်ရာထဲပြေးဝင်လာပြီး ကခုန်နေတယ်။ သူက အဲဒီအချိန်မှာ ဗီရိုတလုံးကိုခွဲပြီးသွားပြီ။

အစ်မနဲ့အချေအတင် စကားပြောရင်း လေသံတွေမာလာပြီး အဲဒါနဲ့ကလေးက ခုန်နေတော့ ကလေးကို သူကသွားမှာလား၊ မသွားဘူးလားဆိုပြီး ရွယ်လိုက်တော့ အစ်မက စိုးရိမ်သွားတယ်။ အရင်တုန်းကဆို ရန်ဖြစ်ရင် ဘာမှပါတာမဟုတ်ဘူး။ အခုဟာက ရဲတင်းကို တကူးတကသွားဝယ်တယ်။ အရိုးကိုသူ့ဘာသာ တပ်တယ်။ တနေကုန်အစ်မကိုစောင့်နေပြီး အစ်မပြန်လာ တော့မှ သောင်းကျန်းတဲ့အခါကျတော့အထဲက ဗီရိုတွေရော၊ ကြောင်အိမ်တွေရော ရိုက်ခွဲတယ်။ အပြင်မှာ လည်း ကားမှန်တွေကိုခွဲခဲ့တယ်။ အဲဒါနဲ့ အစ်မလည်း ရဲစခန်းကိုဖုန်းဆက်တယ်။ အစ်မရဲစခန်းကို အရင် သွားတယ်။ နောက်တော့ သူသွားတယ်။ သူပြန်လာတော့ ည ၂ နာရီတောင်ရှိပြီ။ အစ်မလည်း ထပ် သောင်းကျန်းမှာစိုးတာနဲ့ ခြံတံခါးဖွင့်မပေးတော့ဘူး။ နောက်တော့မှ သိရတာက မှော်ဘီကသူ့အစ်မကြီး လာခေါ်သွားတယ်လို့ သိရတယ်။

(ရွှေပြည်သာစာပေနဲ့ပတ်သက်လို့ရော ဘယ်လိုဆက်လုပ်သွားဖို့ရှိပါလဲ။) ဥပဒေပိုင်းနဲ့ပတ်သက်လို့ အစ်မသေချာမသိဘူး။ ရှေ့နေတွေ ဘာတွေတိုင်ပင်ပြီးတော့ ဘယ်လိုဆက်လုပ်မလဲ ဆုံးဖြတ်ရမှာပေါ့။ ဒါပေမဲ့ ဒီဟာက အစ်မတို့လက်ထပ်ပြီးမှ အစ်မဦးဆောင်ပြီး လုပ်လာတာပေါ့။ အခက်အခဲတွေလည်း အများကြီးကြုံရတယ်။ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်ဆိုတော့လေ။ အဲလိုကနေ အခုတော်တော်လေး တည်ငြိမ်လာပြီး အစ်မအနေနဲ့ ဒါကို မိသားစုလုပ်ငန်းလို့ပဲ ယူဆတယ်။ ငါ့ဟာ ငါ့ပြန် ပေးဆိုပြီး ကလေးအတွေးနဲ့ ပြန်ပြီးတော့ယူလို့ရမယ်လို့တော့ အစ်မ မထင်ဘူး။

(ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်း ဆရာနဲ့ အဆက်အသွယ်ရသေးလား။) သူနဲ့တော့ တိုက်ရိုက်အဆက်အသွယ်မရပါဘူး။ သူ့တပည့်တွေဆီကနေ မန္တလေးရောက်နေတယ်လို့ ကြားပါတယ်။ သူစွပ်စွဲသလို အစ်မက ပရဟိတ အလုပ်တွေပိတ်ပင်တယ်ဆိုတာ မဟုတ်ပါဘူး။ သူရဟန်းဘဝတုန်းက လာဘ်လာဘ တအားရတော့ လှူနိုင်တန်းနိုင်တယ်။ အိမ်ထောင်သည်ဘဝမှာတော့ လှူနိုင်တဲ့ပမာဏနည်းသွားတာပေါ့။ ပရဟိတကိစ္စတွေရော၊ သူများတွေကိုကူညီတဲ့အပိုင်းတွေရော သူလူ ထွက်ပြီးတဲ့နောက်မှာ အစ်မဦးဆောင်ပြီးလုပ်နေတယ်။ ဒါပေမဲ့ နာမည်ကိုတော့ သူ့နာမည်ပဲတပ်ပေးတယ်။ အစ်မနာမည်တပ်ပြီးလှူရင် လူတွေကသိပ်ပြီးဝမ်းသာမှာ မဟုတ်ဘူး။ မေတ္တာရှင်(ရွှေပြည်သာ)က လှူတာဆို တော့ ကြည်နူးကြတာပေါ့။

နာမည်က အစ်မအတွက် အရေးမကြီးဘူး။ အခုလည်း ဒီကိစ္စဖြစ်တဲ့အတွက် ခြိမ်းခြောက်ခံရတာတွေရှိတယ်။ ဒီကိစ္စတွေဖြစ်တဲ့အတွက် ရှက်လည်းရှက်ပါတယ်။ အခုလိုကိုယ်ရေး ကိုယ်တာကိစ္စတွေကို လူအများသိသွားတဲ့အတွက် အနှောင့်အယှက်ဖြစ်ကြရင် တောင်းပန်ချင်ပါတယ်။ ဘာဖြစ်လို့ အခုလိုဖြေရသလဲဆိုတော့ အစ်မနဲ့ ကလေးတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်လို့ပါ။ လူထွက်စဉ်တုန်းကအခြေအနေထက် အခုခြိမ်းခြောက်မှုတွေများလာတယ်။ အရင်တုန်းက ကားတာယာအလှီးခံရဖူးတယ်။ လူမသိ၊ သူမသိမြောင်းထဲမှာ ‌ေ-နေတာထက်စာရင် ဗြောင်ပြောပြီးတော့ ‌ေ-ချင်တယ်။ အမှန်ကို ပြောပြီး ‌ေ-တာပဲ ကောင်းပါတယ်။ နှင်းမောင်ဦး – တွေ့ဆုံမေးမြန်းသည်

Leave a Reply

Your email address will not be published.

x

You cannot copy content of this page