ပြင်ဦးလွင်မှာ မြေကွက်ဝယ်ထားသူတွေ ကျူးဖြစ်သွားခြင်းနှင့် ပွဲစားများ ထည့်တဲ့ ဂျင်း
ပြင်ဦးလွင်မှာ မြေကွက်ဝယ်ထားသူတွေ ကျူးဖြစ်သွားခြင်းနှင့် ပွဲစားများ ထည့်တဲ့ ဂျင်း
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိဘဲ ကျူးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်/သွပ်ဆူးကြိုးကာရံခြင်း၊ အုတ်တံတိုင်း ခတ်ကာရံ၍ အဆောက်အဦ အခိုင်အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင်ဆောင်ရွက်နေသူများ အား ဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြင်ဦးလွင်တွင် မြေကွက်များကို အကွက်ရိုက်၍ စျေးနှုန်းချိုသာစွာဖြင့် ရောင်း ချမှုများ ၂၀၁၅ ခုနှစ်မှစတင်၍ ခေတ်စားလာပြီး အနယ်နယ်အရပ်ရပ်မှ ပြင်ဦးလွင်သို့ သွားရောက်ဝယ်ယူမှုများရှိကြောင်း၊ အဓိက အားဖြင့် အရပ်စာချုပ်များဖြင့် ဝယ်ယူရောင်းချမှုများရှိကြောင်း၊ အထူးသဖြင့် လူမှုကွန်ရက်တွင် စျေးပေါပေါဖြင့် ပြင်ဦးလွင်မြေကွက်များ ရောင်းချမှုများ လွန်စွာ တွင်ကျယ် နေကြောင်း ရန်ကုန်အခြေစိုက် စကားဝါ အိမ်ခြံမြေ အကျိုးဆောင်မှ ဦးလွင်က ဆိုပါတယ်။
“တကယ်တော့ အရပ်စာချုပ်တွေနဲ့ ရောင်းကြ ဝယ်ကြတာတွေက ပြင်ဦးလွင်ဘက်မှာ တော်တော်များတယ်။ တချို့စာချုပ်တွေမှာက ဒေသက ကျေးရွာ ရပ်ကွက်လူတွေနဲ့ပဲ လက်မှတ်ထိုးရောင်းကြတာ။ အခုတော့ သစ်တောဘက်က ဒီလို စပြီး ကြေညာတာကြောင့် ကျနော်ထင်ပါတယ် အတော်များများ ဆုံးရှုံးမှုတွေတော့ ကြုံရမယ့် အခြေအနေပါပဲ” ဟု စကားဝါ အိမ်ခြံမြေ အကျိုးဆောင်ဦးလွင်က ဆိုပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ သစ်တောကြိုးဝိုင်းအတွင်း ပါဝင်သော မြေကွက်များကို မြေကွက် ပေ ၄၀ x ပေ ၆၀ အကွက်တကွက်လျှင် ငွေကျပ် ၂၅ သိန်းမှ အကျယ်အဝန်းနှင့် နေရာကိုလိုက်၍ သိန်းရာကျော်အထိ စျေးပေါက်၍ အရောင်းအဝယ်လုပ်မှုများ ရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။