မီးပြန်လာတာကို အခုထက်ထိ ပျော်နေကြတုန်းပဲလား (သို့) ကျွန်ကျုံးသွင်းခြင်း နိဒါန်းအစ

မီးပြတ်ခြင်း (ဝါ) ကျွန်ကျုံးသွင်းခြင်းနိဒါန်း

တချို့က ဆိုက်ဝါးဆိုတာ သတင်းအမှားတွေလောက်မှာပဲ ရှိနေတယ်ထင်ကြတာ။ တကယ်တော့ မီးဖြတ်တာလည်း ဆိုက်ဝါးပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် တိုက်ခိုက်တာမျိုး။

ဟိုအရင်က ဒါမျိုးမီးဖြတ်တာမျိုးကို ဒီထက်ဆိုးဆိုးဝါးဝါး ကြုံဖူးတယ်။ ကွန်ပြူတာနဲ့ စာစီစာရိုက်အလုပ် လုပ်ခဲ့ဖူးတော့ သန်းခေါင်မှ မီးလာရင်လည်း အဲ့အချိန်ထလုပ်ရတော့တာပဲ။ စာတမ်းတွေ၊ Thesis တွေ လုပ်ရတော့လည်း အဲ့အတိုင်းပဲ။ တကယ်အရေးကြီးပြီဆို မီးကပျက်တော့ မီးမျှော်ရင်း တစ်ညလုံးမအိပ်ရတာမျိုး။

ရိုက်လိုက် ပြတ်ကျသွားလိုက်၊ Save မလုပ်ထားမိတော့ ပလုံသွားလိုက်နဲ့ စိတ်ဓာတ်ပျက်ပြားရတာမျိုး။ တစ်နေရာမှာ မီးမလာရင် နောက်မီးလာတဲ့နေရာကို ပြေးရ။ ဟိုရောက်တော့ ဟိုမှာပျက်၊ ကိုယ့်နေရာမှာ ပြန်လာနေလို့ ပြန်ပြေးလာနဲ့ အချိန်ကုန် လူပန်းရတာမျိုး။

လျှပ်စစ်မီးက တိုင်းပြည်ရဲ့ အရင်းအမြစ်ဆိုတာ အုပ်ချုပ်တဲ့ သူတွေက မသိတာတော့ မဟုတ်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ထက် သူတို့ကို မတော်လှန်ဖို့ကိုပဲ ပဓာနထား စဉ်းစားတာ။

တပ်ရဲ့ဗျူဟာမှာ ဖြတ် ၄ ဖြတ်ဆိုတာရှိတယ်။ ရိက္ခာဖြတ်တာ၊ သတင်းဖြတ်တာ၊ ဝင်ငွေဖြတ်တာ၊ တပ်သားသစ်စုဆောင်းနိုင်မယ့် အခွင့်အလမ်းဖြတ်တောက်တာတွေကို ဦးနေဝင်းလက်ထက်ကတည်းက ကျင့်သုံးခဲ့တယ်။ ဖြတ် ၄ ဖြတ်ဗျူဟာလို့ နာမည်ကြီးတယ်။

နအဖလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒီဗျူဟာသုံးပြီး နှိပ်ကွပ်စစ်ဆင်ခဲ့တယ်။ လျှပ်စစ်မီးဖြတ်တာ၊ အင်တာနက်ဖြတ်တာတွေက ဒီဖြတ် ၄ ဖြတ်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုရမယ်။ လျှပ်စစ်မီးဖြတ်ရင် wifi သမားတွေ အင်တာနက်ပါပြတ်တယ်။ လူတွေကတော့ power bank တွေနဲ့ ဆက်သုံးကြတာပါပဲ။

ဒါလည်း ဘက်ထရီအလုံအလောက်မသွင်းထားမိရင် ခြွေတာရပြန်တယ်။ ဖုန်းတွေလည်း အတူတူပေါ့။ လျှပ်စစ်မီးကြောင့် အလုပ်တွေ အဆင်မပြေရင် ဝင်ငွေဖြတ်ခံရတာနဲ့ အတူတူပဲ။ အင်တာနက်ပြတ်ရင် သတင်းပြတ်တယ်။ အင်တာနက်ဖြတ်တယ်ဆိုတာ သတင်းဖြတ်တာပဲ။

ဒါကြောင့် လျှပ်စစ်မီးတို့ အင်တာနက်တို့ ဖြတ်တာဟာ ဖြတ် ၄ ဖြတ်ထဲ အကျုံးဝင်တယ်လို့ပြောတာ။ လျှပ်စစ်မီးက ဒီထက်ပိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ လူတွေကို ညိုးနွမ်းနေစေတယ်။ ဒေါသသင့်စေတယ်။ ဘဝအမောဆိုက်စေတယ်။ မီးလာချိန်လေးလောက်ကပဲ သူတို့ရဲ့ တာတိုမျှော်လင့်ချက် ဖြစ်လာစေတယ်။

