နျူစစ်ပွဲကြီး ဖြစ်လာခဲ့ရင် အမေရိကန်စစ်တပ်ရဲ့ ဌာနချုပ်အဖြစ် အသုံးပြုမယ့် လေယာဉ်ကြီး

နျူစစ်ပွဲကြီး ဖြစ်လာခဲ့ရင် အမေရိကန်စစ်တပ်ရဲ့ ဌာနချုပ်အဖြစ် အသုံးပြုမယ့် လေယာဉ်ကြီး…

နောက်ခံပြောသူ ။ ။ တကယ်လို့ နျူကလီးယားစစ်ပွဲတစ်ပွဲ ဖြစ်ပွားလာပြီဆိုရင် အမေရိကန် စစ်တပ်ရဲ့ မြေပြင်ဆက်သွယ်မှုအားလုံး ပျက်စီးသွားလိမ့်မှာ ဖြစ်ပါတယ်။ အဲဒီ နျူကလီးယားစစ်ပွဲကြားမှာ အမေရိကန်ဒေါ်လာ ၂၂၃ သန်းတန် လေယာဉ်ကြီးဟာ ကန်စစ်တပ်ရဲ့ အဆင့်မြင့်စစ်အရာရှိကြီးတွေရဲ့ စစ်ရေး ကွပ်ကဲရေးနဲ့ ထိန်းချုပ်ရေးစခန်းကြီး ဖြစ်လာပါလိမ့်မယ်။ ဒီ လေယာဉ်ကြီးကတော့ E-4B “Nightwatch” လို့ အမည်ပေးထားတဲ့ လေယာဉ်ကြီးပါပဲ။ နျူကလီးယား ပေါက်ကွဲမှုတွေကြား ကြံ့ကြံ့ခိုင် ပျံသန်းရေး ပျံသန်းနေတဲ့ စစ်ရေးစင်တာပဲ ဖြစ်ပါတယ်။

ရိုင်ယန်ပစ်ကရဲလ် ။ ။ ပျံသန်းနေတဲ့ ပင်တဂွန်လို့ တင်စားလို့ ရမယ့် E-4B လေယာဉ်ကြီးကတော့ ကျွန်တော် သိပ်သဘောကျတာပါပဲ။ ပင်တဂွန်ထက်တောင် ပိုပြီး လုံခြုံနေဦးမယ်။ ဒီ လေယာဉ်ကြီးရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကိုသာ ခင်ဗျားတို့ မြင်တွေ့နေရမယ်ဆို ဒါဟာ ခင်ဗျားတို့ ဘယ်တုန်းကမှ မျှော်လင့်မထားတာမျိုး ဖြစ်လိမ့်မယ်။ ခင်ဗျားတို့အနေနဲ့ ကမ္ဘာပျက်နေတဲ့ ကာလကြီးကို စိတ်ကူးပုံဖော် ကြည့်လိုက်ရင် ဒီ လေယာဉ်ကို “ကမ္ဘာ့နိဂုံးလေယာဉ်”လို့ တင်စားခေါ်တာဟာ နည်းတောင်နည်းဦးမယ်လို့ ထင်လိမ့်မယ်။

နောက်ခံပြောသူ ။ ။ အမျိုးသား လေကြောင်းချီ စစ်ဆင်ရေးစင်တာမှာ E-4B လေယာဉ်ပေါင်း လေးစင်းရှိထားတယ်။ နီဘရာစကာ၊ အိုမာဟာအရပ်နားက Offutt လေတပ်အခြေစိုက်စခန်းမှာ ဒီ လေယာဉ်ကြီး လေးစင်းဟာ အမေရိကန်လေတပ်ရဲ့ လက်အောက်မှာ ရှိနေတယ်။

ဒီ လေယာဉ်တွေဟာ စစ်ပွဲအတွက် ဘိုရင်း ရ၄၇ တွေကို ချဲ့ထွင်တည်ဆောက်ထားတာပါ။ ၁၉၇၃ က စတင် ဒီဇိုင်းဆင် တည်ဆောက်ခဲ့တဲ့ E-4 series တွေဟာ စစ်အေးကာလအတွင်း နျူကလီးယား ဖောက်ခွဲမှုကနေ သမ္မတဖြစ်သူ အသက်ရှင်ဖို့ အကောင်းဆုံးနည်းလမ်းအဖြစ် တည်ဆောက်ခဲ့တဲ့ လေယာဉ်တွေ ဖြစ်ပါမယ်။ အဲဒီ လေယာဉ်ကြီးလေးစင်း ဒီဇိုင်းထုတ် တည်ဆောက်ထားပြီး တစ်စင်းကတော့ အမြဲတမ်း တိုက်ပွဲဝင်အသင့် ရှိနေတာပါ။

