အင်္ဂလိပ်တွေပြမှ တကယ့်ခြင်္သေ့ကို မြင်ဖူးတဲ့ မြန်မာတွေနဲ့ ရာဇဝင်ထဲမှာ ခြင်္သေ့ ပါလာရတဲ့ အကြောင်းရင်း

မြန်မာနိုင်ငံမှာ ခြင်္သေ့မရှိပါ… ဒါပေမယ့် ခြင်္သေ့ကို မြန်မာနိုင်ငံမှာ အထွဋ်အမြတ်ထားတယ်။ ခြင်္သေ့ရုပ်ထုများကို ဘုရားပုထိုးလေးဘက်လေးတန်မှာ တွေ့နိုင်ပါတယ်။ သာသနာဆိုင်ရာ အဆောက်အဦးများမှာ ခြင်္သေ့ရုပ်တုပါတယ်။ နိုင်ငံတော်တံဆိပ်အမှတ်အသားအဆောင်အယောင်မှာ ခြင်္သေ့ပုံပါတယ်။

ဘုရားခေါင်းလောင်းကြီးများမှာ ခြင်္သေ့ရုပ်တုပုံပါရှိတယ်။ ရန်ကုန်မြို့ မဟာဗန္ဓလပန်းခြံက လွတ်လပ်ရေးကျောက်တိုင်ကြီးကို ခြင်္သေ့ရုပ်ထုများနဲ့ ဝိုင်းရံထားပါတယ်။ မြန်မာငွေစက္ကူနဲ့အကြွေစေ့များပေါ်မှာ ခြင်္သေ့ရုပ်ပုံပါရှိပါတယ်။ မြန်မာနိုင်ငံမှာ မရှိတဲ့ အင်အားကြီး တိရိစ္ဆန်ခြင်္သေ့ဟာ မြန်မာ့ရိုးရာနေ့ရက်သတ်မှတ်အရအင်္ဂါနေ့ကိုကိုယ်စားပြုပါတယ်။

မြန်မာဘုရင်များ ထိုင်ခဲ့တဲ့ ပလ္လင်အမျိုးအစား ရှစ်မျိုးထဲ သီဟသနပလ္လင်(Lion Throne)ပါတယ်။ ဘုရင်ထိုင်တဲ့ပလ္လင်နာမည်မှာ ခြင်္သေ့ပါပါတယ်။ ၁၈၈၅ အင်္ဂလိပ်များ အထက်မြန်မာနိုင်ငံသိမ်းပိုက်ခဲ့ပြီး သီပေါမင်းသီဟာသနပလ္လင်ကို အိန္ဒိယယူသွားခဲ့ပါတယ်။

၁၉၄၈ မြန်မာလွတ်လပ်ရေးရပြီး အင်္ဂလိပ်က ပလ္လင်ပြန်ပေးခဲ့ပါတယ်။ ဗမာမင်းအဆက်ဆက်ထိုင်တဲ့ သီဟသနာပလ္လင် (ခြင်္သေ့ထိုင်ခုံတော်)မှာ ခြင်္သေ့ရုပ်ပုံများ ထွင်းထုထားပါတယ်။

တချိန်က ခြင်္သေ့အယူအဆကို အိန္ဒိယမှ ဗုဒ္ဓဘာသာနှင့်အတူ ဆက်နွယ်သော ဒဏ္ဍာရီလာပုံပြင်များ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပါတယ်။ ယခုမြင်တွေ့ရတဲ့ ခြင်္သေ့ရုပ်ထုများလည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။

နိုင်ငံခြားခရီးသွားလာသူတွေကို အမှတ်တမဲ့ ဒီရုပ်ထုတွေဟာ ဘာသတ္တဝါလဲလို့ မေးကြည့်ရင် အများစုက ကျားလို့အရင်ဖြေပါလိမ့်မယ်၊ ခြင်္သေ့လည်ဆံကို သေချာကြည့်ပြီးမှသာ ခြင်္သေ့လို့ဖြေလေ့ရှိပါတယ်။ မြန်မာတွေဟာ ၁၉ရာစု အင်္ဂလိပ်ခေတ်ရောက်မှသာ နဂိုတွေ့ဖူးနေတဲ့ရုပ်ထုတွေနဲ့ မတူတဲ့ ခြင်္သေ့ပုံ‌ကို စတင်တွေ့ခဲ့ကြတာပါ။

ခြင်္သေ့မရှိတဲ့ အရှေ့တောင်အာရှနိုင်ငံ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ သီရိလင်္ကာနိုင်ငံတို့စီလည်း ထိုနည်းအတူ ခြင်္သေ့ရုပ်ထုတွေ ရောက်ရှိလာပြီး အထွဋ်အမြတ်ထားခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဆင်၊ ကျား၊ ဝက်ဝံအကောင်ကြီးများရှိပေမယ့် ခြင်္သေ့မရှိပါ။ ခြင်္သေ့ကို မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့် အထွဋ်အထိပ်သတ္တဝါ သတ်မှတ်ထားပေမယ့် မြန်မာနိုင်ငံတွင် ခြင်္သေ့မရှိခဲ့ပါ။ မြန်မာနိုင်ငံတောတောင်ရာသီဥတုဟာ ကျား‌များကဲ့သို့ ခြင်္သေ့များ ကျက်စားပျော်မွှေ့ရာနေရာမဟုတ်ပါ။

ခြင်္သေ့များ၏ မူလဇာတိဟာ အာဖရိကတိုက် တခုပဲ ဖြစ်တယ်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်းတောအုပ်မှာ အာရှခြင်္သေ့ ရှိခဲ့ပါတယ်။ အာရှခြင်္သေ့ဟာ အာဖရိကခြင်္သေ့ထက် အရွယ်သေးငယ်ပါတယ်။

လွင်ဦး

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page