မြန်မာပြည်မှာ တစ်ဆင့်ပြီးတစ်ဆင့် အထက်ကိုတင်နေရတဲ့ ကြိုးနီစနစ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ

မြန်မာပြည်က ကြိုးနီစနစ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ…

ကျွန်တော့်အား မိတ်ဆွေတစ်ဦးက မေးခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော်သည် မိတ်ဆွေ၏ အမေးကို မဖြေခဲ့ရသေး။ သာမန်အားဖြင့် သူ့အမေးကို သူနားလည်အောင် ကျွန်တော်ဖြေနိုင်ချင်မှ ဖြေနိုင်ပေမည်။ သို့ကြောင့်လည်း ဥပမာတစ်ခုလောက်ပြနိုင်ရန် ကျွန်တော်စောင့်နေခြင်း ဖြစ်သည်။ သူ့အမေးမှာ “မင်းတို့ ပြောပြောနေတဲ့ ကြိုးနီစနစ်ဆိုတာ ဘာလဲကွ” ဟူ၍ ဖြစ်၏။

မနေ့ကတော့ သူ့ကို ဥပမာပေးရန် အဖြစ်အပျက်တစ်ခုကို တွေ့လာခဲ့သည်။ အစိုးရဌာနနှစ်ခုမှ ရုံးနှစ်ရုံးသည် အဆောက်အဦကြီး တစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ ထိုရုံးနှစ်ခုအနက်မှ တစ်ခုသောရုံးတွင် ခွေးတစ်ကောင်မွေးထား၏။ တစ်နေ့သောအခါ ထိုခွေးသည် ကပ်လျက်ရုံး ၏ အခန်းတွင်းသို့ သွား၍ နောက်ဖေးယိုခဲ့၏။ ဤသို့ပြုလုပ်ခြင်းသည် တစ်ကြိမ် မဟုတ် ကြိမ်ဖန်များလာသောအခါ နောက်ဖေးယိုခံရသောရုံးက ခွေးမွေးထားသောရုံးသို့ “လူကြီးမင်းတို့ရုံးမှ မွေးထားသောခွေးသည် ကျွန်တော်တို့၏ ဧည့်ခန်းနှင့် ရုံးခန်းအတွင်းတွင် မကြာခဏလာရောက်၍ နောက်ဖေးယိုနေ သော ကြောင့် နောက်နောင် ထိုသို့ မဖြစ်စေရေးအတွက် အရေးယူဆောင်ရွက်ပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟူသော စာကို ပို့လိုက်၏။

ယင်းစာသည် ခွေးမွေးထားသောရုံး၏ စာလက်ခံရာဌာနမှ “အဆင့်ဆင့် ဆက်လက် တင်ပြသည်၊ ဆက်လက်တင်ပြပါ သည်” ဟူသော မှတ်ချက် ဆယ်ခုလောက်ဖြင့် နောက်ဆုံး ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်ထံသို့ ရောက်သွား၏။ ထိုပုဂ္ဂိုလ်က “ယင်းကိစ္စ ဟုတ်၊ မဟုတ်စုံစမ်းတင်ပြပါ” ဟူသော မှတ်ချက်တွင် “အရေးယူဆောင်ရွက်ရန်၊ အရေးယူဆောင်ရွက်ရန်” ဟူသော ထပ်ဆင့်မှတ်ချက်များနှင့်အတူ အောက်သို့ ပြန်ကျလာ၏။