အက်ဝက်ဒ်ဂါစီယာ ။ ။ ကျွန်တော်တို့ဟာ တစ်ရက် ၂၄ နာရီ အချိန်ပြည့် စစ်ဆင်ရေး မစ်ရှင်မှာ ရှိနေတာ ဖြစ်တယ်။ သမ္မတနဲ့ အဓိကအရေးကြီးတဲ့ အရာတွေနား အချိန်မီ ခြံရံရတာကြောင့် တပ်စုလိုက်ကြီး ဖြန့်ကြက်လို့ မဖြစ်ဘူး။ ဒါပေမယ့် နေ့စဉ် တာဝန်ပြည့် ယူနေရတာကြောင့် ကျွန်တော်တို့အနေနဲပ အခြေစိုက်ကွပ်ကဲရေးစင်တာရဲ့ အခန်းကဏ္ဍက အရေးကြီးတာကို သိမြင်လာတယ်။ ပင်တဂွန်လို၊ မဟာဗျူဟာ ဆက်သွယ်ရေးစင်တာလို ကွပ်ကဲရေးစင်တာ ထားဖို့ အရေးကြီးတယ်။ ပိုပြီး မဟာဗျူဟာအရ အားကောင်းတာကတော့ လေထဲက ကွပ်ကဲရေးစင်တာပဲလို့ ကျွန်တော်တို့ တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ခံပြောသူ ။ ။ နျူကလီးယား ပေါက်ကွဲမှု ဖြစ်ပြီးချင်းချင်းမှာပဲ သမ္မတ၊ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်ရုံးတွေဟာ E-4B လေယာဉ်ပေါ်မှာ အားလုံး ဘေးကင်းလုံခြံုစွာ ရှိနေမှာ ဖြစ်တယ်။ အဲဒီကနေပြီး သူတို့ဟာ နျူကလီးယား တိုက်ခိုက်မှုတွေ၊ အရေးပေါ် စစ်ချီစစ်ထိုးမှုတွေကို အမိန့်ညွှန်ကြားချက်တွေ ထုတ်မှာ ဖြစ်တယ်။

E-4B ကြီးတွေရဲ့ စွမ်းဆောင်ရည် အများစုကို လျှို့ဝှက်ထားတာကြောင့် ကျွန်တော်တို့အနေနဲ့ အနည်းငယ်ပဲ သိနိုင်ကြပါတယ်။ ဒီ လေယာဉ်မှာ ခန်းဖွင့် သုံးခုပါမယ်။ လူ ၁၁၂ ယောက်ထိ နေနိုင်မယ်။ အင်ဂျင်ကြီး လေးလုံးနဲ့ ဆီမဖြည့်ရဘဲ ၁၂ နာရီကြာ တောက်လျှောက် ပျံသန်းနိုင်တယ်။ လေထဲမှာ ရက်နဲ့ချီ ပျံသန်းနေရမှာကြောင့် ဝေဟင်ဆီဖြည့်မှုလည်း လုပ်နိုင်မှာ ဖြစ်တယ်။

E-4B လေယာဉ်ရဲ့ တစ်နာရီ ပျံသန်းတဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၆၀၀၀၀ နီးပါး ရှိတယ်။ ဒါကြောင့် လေတပ်မှာ တပ်တော်ဝင်နေတဲ့ လေယာဉ်တိုင်းထက် အဖိုးအခ ပိုကြီးတယ်။ ဒီ လေယာဉ်တွေကို နျူကလီးယား ဗုံးဒဏ်ခံနိုင်အောင် တည်ဆောက်ထားတယ်။ ရေဒီယိုဓာတ်ရောင်ခြည်ကနေ ကာကွယ်နိုင်အောင် ပြတင်းပေါက်တွေမှာ ၀ါယာကွန်ရက် တပ်ဆင်ထားတယ်။ ဘယ်လို ပုံစံမျိုးလည်းဆိုတော့ မိုက်ခရိုဝေ့ဖ်ရဲ့ အပေါက်တွေလို ပုံစံမျိုးပဲ။ ယာဉ်ပေါ်မှာ ပါတဲ့ အီကွေမန့်တွေနဲ့ ၀ါယာတွေကလည်း လျှပ်စစ်သံလိုက်လှိုင်းကို တွန်းခံနိုင်တာတွေ ဖြစ်တယ်။ အပူဆန်ကြောနဲ့ နျူကလီးယား ကာဒိုင်းတွေနဲ့ ဖုံးအုပ်ထားတာဖြစ်ပြီး မီးတောက်ထဲ ဖြတ်ပျံသန်းနိုင်တယ်။

