မြန်မာတွေဆီက မရှိမဲ့ ရှိမဲ့ငွေကို ဂိုဏ်းဖွဲ့ပြီး လိမ်စားနေတဲ့ ဖြစ်ရပ်(ဖုန်းအပလီကေးရှင်းနဲ့ လိမ်နည်းအသစ်ပါ)

လူလိမ်အပလီကေးရှင်းများကို ရှောင်ကြပါ။ အားလုံးကိုအသိပေးကြပါ။

ရက်ပိုင်းအတွင်း အလိမ်ခံရပြီး မွဲပြာကျသွားသူတွေ မနည်းပါ။ တရုတ်ပြည်ကလာတဲ့ လူလိမ်ဂိုဏ်းကြီးတွေရဲ့လက်ချက်ပါ။

အခုတလော စင်ကာပူမှာရော မလေးရှားမှာပါ လူလိမ်အပလီကေးရှင်းတွေ တွေ့ရပါတယ်။ ဒီအပလီကေးရှင်းတွေရဲ့ လိမ်ပုံက ဒီလိုပါ။

အရင်ဆုံး အပလီကေးရှင်းကိုဒေါင်းပြီး သူတို့ဂရုကို ဝင်ရပါတယ်။ သူတို့ညွှန်တဲ့ ဘောလုံးပွဲ ပွဲစဉ်တွေဝင်ပြီး ဂိုးအရေအတွက်ကို သူတို့အပလီကေးရှင်းမှာ သွားကလစ်နှိပ်ရပါတယ်။

အဲ့လိုလုပ်ရင် ကော်မရှင်ကြေး % ငွေတစ်ခုရပါတယ်။ အစပိုင်းအပလီကေးရှင်းတစ်ခုက ကော်မရှင်ကြေး 2 % ပေးပါတယ်။

အဲ့ဒီမှာ တရုတ်ယွမ်ငွေ ၁၀၀၀ ကနေစပြီးငွေသွင်းခိုင်းပါတယ်။ ငွေသွင်းတာများရင် ကော်မရှင်ကြေး % ရတာပိုများပါတယ်။ ဂိုဏ်းအကြီးစားအနေနဲ့မြန်မာစကားတတ်သူကိုပါ ဂရုထဲမှာထည့်ထားပြီး အယုံသွင်းပြီးလိမ်တာပါ။

နောက်ဆုံးငွေလည်းထုတ်မရ၊ အပလီကေးရှင်းလည်းဝင်မရ၊ အရင်ရက်က ခေါ်လို့ရတဲ့ ဖုန်းနံပါတ်တွေ ခေါ်ကြည့်ရင်လည်း ခေါ်မရ ဖြစ်ကုန်ပါတယ်။

ဒီအကြောင်းကို သတင်းစာမှာ ဖတ်ရတဲ့အပြင် ဒီနေ့ကျနော့်ကို ကိုယ်တိုင်ခံခဲ့ရသူ မြန်မာတစ်ယောက်က သူများတွေ မခံရအောင် ရေးပေးဖို့ စေတနာနဲ့ ပြောလာပါတယ်။

အခုဘောလုံးပွဲအပလီကေးရှင်းတွေက အစပိုင်းမှာ မျိုးစုံအယုံသွင်းပါတယ်။ ကော်မရှင်ကြေးတစ်ခု စရတော့ ဟုတ်ပြီဆိုပြီး ကိုယ်ရော၊ ကိုယ့်မိန်းမရော၊ မြန်မာပြည်က မိသားစုကိုရော ဝင်ခိုင်းပါတော့တယ်။

အားလုံးကော်မရှင်ကြေးရလိုက် ငွေသွင်းလိုက်၊ ကော်မရှင်ကြေးရလိုက် လောဘထပ်တက်လာပြီး ငွေထပ်သွင်းလိုက်နဲ့ ပင်ပင်ပန်းပန်းရှာပြီး မစားရက်မသောက်ရက်စုထားတဲ့ စုငွေတွေ ပါပါကုန်တာပါ။

မလေးရှား၊ စင်ကာပူ၊ ထိုင်းစတဲ့ နိုင်ငံတွေက မြန်မာလုပ်သားတွေ ဒီလိုခံရတာမနည်းပါ။ လူထောင်ပေါင်းများစွာပါ။

အိမ်ကို ပြန်မပြောရဲတဲ့သူတွေ၊ ရှက်လို့ ထုတ်မပြောသူတွေလည်း မနည်းပါ။ မပေါ့ကြပါနဲ့။ အခုမြန်မာတွေအလိမ်ခံထားရတဲ့ ပမာဏတင် သိန်းသောင်းချီပါတယ်။ ကြိုတင်ရှောင်ရှားနိုင်ရန် သတိပေးကြပါ။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page