ထိုအခါ ယင်းကိစ္စကို ဟုတ်၊ မဟုတ် စုံစမ်းရေးအတွက် ရုံးအုပ်အဆင့်ရှိသူများက အဖွဲ့ဖွဲ့ကာ တစ်ပတ်ကျော်မျှ စုံစမ်းပြီး “စာအမှတ် မည်မျှဖြင့် တစ်ဖက်ရုံးမှ ပေးပို့သောကိစ္စသည် မှန်ကန်ပါသည်”ဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ရှိပုဂ္ဂိုလ်ဆီသို့ ရောက်သွားပြန်၏။ ထိုအခါ ယင်းပုဂ္ဂိုလ်က “ယင်းကိစ္စ မှန်ကန်လျှင် မည်သို့ အောက်သို့ ပြန်ချပေးလိုက်ပြန်၏။ အောက်သို့ ကျလာသောအခါ ရုံးအုပ်နှင့် အဖွဲ့သည် မည်ကဲ့သို့ဖြေရှင်းရမည်ကို အချိန်ယူ၍ ဆွေးနွေးတိုင်ပင်ကာ နောက်ဆုံး၌ ရုံးအုပ်နှင့်အဖွဲ့က လူကြီးမင်း၏ မှတ်ချက်အမိန့်အရ နည်းလမ်းများကို ရှာဖွေရာ အောက်ပါနည်းလမ်းများကို တွေ့ရှိပါသဖြင့် တင်ပြအပ်ပါသည်ဟု ဆိုကာ အောက်ဖော်ပြပါ နည်းလေးနည်းကို တင်ပြခဲ့သည်-

(က) ယင်းခွေးကို သတ်ပစ်ခြင်း၊ (ခ) ယင်းခွေးကို အဝေးသို့ပို့ခြင်း၊ (ဂ) ခွေးဝင်သော အပေါက်ကို လုံးဝပိတ်ထားခြင်း၊ (ဃ) ခွေးမဝင်ရန် စာကပ်ထားခြင်း။

ထိုအခါ တာဝန်ရှိပုဂ္ဂိုလ်က အောက်မှတင်ပြသော နည်းလေးနည်းကို အောက်ပါအတိုင်း မှတ်ချက်ရေးကာ အဆင့်ဆင့် ပြန်ချပေးလိုက်၏။

(က)နည်းမှာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်၍ မရွေးချယ်နိုင်။ (ခ)နည်းမှာ ယင်းခွေးတွင် သားသမီးငယ်များ ရှိနေသည်ဟု သိရ၍ (က)နည်းတူ မရွေးချယ်နိုင်။ (ဂ)နည်းမှာ ရုံးနှစ်ရုံး၏ ဆက်သွယ်ရေးကိစ္စများကို ထိခိုက်စေသော ကြောင့် ယင်းနည်းကို ရွေးချယ်ရန် ကျွန်ုပ်ငြင်းဆို၏။ (ဃ)နည်းမှာမူ မည်သူကိုမှလည်း မထိခိုက် မဇ္ဈိမပဋိပဒါလည်း ကျသောကြောင့် ယင်းနည်းကို ကျွန်ုပ်ကိုယ်တိုင် ရွေးချယ်လိုက်သည်။

အထက်ပါမှတ်ချက်ဖြင့်စာသည် ရုံးထုံးစံအတိုင်း အဆင့်ဆင့်ကျလာပြီး အောက်ပိုင်းမှ စာတစ်စောင် ပြန်၍တက်လာပြန်၏။ ယင်းစာမှာ “လူကြီးမင်း ရွေးချယ်သော (ဃ)နည်းကို အသုံးပြုရေးအတွက် ခွေးမဝင်ရဟူသော စာကပ်ရန် မည်သည့် ပန်းချီဆရာဖြင့် ရေးရမည်ကို အမိန့်တောင်းခံပါသည်” ဟူ၍ ဖြစ်၏။ ထိုအခါ အထက်လူကြီးက “သင့်လျော်သော ပန်းချီ ဆရာ နာမည်များ တင်ပြပါ”ဟု မှတ်ချက်ဖြင့် ပြန်ကျလာ၏။

