ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ နွားမေတ္တာစာ
နဖူးလက်တင် အိမ်ရာဝင် ဆင်ခြင်ကြည့်ကာ စဉ်းစားပါ။ လူ့ဘောင်လောကီ နွားကိုမှီ လီလီဖြာဖြာ အကျိုးလာ။ နွားအရင်းပြု ပစ္စည်းမှု စုလို့လှုတာကျေးဇူးပါ။ လူတို့ကိုးကွယ် ဘုရားတည် အုတ်သယ်တိုက်ရှာ နွားတို့မှာ။ သိမ် ကျောင်း ဇရပ် ဆောက်တုံလက် မပြတ်နွားတို့မှာ ရုန်းရရှာ။
လင်နေ သားမွေး အိမ်ထောင်ရေး အပြေးရုန်းတာ နွားသတ္တဝါ။ နွားမှာပိန်ချုံး တကုန်းကုန်း ရုန်းရဝန်တာ ထွန်လယ်ယာ။ ပြောင်း၊ ပဲ၊ ဗူး၊ နှမ်း၊ ဝါ၊ ခရမ်း စိုက်ခန်း၌ပါ ရုန်းရရှာ။ မချိသွားဖြဲ စပါးလှည်း အမြဲတိုက်ရာ နွားနှင့်သာ။ လှည်းကဖြုတ်ဟယ် စပါးနယ် တကယ်ခိုင်းတာ ပတ်ပတ်ချာ။
ကောက်ပြန် ဆင်းခိုက် သစ်ကိုတိုက် ရိုက်လိုက်ကြောမှာ ကြိမ်ဒဏ်ရာ။ မိန်းမမီးဝင် ထင်းတိုက်လျှင် နွားပင်ခိုင်းတာ မညှာတာ။ တောတောင်ကြီးထဲ သစ်ကိုဆွဲ အားနှင့်ရုန်းတာ နွားတို့ပါ။ ဘုရားပွဲသွား “တဟားဟား “ပျော်ပါးပေရှာ လူတို့မှာ။
မပြတ်ဝန်ရုန်း နွားပခုံး “ဟုန်းဟုန်း” တောက်ကာ လောင်မီးပြာ။ ကြမ်းတမ်းစွာပဲ “ဟဲ့….အမဲ” ကြိမ်ဆဲခါခါ ခံရရှာ။ ခြေကုန်လက်ပန်း မောဟိုက်နွမ်း မလှမ်းနိုင်ရှာ ရုန်းရပါ။ မှက်၊ ခြင်ကကိုက် ကြိမ်နှင့်ရိုက် ဝဋ်ဆိုက်လေတာ နွားတို့သာ။
နွားတို့လုပ်ပေး ရွှေ သူဌေး ငွေရေးကျယ်စွာ လူတို့သာ။ လက်ကောက် ဆွဲကြိုး, စိန်, ဆံထိုး, မျိုးမျိုးဆင်ရာ နွားလုပ်စာ။ နွားချေးတန်ဖိုး သီးနှံဖြိုး မျိုးမျိုးကောင်းရှာ လယ်တောင်ယာ။ နှာခေါင်းသွေးယို နွားချေးကို ဆေးလိုရှုတာ ကျေးဇူးပါ။ နွားနို့ ထောပတ် ဘောဇဉ်မြတ် ကပ်လှုရတာ အကျိုးဖြာ။
ကလေး လူကြီး နွားနို့မှီ ဖိစီးရောဂါ ပျောက်ကင်းကွာ။ ထူးထူးထွေထွေ ကျေးဇူးတွေ ပြုလေများစွာ နွားသတ္တဝါ။ ကျေးဇုးတွေများ သို့သော်ငြား ကျွေးထားပုံမှာ စုတ်ချာချာ။ ကောက်ရိုးကိုမှ မြတ်ခြောက်စ မဝရေစာ ကြွေးကြတာ။
ခိုင်းလို့ အားကုန် သားသတ်ရုံ စုပုံပို့ရှာ နွားတို့မှာ။ -တ်မည့်တံဆိပ် ထိပ်မှာနှိပ် ကြိတ်၍ငိုရှာ သူတို့မှာ။ အရုဏ်လည်းတက် နွားအသက် ဒါးလက်နက်မှာ သေရရှာ။ ဒါးကိုလည်းနုတ် ဝိညာဉ်ပြုတ် အဟုတ်နွားမှာ သေရရှာ။
မိကွဲ ဖကွဲ “ဘူ ဘူ ဘဲ” အမြဲအော်ရှာ နွားလေးမှာ။ ကျေးဇူးကြီးမား နွားကိုများ သတ်စားရက်တာ လူများစွာ။ နွားတို့သေထ နောက်ဘဝ ဖြစ်ကြမည်သာ ဘီလုးရွာ။ ကျေးဇူးကြီးမား ထိုသည်နွား ထောက်ထားအပ်စွာ များသူငါ။
နွားသားဆိုလျှင် စားရှောင်ကြဉ် ကင်းစင်ရောဂါ ဘေးဘယာ။ ငရဲလည်းလွတ် လူ့ကျင့်ဝတ် မချွတ်မှန်စွာ ရှောင်ကြဉ်ပါ။ ကျေးဇူးကြီးမား ထိုနွားသား စားရက်လေရှာ လူများစွာ။
(နွားသား မစားရခြင်းကြောင့် မိမိတို့၏အသက် မသေနိုင်သော်လည်းပဲ မိမိတို့စားနေခြင်းကြောင့် ပင် သူတို့တွေရဲ့ အသက်တွေ နေ့စဉ်နှင့်အမျှ ပေးဆပ်နေရတယ်ဆိုတာ သတိပြုပါ)
လယ်တီဆရာတော်ဘုရားကြီး