ကြီးသောငါး ဖမ်းနည်း နှင့် ခက်တော့နေပြီး သောက်ဆရာကြီး

“ကြီးသောငါး ဖမ်းနည်း နှင့် ခက်တော့နေပြီး သောက်ဆရာကြီး”

အဝေးပြေးလမ်းမကြီးပေါ်တွင် ကားနက်ကြီးတစ်စီးမောင်းလာသည်။

“ကားရပ်လော့” ကားမောင်းလာသူကို လူကြီးတစ်ယောက် အမိန့်ပေးလိုက်ပြီး ကားရပ်ခိုင်းလိုက်သည်။

“အဘ … ဘာလုပ်မလို့လဲ … အပေါ့သွားချင်လို့လား”

“မဟုတ်ပြီ … တံတားဘေးတွင် ငါးမျှားနေသော လုလင်တစ်ယောက်ကို မြင်သောကြောင့်ဖြစ်သည်”

သူက ချောင်းဖြတ်တံတားဘေးတွင် ငါးမျှားနေသော လူငယ်တစ်ယောက်ကိုတွေ့သဖြင့် ကားရပ်ခိုင်းပြီး ငါးဖမ်း နေသူထံ လျှောက်သွားကာ “ငါးတော်တော်ရပြီလားမောင်ရင်” ဟု မေးလိုက်သည်..

“ငါးရတယ်ဗျ … ငါးတွေ ဒီနေ မြူးချက်ကတော့”

သူက ကြည့်နေသည်..

ငါးဖမ်းသူလုလင်က ငါးမျှားတံကို ဆွဲလိုက်သည်။ ငါးတစ်ကောင်ပါလာသည်။ သေးသေးလေး ဖြစ်သည်။ သူက ငါးကို ဖြုတ်ပြီး ပလိုင်းထဲထည့်သည်။

ကားပေါ်မှဆင်းလာသူက ပလိုင်းထဲကို ကြည့်လိုက်သည်။ “ငါးက သေးသေးလေးတွေပါလား”

“အင်းလေ … ဒါပဲရတာကို” သူက ပြောပြောဆိုဆိုနှင့် ငါးမျှားတံကို ဆွဲလိုက်ရာ ငါးသေးသေးတစ်ကောင်ပါလာပြန်သည်။ ပါးဟပ်မှ ချိတ်ကို ဖြုတ်ပြီး ပလိုင်းထဲထည့်မည် အလုပ်တွင် “မောင်ရင် … နေဦး အကြံတစ်ခု ပေးလိုသည် … ငါးကို အသင် ဘာနှင့် မျှားနေသနည်း”

“တီကောင်နဲ့ဆရာကြီး”

“အင်း ယခုတစ်ကြိမ် တီကောင်နှင့် မမျှားစေလို … သင့်လက်ထဲက ငါးလေး၏ ကျောတွင် ငါးမျှားချိတ်ကို ဖောက်ချိတ်လော့” လုလင်က သူပြောသည့်အတိုင်း လုပ်နေသည်..

“အေး … ဟုတ်ကပြီ … ကျောကနေ ဟုတ်ပြီ … ထိုအတိုင်း … ရေထဲပစ်ချလိုက်လော့”

လုလင်က ရေထဲကို ငါးမျှားချိတ် ပစ်ချလိုက်သည်။ ငါးလေးက ရေထဲတွင် ဖျပ်ဖျပ်လူးကာ ကူးနေသည်။ မကြာမီ ငါးအကြီးကြီး တစ်ကောင်က ထိုငါးလေးကို ဟပ်လိုက်သည်။

“ဆွဲလော့ … ဆွဲလော့”

ငါးအကြီးကြီးတစ်ကောင်ပါလာသည်…

“တွေ့သည်မဟုတ်လော … ငါးဖမ်းရာတွင် တီနှင့်သာ ဖမ်းရမည်ဆိုသော အတွေးအမြင်တွေမှာ ခေတ်မမီတော့ ဆိုခြင်းကို လက်တွေ့ပြသည် … ငါးကြီးကြီးလိုချင်လျှင် သင်တို့ ငါးသေးသေးနှင့် ဖမ်းရသည်ဆိုသော ဖြတ်ထိုးဉာဏ်များ ရှိစေချင်သည် … အင်းခက်သည် … သင်တို့သည် … ပညာကနည်း … လူတွေကဆင်းရဲ … အတွေးအခေါ်တွေက မွဲလှသည် … ထို့ကြောင့် ငါးဆိုသည်မှာ တီကောင်လောက်နှင့်သာ ဖမ်းတတ်တော့သည် … ငါးကြီးကြီးဖမ်းချင်လျှင် ငါးသေးသေးနှင့် ဖမ်းရသည်ကို အမောင်လုလင် မှတ်လော့”

“ဆရာကြီးတော်လိုက်တာ … ဘယ်ကများလဲ”

“ငါသည်ကား … ဆရာကြီးဖြစ်တော့သည်”

“လူငယ်လေးက ငါးကြီးကို ငါးမျှားချိတ်မှဖြုတ်သည်။ ထို့နောက် ချောင်းထဲကို ပြန်လွှတ်ပေးလိုက်သည်..

“အလို အမောင်လုလင် … ငါးကြီးကို အဘယ်ကြောင့် ပြန်လွှတ်ပေးလိုက်သနည်း”

“ခက်တော့တာပဲ … သောက်ဆရာကြီးဆိုတဲ့ ခင်ဗျားတို့ ခက်တော့တာပဲ … အိမ်မှာက အဲဒီ ငါးကြီးကို ကြော်ဖို့ ဒယ်အိုးကြီးကြီး မရှိဘူးဗျ”

တင်ညွန့် (၄.၁၀.၂၀၂၀)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page