ပညာရေးဝန်ကြီးဌာနမှ မိဘ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက် (၁၆) ချက် ထုတ်ပြန်
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မိဘ၊ အုပ်ထိန်းသူနှင့် ပြည်သူများသို့ ပညာရေးဝန်ကြီးဌာနမှ မေတ္တာရပ်ခံချက် ၁၆ ချက်ကို (ဇူလိုင် ၈ ရက်) က ကြေညာလိုက်သည်။
ကျောင်းသားဦးရေ တိုးတက်များပြားလာခြင်းကြောင့်လည်းကောင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မားလာခြင်းကြောင့်လည်းကောင်း၊ ထပ်ကျော့ကျောင်းအပ်နှံခြင်းကြောင့်လည်းကောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်များကို လုံလောက်စွာ ဖြန့်ဝေပေးလိုသဖြင့် မြို့နယ်အလိုက် သတ်မှတ် နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်၊ ငွေကြေး(သို့မဟုတ်) လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုရန်၊
မိဘများအနေဖြင့် သားသမီးအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်သော တီထွင် ကြံဆနိုင်စွမ်းရှိသည့် လူသားကောင်းများ ဖြစ်လာစေရန်အတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ရေးနှင့် အိမ်စာ မှန်မှန်လုပ်ဆောင်ရေးအတွက် မိဘများက ကြီးကြပ်၍ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း ပေးရန်တိုက်တွန်းထားသည်။
ထို့အပြင် ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်း (၄)ကြိမ် စစ်ဆေးမည်ဖြစ်ပြီး နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ် မတ်လတွင်လည်းကောင်း၊ သက်ဆိုင်ရာ အတန်းအလိုက် စစ်ဆေး အကဲဖြတ်ခြင်း ပြုလုပ်ပြီးလျှင် ဖြည့်ဆည်းသင်ကြားပေးခြင်းကို နှစ်ဆုံးစစ်ဆေးခြင်း မတိုင်မီအထိလည်းကောင်း၊ ဆောင်ရွက်မည်ဖြစ်သဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရေး၊ မိမိသား၊ သမီးများကို တိုက်တွန်းအားပေးရန်၊ မိဘဆရာအသင်းနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်နှင့် မျှဝေခြင်းဆိုင်ရာ အစီအစဉ်တွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လည်းထုတ်ပြန်ထားသည်။
ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအနေဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊ နှင့် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန်၊ မျိုးဆက် ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးနှင့် ကျောင်းသား၊ ကျောင်းသူများ (TV, Video, Phone, Computer) ဂိမ်းစွဲလမ်းမှု ပပျောက်စေရေး အသိပညာပေးရေး တို့ကို ပူးပေါင်းဆောင်ရွက်ကြရန် လည်း နှိုးဆော်ထားသည်။
ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များကို ကျောင်းသား၊ ကျောင်းသူ များ ညွှန်ကြားချက်များအတိုင်း စနစ်တကျတပ်ဆင်ပြီး သင်ယူနိုင်ရေး ပူးပေါင်းကူညီရန်၊ ကျောင်းသား၊ ကျောင်းသူများ လက်ကို ရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့်(၂၀)ကြာအောင် လိုအပ်သည့် အခါတိုင်း စနစ်တကျ မကြာခဏ ဆေးကြောရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ လက်ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများ မကိုင်ရေးအတွက် ပူးပေါင်းကူညီရန်နှင့် ကျောင်းသား၊ ကျောင်းသူများ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာစေဘဲ နီးစပ်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ရန်နှင့် ဆေးကုသမှု ခံယူရန် မေတ္တာရပ်ခံထားသည်။
မိဘများအနေဖြင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကြံပြုကြပါရန်နှင့် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားလိုပါက ဒုတိယအမြဲတမ်းအတွင်းဝန် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)၊ နေပြည်တော်(သို့မဟုတ်) dpsoffice@moe.edu.mm သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း ကြေညာချက်တွင်ပါရှိသည်။