ဘဲဥတလုံး ကျပ် ၄၀၀ ကျော်နိုင် (ထမင်းတနပ်ကို ဘဲဥတခြမ်းနဲ့ စားရတဲ့ခေတ် ရောက်တော့မှာလား)

ပြည်တွင်း လူတန်းစားမရွေး ဝယ်ယူစားသုံးနေရတဲ့ အခြေခံစားသောက်ကုန် တစ်ခုဖြစ်တဲ့ ဘဲဥဈေးနှုန်းတွေဟာ လတ်တလောမှာ မြင့်တက်နေတာ ဖြစ်ပါတယ်။

ဈေးမြင့်ရတဲ့ အကြောင်းရင်းက ဘဲအစာကုန်ကြမ်းဈေး မြင့်တက်နေခြင်း၊ စက်သုံးဆီဈေး အဆမတန် မြင့်တက်ပြီး သယ်ယူစရိတ်တွေ မြင့်တက်နေခြင်းတို့ကြောင့်လို့ ဘဲမွေးမြူသူလုပ်ငန်းရှင်များက ဆိုကြပါတယ်။ ထိုအခြေအနေကြောင့် မွေးမြူသူတွေအနေနဲ့ အရှုံးမရှိပေမယ့် အမြတ်ရရှိမှုကလည်း နည်းပါနေတယ်လို့ သိရပါတယ်။

“မွေးမြူသူတွေ အကျိုးအမြတ် သိပ်မရှိပါဘူး။ စားသုံးနေမှုများပေမယ့် ဘဲဥရောင်းဈေးနဲ့ အစာဈေးက မကိုက်ဘူး။ ဘဲစာကျွေးရတဲ့ ပြောင်းဈေး၊ ဆန်ကွဲဈေးက မြင့်နေတာကြောင့်ပါ။ ဘဲအကောင် ၁၀၀ မွေးရင် တစ်နေ့ အစာ စရိတ်က ငွေကျပ် ၁ သောင်းအထက်မှာရှိတယ်။ ဘဲက ကျွေးရင်ကျွေးသလောက် ဥအထွက်နှုန်း ကောင်းတယ် ”လို့ ပုသိမ် ဘဲမွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

လက်တလော ဘဲဥဟာ လက်ကားဈေးကွက်မှာတင် တစ်လုံးကို ငွေကျပ် ၂၀၀ ၊ ၂၂၅ ကျပ် ခန့်ရှိနေပြီး လက်လီ ဈေးကွက်မှာ ၄ လုံး ၁၀၀၀ ကျပ်၊ ၅ လုံးကျပ် ၁၃၀၀ ၊ ၁၅၀၀ စဖြင့် ပေါက်ဈေး အသီးသီးရှိနေသလို နယ်မြေ ဒေသအလိုက် ဈေးနှုန်းကွာဟမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဘဲမွေးမြူရာမှ ဘဲအကောင်ပေါက်ချိန်မှ လေးလအကြာမှာ စတင် ဥလေ့ရှိပါတယ်။ မွေးမြူရာမှာလည်း ခြံလှောင်မွေးမြူ စနစ်နဲ့ လွှတ်ကျောင်း မွေးမြူစနစ် ဆိုပြီး ၂ မျိုးရှိနေတာပါ။ လွှတ်ကျောင်းမွေးမြူ စနစ်က အစာစရိတ် ကုန်ကျမှုနည်းပါးသော်လည်း စာကျက်ရှားပါးတဲ့အတွက် ခြံလှောင်စနစ်ကိုသာ အဓိကထား မွေးမြူကြတယ်လို့ သိရပါတယ်။

ပြည်တွင်း ဘဲမွေးမြူတဲ့ လုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးမှာ အများဆုံး လုပ်ကိုင်ဆောင်ရွက်နေကြသလို ဧရာဝတီ တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှာလည်း လုပ်ကိုင်ဆောင်ရွက်နေကြတာမို့ ထွက်ရှိတဲ့ ဘဲဥများကို ရန်ကုန်တိုင်းဒေသကြီးထံ အဓိကဈေးကွက်အဖြစ် တင်ပို့နေကြတာပါ။ အစာစရိတ်နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ ကြီးလာတာကြောင့် ဘဲဥတလုံး ၄၀၀ ကျော်နိုင်တဲ့ အနေအထား ရှိတယ်လို့ ဘဲဥဒိုင်တဦးက ပြောပါတယ်။

အခြေခံလူတန်းစားတွေရဲ့ ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ ကြက်ဥ၊ ဘဲဥနဲ့ ကန်စွန်းရွက်တွေ ဈေးနှုန်း မြင့်တက်လာတာကြောင့် အနိမ့်ဆုံး ဘဲဥ၊ ကြက်ဥတွေကိုတောင် နပ်မမှန်တော့တဲ့ အနေအထားရောက်နေတယ်လို့ သိရပါတယ်။ ကုန်ဈေးနှုန်း ပြန်ကျဖို့ အနေအထားလည်း မရှိသေးတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ ဝါးလုံးခေါင်းထဲ ဆင်ဝင်သလို ကျပ်တည်းနေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page