မီးကို အချိန်နဲ့ပေးချိန်မှာ လူတွေက ဆဲတယ်။ နောက်တစ်ဆင့် ပရမ်းပတာဖြတ်တော့ ပိုဆဲတယ်။ နောက်ဆို ပြတ်လိုက် လာလိုက် ပြတ်လိုက်လာလိုက်လုပ်မယ်။

ဆဲရင်း ဆဲရင်းနဲ့ မောလာမယ်။ စိတ်ပျက် စိတ်ကျလာမယ်။ နောက်ဆုံးမှာ အလှည့်လေးနဲ့ ပေးရင်တောင် တော်သေးတယ်လို့ လျှော့ဈေးလေးနဲ့ ငြီးတွားလက်ခံပေးလာမယ်။ အပိုးကျိုးသွားတဲ့သဘော။ ဆိုက်ဝါးမှာ တိုက်ပွဲကျသွားတဲ့သဘော။ ကျွန်ကျုံးသွင်းခြင်း ပထမအဆင့် အောင်မြင်သွားပြီ။

နောက်တစ်ဆင့်တက်‌တော့ မီးပြတ်ရင် စိတ်မဆိုးတော့ဘူး။ ပြတ်မှာဘဲဆိုတာ ကြိုသိထားပြီးသား။ မီးလာတိုင်း ဟေး ဟေး လို့ ထအော်ကြမယ်။ မီးလာတိုင်း ပျော်နေစေရမယ်။ ခဏ ခဏပျော်အောင်လည်း ခဏခဏ ဖြတ်ပေးမယ်။ ခေါက်ရိုးကျိုး အသားကျလာမယ်။

ကျွန်တော်တို့ဘဏ်ထဲက ပိုက်ဆံကို ကျွန်တော်တို့ ပြန်ထုတ်ဖို့ကို ရာခိုင်နှုန်းပေးထုတ်ရတယ်။ ၁၀ ရာခိုင်နှုန်းလောက်ကနေ ၈ ရာခိုင်နှုန်းလောက်ရတော့ ပျော်လာတယ်။ ကေပေး မှာ ၅ ရာခိုင်နှုန်းလောက်ကနေ ၃ ရာခိုင်နှုန်းလောက်ဖြစ်လာတော့ ပျော်လာတယ်။

လမ်းသွားရင်း ဖုန်း အစစ်ခံရ၊ ဖုန်းသိမ်းခံရနဲ့ လူ့အခွင့်အရေးဆုံးရှုံးတဲ့ ဘဝမှာ ဖုန်းတော့ မသိမ်းပါနဲ့ဆရာရယ်ဆိုပြီး တစ်သောင်းတန်တစ်ရွက်လောက် လက်ထဲထည့်ပေးပြီး ဖုန်းပြန်ယူလာနိုင်တဲ့ကောင်က ငါဆရာကြီးကွ ဖုန်းအသိမ်းမခံရဘူးဆိုပြီး မြောက်ကြွမြောက်ကြွ ဖြစ်နေရော။

ပြောလိုက်သေးတယ်။ စစ်သားကြီးက သဘောကောင်းတယ်တဲ့။ ကိုယ်ကလည်း ပြောတတ်ဆိုတတ်ဖို့ လိုတာပေါ့တဲ့။ ဆရာတို့ အဘတို့ ပစ်ခေါ်လိုက်ရတယ်တဲ့။ ဒီလိုနဲ့ ရှိရင်းစွဲလူ့အခွင့်အရေးတွေ ဆုံးရှုံးသွားတာတောင် ပျော်တတ်လာပြီဆိုရင် ကျွန်ကျုံးသွင်းခြင်း ဒုတိယအဆင့် အောင်မြင်ပြီ။

အဲ့ဒီနောက်မှာတော့ ဘာမှ မလုပ်ရင် ဘာမှမဖြစ်ဘူးတို့၊ ကိုယ့်ထမင်းကိုယ်စားပြီး ဝင်မယောင်နဲ့ ထမင်းတလုတ်ရှာစားရတာ လွယ်တာမဟုတ်ဘူးတို့၊ မှန်တိုင်းလည်း မကောင်းဘူးတို့၊ ရေလိုက်ငါးလိုက်ပဲနေတို့၊ မီးစင်ကြည့်ကတို့၊ အုတ်နံရံကို ခေါင်းနဲ့ မတိုက်နဲ့ ခေါင်းပဲကွဲမှာတို့၊ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး၊ ဥဩတစ်ကောင်တွန်လို့ နွေမဖြစ်ဘူးတို့ ပြောလာပြီး ရှောင်လေဝေးဝေး နိုင်ငံရေး ဖြစ်လာပြီဆိုရင်တော့ ကျွန်ကျုံးသွင်းခြင်း အဆင့် ၃ အောင်မြင်သွားပါပြီ။

ပေါ့သေးသေး မမှတ်လေနဲ့။ အဲ့ဒီကျုံးသွင်းခံလိုက်ရပြီဆိုရင် မျိုးဆက်ရဲ့ လက်ရှိအားအထားရဆုံး Gen Z တွေကိုတောင် တစ်ချိန်မှာ Gen Lee တွေ ဖြစ်သွားစေလိမ့်မယ်။

မူရင်းရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page