လေယာဉ်ဟာ စစ်ပွဲဝင် ပုံစံမျိုးနဲ့ သင့်တော်အောင် နေရာအထားအသိုကို သေချာ ပြင်ဆင်ထားတာ ဖြစ်တယ်။ ယာဉ်ရှေ့ပိုင်းမှာ အကြီးတန်းစစ်အရာရှိတွေအတွက် နေရာ ဖြစ်တယ်။ လေယာဉ်ရဲ့ အပေါ်ထပ်မှာ လေတပ်တပ်ဖွဲ့ဝင်တွေအတွက် နံရံကပ်အိပ်စင် ၁၈ ခုပါတယ်။ သူတို့ဟာ ၂၄ နာရီ၊ တစ်ပတ် အလှည့်ကျ တာဝန်ထမ်းရမယ်။ လေယာဉ်အောက်ထပ်မှာတော့ အစည်းအဝေးခန်းပဲ။ သမ္မတ၊ ကာကွယ်ရေးဝန်ကြီးနဲပ စစ်ဦးစီးချုပ်ရုံး တာဝန်ရှိသူတွေ စစ်မိန့်တွေ ညွှန်ကြားချက်ထုတ်ရာ အခန်းပဲ ဖြစ်တယ်။ ဒါအပြင် သတင်းခန်းလည်း ပါရှိပြီး ပျံသန်းရင်း သတင်းထုတ်ပြန်တာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။

လေယာဉ်ရဲ့ အလယ်ကတော့ စစ်တပ်ရဲ့ ဌာနအသီးသီးက အရာရှိတွေ စစ်ရေးဗျူဟာ ချမှတ်ဖို့ အခန်းဆောင်ဖြစ်တယ်။ အဲဒီ အခန်းဟာ တိုက်ပွဲဝင်အခန်းလို့ ခေါ်တယ်။ ပြီးတော့ ဆက်သွယ်ရေးနဲ့ နည်းပညာထိန်းချုပ်ခန်းလည်း ရှိနေပြီး အဲဒီ အခန်းကနေ ကမ္ဘာမြေပြင်ပေါ်က ဘယ်လိုအခြေအနေ၊ ဘယ်သူမဆိုဆီ လုံးဝနီးပါးကို လှမ်းဆက်သွယ်နိုင်မှာ ဖြစ်တယ်။

စကော့မတ်ကန်ဒလက်စ် ။ ။ လေယာဉ်ရဲ့ ဒီဇိုင်းကတော့ နျူကလီးယားစစ်တွင်း တကယ့်ကို ပြင်းထန်ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကို အံ့တုနိုင်တဲ့ ဒီဇိုင်း ဖြစ်တယ်။ နျူကလီးယား စစ်အတွင်းနဲ့ စစ်အပြီး ကြံ့ကြံံ့ခိုင်နိုင်တဲ့ လေယာဉ်တွေပဲ။ နျူကလီးယားဒဏ်ကို လွန်မြောက်နိုင်ပြီး လေယာဉ်ပေါ်က ခေတ်အမီဆုံး ဆက်သွယ်ရေး နည်းပညာတွေနဲ့ မြေပြင်က ဘယ်လို ခေတ်ဟောင်း၊ ခေတ်ဆွေး ဆက်သွယ်ရေးနည်းပညာမဆိုကို လှမ်းချိတ်ဆက်ပြီး ဆက်သွယ်နိုင်တယ်။ ဒီ လေယာဉ်ပေါ်ကနေ စစ်မြေပြင်တပ်ဖွဲ့တွေနဲပ အမေရိကန်အစိုးရအဖွဲ့က ကျန်သူတွေဆီ လှမ်းဆက်သွယ်နိုင်စွမ်း ရှိပါတယ်။

