ဈေးတူတော့မယ့် စားအုန်းဆီနဲ့ ပဲဆီ (ပဲဆီ အတုအယောင်နဲ့ ရောဆီများကို အထူးဂရုစိုက် ခွဲခြားကြပါ)

မြန်မာနိုင်ငံသို့ စားအုန်းဆီတင်ပို့ရောင်းချနေတဲ့ နိုင်ငံခြားဈေးကွက်ဂယက်ကြောင့် စားသုံးသူဈေးကွက်အတွင်း စားအုန်ဆီဈေးနှုန်းများကြီးမြှင့်လာသလို အခြားသီးနှံထွက်ဆီဖြစ်တဲ့ ပဲဆီ ကိုလည်း ပြောင်းလဲဝယ်ယူသုံးစွဲကြသူများလာတယ်လို့ စားသုံးဆီဖြန့်ဖြူးရောင်းချသူများထံက သိရပါတယ်။

“အခုဈေးထဲမှာတော့ စားဆီနဲ့ပတ်သက်ရင် စားအုန်းဆီက အခု တပိသာ ၇၀၀၀ ဈေးရယ်၊ သူနဲ့အထက်ဈေးတွေဖြစ်လာတယ်။ ပဲဆီဈေးက လည်း တစ်ပိသာကို ၈၀၀၀ကနေ ၁၀၀၀၀ နဲ့ အထက်မှာတော့ရှိပါတယ်။ စားအုန်ဆီကိုအရင်က ဈေးချိုတော့ လူအတော်များများသုံစွဲကြတယ်။ အခုကျတော့ လက်ရှိပဲဆီနဲ့ဆိုဈေးက ၁၀၀၀ ကျော်လောက်ပဲ ကွာတော့တာကြောင့် ပဲဆီပြောင်းသုံးလာတာတွေ ရှိပါတယ်”လို့ ကုန်စုံဆိုင်ပိုင်ရှင် မချိုခိုင် ကပြောပါတယ်။

လက်ရှိမှာ ဆီကြိတ်ခွဲရန်အတွက် မြေပဲဆန်ထွက်ရှိရာ မြန်မာပြည်အထက်ပိုင်းဒေသများအတွင်းမှာလည်း ဆီမကြိတ်မီ မြေပဲဆန် တစ်ပိသာ ကျပ် ၃၀၅၀ ကနေ ကျပ် ၃၂၀၀ အထိ ပေါက်ဈေးရှိသလို တရုတ်ကဲ့သို့ ပြည်ပအဝယ်များလည်း တောင်သူများထံ ဆင်း၍ဝယ်ယူမှုများရှိနေတာကြောင့် မြေပဲဆန်အဝယ်လိုက်နေတယ်လို့ဆိုပါတယ်။

စားသုံးမှုများသော စားဆီဖြစ်တဲ့ စာအုန်းဆီဈေးကွက်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ဈေးနှုန်းမြှင့်တင်ရောင်းချတာ ၊ ဈေးကစားဖို့ ရည်ရွယ်ပြီးသိုလှောင်တာစတဲ့ မသမာတဲ့လုပ်ဆောင်မှုတွေ လုပ်ကြောင်းတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ စကစ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။

ပြည်တွင်း ဆီစားသုံးသူဈေးကွက်အတွင်း ရာခိုင်နှုန်း၆၀ကျော် မှာ စာအုန်းဆီသုံးစွဲကြပြီး ကျန်တဲ့ ၄၀ ရာခိုင်နှုန်းမှာ ပဲဆီနဲ့ အခြားသီးနှံထွက်ဆီများစားသုံးကြတယ်လို့ စားသုံးဆီ ဖြန့်ဖြူးရောင်းချသူများထံမှ သိရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဆီထွက်သီးနှံ ထွက်ရှိနှုန်းက တနိုင်ငံလုံး စားသုံးမှုရဲ့ ၁၈ ရာခိုင်နှုန်းကိုပဲ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကျန်တဲ့ ၈၂ ရာခိုင်နှုန်းက နိုင်ငံခြားကနေ တင်သွင်းနေရပါတယ်။

လက်ရှိအချိန်မှာ စားအုန်းဆီ ဈေးကြီးလာလို့ မြေပဲဆီ ပြောင်းစားကြမယ်ဆိုရင် အထူးသတိထားရမှာက မြေပဲဆီအတုတွေပဲ ဖြစ်ပါတယ်။ စားအုန်းဆီကို ဆပ်ပြာမှုန့်အရောင်ချွတ်ပြီး ပဲဆီအနံ့ထားတဲ့ စားအုန်းဆီတွေဟာ မြန်မာပြည်ဈေးကွက်ထဲမှာ အတော်ကြာကြာ ပျံ့နှံ့နေခဲ့ပြီး ဖြစ်ပါတယ်။

ပဲဆီဆိုပြီး ဂျင်းထည့်ရောင်းတဲ့ စားအုန်းဆီကို ကျန်းမာရေးအတွက် စိတ်ချရတယ်ဆိုပြီး အများအပြား စားသုံးမိပါက သွေးတိုး၊ ဆီးချိုနဲ့ တခြား နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်ပြီး စီးပွားရေး၊ လူမှုရေးတွေ အဆင်မပြေ ဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် စားအုန်းဆီနဲ့ ဈေး မတိမ်းမယိမ်းဖြစ်လာတဲ့ ပဲဆီကို အသိနဲ့ သတိတရား ယှဉ်ပြီး စားသုံးကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page