ကြိုးစားနေတာချင်း တူရင်တောင် တွေးခေါ် မြော်မြင်နိုင်စွမ်းရှိမှ ခြေတစ်လှမ်းသာမည် (ပုံပြင်)
ဘဝမှာ ကြိုးစားနေတာချင်း တူရင်တောင် တွေးခေါ် မြော်မြင်နိုင်စွမ်းရှိမှ ခြေတစ်လှမ်းသာမည် (ပုံပြင်)
တစ်ခါက ရွာတစ်ရွာမှာ အလွန်ကျွမ်းကျင်တဲ့ သစ်ခုတ်သမား ၂ ယောက် ရှိပါသတဲ့။ တစ်ယောက်ကတော့ အသက် ကြီးရင့်လာပေမယ့် အတွေ့အကြုံ ရင့်ကျက်တဲ့ သစ်ခုတ်သမား ဖြစ်ပြီး နောက် သစ်ခုတ်သမားကတော့ ငယ်ရွယ်ပြီး ခွန်အားဗလနဲ့ ပြည့်စုံ လှပါသတဲ့။
တနေ့မှာတော့ သစ်ခုတ်သမား ၂ ယောက်ဟာ သူတို့အရည်အသွေးကို ပြိုင်ပွဲတစ်ခု ကျင်းပပြီး ယှဉ်ပြိုင်ဖို့ သဘောတူလိုက်ကြတယ်။ အနိုင်အရှုံး ဆုံးဖြတ်မှုကိုတော့ တစ်နေ့ထဲမှာ သစ်ပင် အရေအတွက် ပိုများအောင် ခုတ်နိုင်တဲ့ လူက အနိုင်ဆိုပြီး သတ်မှတ်လိုက်ကြပါတယ်။
ဒီလိုနဲ့ ပြိုင်မယ့်နေ့မှာ ငယ်ရွယ်တဲ့ သစ်ခုတ်သမားဟာ စိတ်ဓာတ် တက်ကြွစွာနဲ့ အားကြိုးမာန်တက် ခုတ်ဖို့ သစ်တောထဲကို မနက် အစောကြီး ဝင်သွားခဲ့တယ်။ သူဟာ ငယ်ရွယ်တဲ့အပြင် ပိုမို ခွန်အားကြီးမားတာမို့ ကြိုးစားမှုချင်း တူရင် သူအနိုင် ရ ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ မရပ်မနား ခုတ်ပါတယ်။
ဒီလို ခုတ်နေရင်းနဲ့ တစ်ဖက် တောအုပ်က ပြိုင်ဖက်ရဲ့ သစ်ပင်ခုတ်သံကို နားစွင့်မိတဲ့အခါ အချိန်မှန်မှန် သစ်ခုတ်သံကို ကြားရပြီး ၂ နာရီခြားတစ်ခါ သစ်ပင်ခုတ်သံ ရပ်သွားတာကို သတိထားမိတယ်။
ပြိုင်ဖက် သစ်ခုတ်သမားဟာ ၂ နာရီခြား တစ်ခါ အနားယူတယ်ဆိုတာ သိလိုက်ရတဲ့ အခါမှာ သစ်ပင်တစ်ပင် လှဲချလိုက်တိုင်း သူ့စိတ်ဓာတ်တွေ ပိုမို တက်ကြွလာတယ်။ ဒီလို စိတ်အာရုံနဲ့ ခုတ်နေလိုက်တာ ဘယ်လို နေဝင်သွားတယ်ဆိုတာတောင် သတိ မထားမိအောင်ပါပဲ။
အနိုင်အရှုံး ဆုံးဖြတ်ဖို့ အချိန် ကျရောက် လာခဲ့ပါပြီ။ ငယ်ရွယ်တဲ့ သစ်ခုတ်သမားဟာ ယုံကြည်မှု အပြည့်နဲ့ သူသာလျှင် အနိုင်ရမယ်လို့ မျှော်လင့်ထားပေမယ့် လက်တွေ့မှာတော့ အတွေ့အကြုံ ရင့်ကျက်တဲ့ သစ်ခုတ်သမားရဲ့ သစ်လုံးတွေက သူခုတ်တာထက် ပိုများနေတာကို တွေ့လိုက်ရတယ်။
ဒါကြောင့် လူငယ်က ရင့်ကျက်တဲ့ သစ်ခုတ်သမားကိုမေးခွန်း ထုတ်လိုက်ပါတယ်။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဗျာ”
“ခင်ဗျား ကျွန်တော့်လောက် မခုတ်နိုင်သလို ကျွန်တော့်လောက်လဲ မခုတ်ခဲ့ပါဘူး”
“ခင်ဗျား ၂ နာရီခြား တစ်ခါ နားနားနေတာ ကျွန်တော် သိနေရတာပဲလေ”
ရင့်ကျက်တဲ့ သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ်။ “ဒီမယ် လူကလေး မင်းမသိလိုက်တာ တစ်ခုက နားနေတဲ့ အချိန်တွေ တိုင်းမှာ ငါက ငါ့ ပုဆိန်ကို သွေးနေခဲ့တယ် ဆိုတာပဲ”
ဘဝမှာ ကြိုးစားနေတာချင်း တူရင်တောင် ကိုယ့်အားနည်းချက်ကို ပြင်ဆင်ပြီး မှန်ကန်စွာ တွေးခေါ် မြော်မြင် ရှေ့ဆက်တတ်တဲ့ သူက အမြဲ ခြေတစ်လှမ်းသာ လေ့ရှိတယ်။ (နေအောင်)