နောက်ခံပြောသူ ။ ။ E-4B လေယာဉ် ထိပ်မှာ ရှိတဲ့ နည်းပညာပူဖောင်းက ဆက်သွယ်ရေးနည်းပညာအားလုံး ရှိနေရာ ဖြစ်တယ်။ ray dome လို့ အမည်ပေးထားတယ်။ အဲဒီ နည်းပညာပူဖောင်းမှာ ဆက်သွယ်ရေးစလောင်းနဲ့ အင်တာနာပေါင်း ၆၄ ခုလောက် ပါ၀င်ရှိနေတယ်။ E-4B ရဲ့ ဆက်သွယ်ရေးစွမ်းဆောင်ရည်ဟာ အမေရိကန်သမ္မတ စီးနင်းရာ Air Force One လေယာဉ်ကြီးက စနစ်တွေထက် သာလွန်ကောင်းမွန်တယ်။ လေယာဉ်ရဲ့ နောက်ဖျားက အမြီးတန်းကြိုးဟာ ငါးမိုင်လောက်အထိ ရှည်လျားပြီး ရေအောက်က ရေငုပ်သင်္ဘောဆီကို ဆက်သွယ်စေနိုင်တာ ဖြစ်တယ်။

ဒါပေမယ့် ဒီလို ခေတ်လွန် ဆက်သွယ်ရေး နည်းပညာတွေနဲ့ ခေတ်ဆွေးဆက်သွယ်ရေးနည်းပညာတွေလည်း လေယာဉ်ပေါ်မှာ ပါရှိနေတာကို အံ့သြဖွယ် တွေ့ရမှာ ဖြစ်တယ်။ ဘာတွေလည်းဆိုတော့ ဒီလေယာဉ်မှာ ဒီဂျစ်တယ်၊ touch screens တွေ မရှိဘူးလေ။ အားလုံး analog စနစ်တွေချည်းပဲ။ ဒါပေမယ့် တကယ့် အသုံးဝင်တဲ့ နည်းပညာတွေပါပဲ။

ပစ်ကရဲလ် ။ ။ အမှန်တော့ E-4B မှာ ပြတင်းပေါက်တွေ မရှိပါဘူး။ လေယာဉ်အတွင်းပိုင်းဟာ တကယ့် ငြီးငွေ့စရာပါပဲ။ ၁၉၇၀ ၊ ၈၀ ခုနှစ်တွေက အပြင်အဆင်မျိုးနဲ့ အရောင်မွဲမွဲ ရှိတယ်။
နောက်ခံပြောသူ ။ ။ ကမ္ဘာ့နိဂုံးလေယာဉ်ရဲ့ အဆုံးစွန်သော အသုံးတော်ခံဖို့ကတော့ လက်တွေ့ အလုပ်ဖြစ်နိုင်တဲ့ လေယာဉ်ဖြစ်ပြီး အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားတဲ့ လေယာဉ်အဖြစ် အလုံးစုံ ရည်မှန်းထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ဟာ ကမ္ဘာ့နိဂုံလေယာဉ်ကြီးတွေရဲ့ စွမ်းဆောင်နိုင်ရည်အပြည့်ကို ဘယ်တော့မှာ မြင်တွေ့ရလိမ့်မှာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းနေတဲ့ အခါသမယမှာ E-4B လေယာဉ်ရဲ့ အဓိက တာဝန်ဟာ ကာကွယ်ရေးဝန်ကြီးကို ပြည်ပခရီးစဉ်တွေအတွက် အသယ်အပို့ ထမ်းဆောင်တာဖြစ်ပြီး သမ္မတရဲ့ ပြည်ပခရီးစဉ်တွေမှာ Air Force One နောက်ကနေ ခြံရံတဲ့ လေယာဉ်ကြီးအဖြစ်ပဲ အသုံးတော်ခံနေတာ ဖြစ်ပါတယ်။

ဂါစီယာ ။ ။ အဲဒီလို အသုံးတော်ခံနေရတဲ့ မစ်ရှင်ကတော့ ငြီးငွေ့စရာပေါ့။ ဒါဟာ လှောင်စရာတော့ မဟုတ်ပါဘူး။ ခက်ခဲအကြမ်းတမ်းဆုံး အရာတွေထဲက ပြင်ဆင်မှု တစ်ခုလို့ အသိအမှတ်ပြုရမှာ ဖြစ်တယ်။ နေ့စဉ်နေ့တိုင်း အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်အသင့်ရှိနေရတာကိုပဲ ခင်ဗျားအနေနဲ့ စိတ်ကူးကြည့်ရင် သိပါလိမ့်မယ်။

Rf-BI > မောင်သံဆင့်(XYZ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page