အောက်ပိုင်းမှ တဖန် ပန်းချီဆရာလေးဦး၏ အမည်များကို ယင်းတို့၏ အရည်အချင်း၊ အရည်အသွေးများနှင့်အတူ တင်ပြရာ အထက်မှ “ဖော်ပြပါ အရည်အချင်းများအရဆိုမူ ကျွန်ုပ်တို့သည် နံပါတ် (၂)ပန်းချီဆရာကို ရွေးသည်”ဟူသော မှတ်ချက် ဖြင့် ပြန်ကျလာ၏။

ရုံးအုပ်နှင့်အဖွဲ့သည် ရုံးထုံးစံအတိုင်း နံပါတ်(၂) ပန်းချီဆရာဖြင့် ခွေးမဝင်ရဟူသော စာတန်းကိုရေးဆွဲကာ ရုံးနှစ်ရုံး၏ အဝင်အထွက် တံခါးဝတွင် ချိတ်ဆွဲထားလိုက်၏။ သို့သော် မကြာမီ တစ်ဖက်ရုံးမှနေ၍ လွန်ခဲ့သော (၁၂)လက စာအမှတ် ဘယ်လာက် ဘယ်လောက်ဖြင့် “လူကြီးမင်းတို့ရုံးမှ ခွေးတစ်ကောင် ဝင်ရောက်နောက်ဖေးယိုနေ၍ အရေးယူဆောင်ရွက် ပါရန် စာပို့ခဲ့သော်လည်း ယခုတိုင် ယင်းခွေးသည် နောက်ဖေးယိုနေဆဲဖြစ်၍ ထပ်မံအကြောင်းကြားအပ်ပါ သည်” ဟူသောစာသည် အတွင်းရေးဟူသော ထိပ်စည်းနှင့်အတူ ရောက်လာပြန်၏။

ထိုစာသည် ထုံးစံအတိုင်း စာလက်ခံရာဌာနမှတဆင့် အထက်လူကြီးဆီသို့ တင်ပြရာ အထက်လူကြီးက “မိမိသည် ဤကိစ္စကို အသေအချာ အရေးယူဆောင်ရွက်ပါလျက် ယခုကဲ့သို့ အဘယ်ကြောင့် ဆက်လက်ဖြစ်နေရသည်ကို ချက်ချင်း စုံစမ်းတင်ပြပါ” ဟူ၍ မှတ်ချက်ဖြင့် အောက်သို့ ပြန်ချလိုက်၏။ ထိုအခါ ရုံးအုပ်သည် အဖွဲ့တစ်ခု ချက်ချင်းထပ်ဖွဲ့ကာ အဘယ်ကြောင့် ယင်းခွေးသည် ဆက်လက် နောက်ဖေးယိုမြဲသည်ကို အရေးတယူ စုံစမ်းကြပြီးနောက် အောက်ပါအတိုင်း အဆင့်ဆင့် တင်ပြလိုက်ပြန်၏။

စာအမှတ် မည်မျှဖြင့် “လူကြီးမင်း၏ ချက်ချင်းအရေးယူဆောင်ရွက်ရန် မှတ်ချက် အမိန့်အရ ကျွန်တော်များ ချက်ချင်း အလျင်အမြန် စုံစမ်းကြည့်ရာ ယင်းခွေးသည် စာမတတ်ကြောင်း တွေ့ရှိရပါသည်။”

အထက်ပါ စုံစမ်းတင်ပြချက်စာသည် တစ်ဆင့်ပြီးတစ်ဆင့် ရုံးထုံးစံအတိုင်း အထက်သို့ တက်လျက်ရှိနေ၏။ ယင်းတင်ပြချက် အပေါ် အထက်လူကြီးက မည်သို့ မှတ်ချက်ရေးဦးမည်ကို မသိရသေး။ သို့သော် တစ်ခုသေချာသည်ကတော့ ယင်းခွေးသည် အခြားဟိုဖက်ရုံး၏ ဧည့်ခန်းတွင် နောက်ဖေးယိုမြဲ ယိုနေဦးမည်ကတော့ သေချာနေပေသတည်း။

Tin Maung Hlaing

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page