လာမယ့် သောကြာနေ့မှာ “လ” ကို သောကြာဂြိုလ်ဖောက်မည် (အတိတ်နိမိတ် နောက်တခုလား)
သောကြာဂြိုဟ် လ ကိုဖောက်မည်။ ၂၀၂၂ မေလ ၂၇ ရက်၊ ယခုရက်ပိုင်းမှ လ နှင့် ဂြိုဟ်အများစုအား ကြည့်ချင်လျှင် နံနက်ခင်းပိုင်း နေမထွက်မီ အရှေ့ဘက်အရပ် မိုးကုတ်စက်ဝိုင်းအနီးကို ကြည့်ရပါတယ်။
ဂျူပီတာ (ကြာသပတေးဂြိုဟ်) နဲ့ မားစ် (အင်္ဂါဂြိုဟ်) တို့ကို မိန် ရာသီ (Pisces) ကြယ်စုများအတွင်းမှာ ပူးယှဉ်လျက် မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ထို့အတူပဲ ဗီးနပ်စ် (ခ) သောကြာဂြိုဟ်ဟာလည်း သူတို့နဲ့မနီးမဝေး မိန်ရာသီထဲမှာပဲ ရောက်ရှိလို့နေပါတယ်။
တနင်္လာဂြိုဟ်လို့ တင်စားခေါ်ဆိုကြတဲ့ လ ဟာ လဆုတ်ရက် ဖြစ်တာကြောင့် နံနက်ခင်းပိုင်းရောက်မှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လခြမ်းဟာ မေလ ၂၅ ရက်နေ့ မနက်ခင်းမှာ အင်္ဂါဂြိုဟ် နဲ့ ကြသပတေးဂြိုဟ်တို့နှင့် တွေ့ဆုံပြီးပါပြီ။ ယခု.. သောကြာဂြိုဟ်ရှိရာသို့ တဖြည်းဖြည်းချင်း နိမ့်ဆင်းသွားနေပါတယ်။
မေလ ၂၇ ရက် နံနက်ခင်းပိုင်းမှာတော့ သောကြာဂြိုဟ် နဲ့ လ ကို အတူပူးတွဲတွေ့မြင်ရမှာဖြစ်ပြီး သောကြာဂြိုဟ်ဟာ လ ကို အနောက်မှ အရှေ့သို့ (တနည်း) အောက်မှ အထက်သို့ ဖောက်ထွက်မှာဖြစ်ပါတယ်။
တကယ်တော့ ဒါကို Lunar occlusion (လ ဖုံးကွယ်ခြင်း) လို့ သတ်မှတ်ကြတာဖြစ့်ပြီး နေကြတ်ချိန်မှာ လ အရိပ်ဖုံးကွယ်သွားသလို ဗီးနပ်စ်ရဲ့ အလင်းကျရောက်မှုကိုလည်း လ မှ ခေတ္တ ဖုံးအုပ်သွားခြင်းဖြစ်ပါတယ်။
မြေပုံမှာပြထားသလို သောကြာဂြိုဟ် လဖုံးစဉ် (တနည်း) လကို ဂြိုဟ်ဖောက်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသများမှာ မြင်တွေ့ရမှာဖြစ်သော်လည်း တကယ်တန်း ဖုံးအုပ်မည့် အချိန်ဟာ မြန်မာစံတော်ချိန်အရ မေလ ၂၇ ရက် နံနက် ၉ နာရီ ၂၁ မိနစ် ဖြစ်နေတဲ့အတွက် နေ အလင်းရောင်ကြောင့် မြင်တွေ့ရတော့မည် မဟုတ်ပါ။
၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တုန်းကတော့ လကို အင်္ဂါဂြိုဟ်ဖောက်ခဲ့ပြီး မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ကြရပါတယ်။ အာကာသဝါသနာရှင်များအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)