မြန်မာ့လက်ဖက်ခြောက်စျေးကွက်ကိုလည်း ပေါက်ဖော်တို့ ဒုက္ခပေးလိုက်ပြန်ပြီ (နေရာစုံပါပဲဗျာ)
မြန်မာ့လက်ဖက်ခြောက်စျေးကွက်ကိုလည်း ပေါက်ဖော်တို့ ဒုက္ခပေးလိုက်ပြန်ပြီ (နေရာစုံပါပဲဗျာ)
တရုတ်မှောင်ခိုလက်ဖက်ခြောက်များကြောင့် မြန်မာလက်ဖက်ခြောက်များ စျေးကွက်ပျောက်ဆုံးလာ
တရုတ်နိုင်ငံမှ မှောင်ခိုတင်သွင်းသည့် လက်ဖက်အချိုခြောက်များအား မယှဉ်ပြိုင်နိုင်သဖြင့် ပြည်တွင်းလက်ဖက်အချိုခြောက်များ ဈေးကွက်ပျောက်ဆုံးလာကြောင်း လက်ဖက်ခြောက် လုပ်ငန်းရှင်များထံမှ သိရပါတယ်။
တရုတ်နိုင်ငံမှ လက်ဖက်ခြောက်များကို တရားမဝင် မှောင်ခိုတင်သွင်းနေကြသဖြင့် ၂၀၁၀ ခုနှစ်မှစ၍ ယခုအချိန်အထိ ပလောင်ဒေသ လက်ဖက်ခြောက်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများကို ဆိုးရွားစွာထိခိုက်လာနေပြီး မြန်မာလက်ဖက်ခြောက်များ အနေဖြင့်အရည်အသွေးပိုင်း မယှဉ်ပြိုင်နိုင်သည့်အတွက် ဈေးကွက်အတွင်း တဖြည်းဖြည်းနေရာပျောက်ဆုံးလာလျက် ရှိကြောင်း သိရပါတယ်။
“အခုထိ ချင်းရွှေဟော်ဘက် မှောင်ခိုလမ်းကနေ တရုတ်အချိုခြောက်တွေ သွင်းနေတယ်လို့တော့ ကြားတယ် ။ အဓိကကတော့ အချိုခြောက်ပေါ့ သူတို့ရဲ့ စိုက်ပျိုးမှုပုံစံလည်း မယှဉ်နိုင်ဘူး ။ တရုတ်နိုင်ငံနဲ့ စိုက်ခင်းစနစ်က တစ်ဧကကို ရှစ်ထောင်တစ်သောင်းလောက်ရှိတယ် ။ ဒီမှာကတစ်ဧကကို လက်ဖက်အပင် သုံးထောင်ကျော်လောက်ပဲရှိတယ် ။ အရည်အသွေးလည်း မယှဉ်နိုင်တာက အများကြီးပဲ ” ဟု မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနာယက ကိုကျော်သီဟက ပြောပါတယ်။
လက်ရှိတွင် တရုတ်နိုင်ငံထုတ် လက်ဖက်အချိုခြောက်များမှာ မြန်မာနိုင်ငံသို့ တစ်လလျှင် တန် ၁၀၀ ခန့် တစ်နှစ်လျှင် တန် ၁,၀၀၀ ကျော်ဝန်းကျင် ဝင်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် လက်ဖက်အချိုခြောက်ဈေးကွက်၏ ၈၅ ရာခိုင်နှုန်းခန့်အား တရုတ်လက်ဖက်ခြောက်များ လွှမ်းမိုးလျက်ရှိနေကြောင်း သိရပါတယ်။
“တရုတ်က အချိုခြောက်တွေ လစဉ်တန်နဲ့ချီပြီး ဝင်နေတယ်။ သူတို့ကို အရည်အသွေးပိုင်းမှာ မယှဉ်နိုင်လို့ ဈေးကွက်မှာလည်း တဖြည်းဖြည်း နေရာပျောက်လာပြီ။ ပလောင်ဒေသမှာရှိတဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ တောင်သူတွေကို SME ချေးငွေတွေ ရရှိအောင် ပံ့ပိုးကူညီပေးဖို့လည်း လိုအပ်နေပါတယ် ” ဟု ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးဝင်းကျော်က ပြောပါတယ်။
တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် လက်ဖက်အချိုခြောက်များကြောင့် မြန်မာနိုင်ငံ ပြည်တွင်းလက်ဖက်ခြောက်စက်ရုံများမှာ ထုတ်လုပ်မှုနှင့် အရည်အသွေးပိုင်းတွင် မယှဉ်ပြိုင်နိုင်သည့်အတွက် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ခန့်မှစ၍ လက်ရှိအထိ လက်ဖက်ခြောက်စက်ရုံပေါင်း ၁၂၀ နီးပါး ပိတ်သိမ်းရပ်နားသွားခဲ့ကြောင်း သိရသည် ။