မိုးကုတ် ဆရာတော်ဘုရားကြီး၏ ကြည်ညိုစရာ လွမ်းစရာ နောက်ဆုံး တစ်နေ့တာ
“မိုးကုတ် ဆရာတော်ဘုရားကြီး၏ ကြည်ညိုစရာ လွမ်းစရာ နောက်ဆုံး တစ်နေ့တာ”
ဆရာတော်ဘုရားကြီး၏ကြည်ညိုစရာ လွမ်းစရာ နောက်ဆုံးတစ်နေ့တာပါဘုရား။ ဤနေ့သည်ကား ဆရာတော်၏နောက်ဆုံးတစ်နေ့ တာဖြစ်၏။ ၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်လေးရက်၊ ဗုဒ္ဓဟူးနေ့။ရှင်ပြုကထိန်ပွဲရှိ၍ မင်္ဂလာတိုက်၌ရဟန်းရှင်လူ အစည်ကားဆုံးနေ့ဖြစ်သည်။ ဆရာတော်ကား ယမန်နေ့၊ သီတင်းကျွတ်လပြည့်ကျော် သုံးရက်နေ့ကပင်ဤရှင်ပြုပွဲအတွက်ကြိုတင်ရေစက်ချပေးကာ တစ်နာရီခန့် တရားဟောခဲ့ပြီးဖြစ်သည်။
နံနက် ငါးနာရီတွင် ကျောင်းအမလေး ဒေါ်တင်လှနှင့် ဒေါ်ကုမ္မာရီတို့ ကွေကာအုပ်ဖျော်၍ဆရာတော်ကျောင်းသို့ဝင်လာကြသည်။
” တင်လှ -နင်တို့ငယ်သေးတယ်။ ကမ်းမမြင်တဲ့ရေပြင်မှာလက်ပစ်ကူးနေကြရတယ်။လောကဓံကို ခံနိုင်အောင်လုပ်။ ရေမျောရင်း ကမ်းစပ်ကသစ်ပင်ကို ကံအားလျော် စွာ တွေ့ရလို့ အားကိုးတစ်ကြီးဆွဲကိုင်မိပေမယ့် သစ်ပင်ကလည်း လှိုင်းဒဏ်ကြောင့် အမြစ်အုံပါကြွပြီးနေတဲ့ သစ်ပင်အိုကြီးဆိုတော့ နင်တို့အပေါ်မိအုံးမှာပဲ “ဟု မိန့်တော်မူကာ ဒေါ်တင်လှ၏ ခင်ပွန်းအပါးတော်မြဲကျောင်းဒကာလေး ဦးကျော်သိန်းအားလွှတ်လိုက်ရန် မိန့်တော်မူ၏။
ကျောင်းဒကာလေးရောက်လာလျှင် – ” အင်း – သုံးဖို့စားဖို့တော့လူတိုင်းထိုက်တန်လောက်ရှိနေကြတာပဲ။ တော်လောက်ပြီ။ မင်းတို့ စီးပွားရှာနေတာက ဖြုန်းဖို့ရှာနေကြတာ။ မင်းတို့ဥစ္စာကိုတွယ်တာမနေနဲ့၊ ဉာဏ်နဲ့စွန့်။ လောကဓံလှိုင်းပိမယ်။ ငါမရှိလည်း ငါ့တရားခွေရှိတယ်။ ကြိုးစားနာရစ် ” ဟု မိန့်တော်မူရာ နားမရှင်းသော်လည်းဘာမျှပြန်မလျှောက်ဝံ့။ ရုပ်လက္ခဏာနှင့် အသံသည်ကားအလျင်ကအတိုင်းပင်ရှိ၍ မည်သို့ဟုမထင်တတ်ရှိနေ၏။ သို့နှင့်ပြန်လာပြီး ( အမြဲဝတ်ပြုရသူ ရှေ့မှီနောက်မှီ ) ဦးသာဆိုင်အားအကျိုးအကြောင်းပြောပြရာ – ” ဆရာတော် ရန်ကုန်ကြွမလို့ ဖြစ်မှာပေါ့ ” ဟုသာ မှတ်ချက်ပေးလေသည်။ မှန်ပေ၏။ ဆရာတော်ကား ရန်ကုန်ဌာနသို့ ကြွပေတော့မည်။ ဆရာတော်သည် ကွေကာအုပ်ဘုဉ်းပေးပြီးနောက် သင်္ကန်းလဲကာ ကထိန်ဆွမ်းကျွေး အတွက် ကြွသွားလေသည်။ မိုးကုတ်ဦးချစ်လှ၊ဒေါ်သောင်းတို့က သားရှင်ပြုကထိန်ပွဲအတွက်နံနက် ၆ နာရီမှစ၍ မင်္ဂလာတိုက်တွင် သံဃာအပါး နှစ်ရာအား ဆွမ်းကပ်ကြ၏။ ဆရာတော်ကား မဘုဉ်းပေး။ ဆရာတော်ကြီးများအပါးတွင်တရားအာရုံပြု၍ ထိုင်နေတော်မူသည်။
ဆရာတော်ကြီးများအပါးတွင် တရားအာရုံဖြင့် ထိုင်နေတော်မူသည်။ ဆရာတော်ကြီးများ လက် ဖက်ရည်အချိုပွဲမှ ထခါနီးတွင် ဆရာတော် ဦးဝိမလကငယ်စဉ်မှအစ အစ်ကိုကြီးပမာ တစ်ဘဝလုံးဆုံးမသွန်သင်ပေးခဲ့သော အောင်ခြင်းရှစ်ပါးဆရာတော်ကြီးဦးနာဂဝံသ၏ ခြေဖမိုးကို နဖူးပြင်နှင့်တိုက်ပြီး ပျပျဝပ်ဝပ်ကန်တော့သည်။ နှုတ်မှလည်း – ” အရှင်ဘုရားကို အခုလို ကန်တော့ခြင်းဟာ တပည့်တော်အတွက် နောက်ဆုံးဖြစ်ပါလိမ့်မည် ဘုရား ” ဟူ၍ လျှောက်ထားသေးသည်။ သံဃာများ ဆွမ်းဘောဇဉ် ဘုဉ်းပေးပြီးလျှင် ဆရာတော်ကိုယ်တိုင် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများကို လိုက်၍ ဆက်ကပ်၏။ ပြီးလျှင် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများပြန်ကြွမည်ဖြစ်ရာ ဆရာတော်သည် တိုက်ပေါ်မှဆင်းလျှက် တစ်ပါးပြီးတစ်ပါး လိုက်လံ၍ တွဲပို့ဝတ်ပြုကာ ကားများပေါ်သို့ အရောက် ရွှင်လန်ဝမ်းမြောက်စွာအခေါက်ခေါက်သွားချေပြန်လှည့်နုတ်ဆက်တော်မူသည်။ အလှုပွဲပြီးလျှင် တပည့်ကြီး ဦးလှဘူးအားခေါ်၍ ( ရှင်ပြုကထိန်ပွဲ ကျင်းပရာ မင်္ဂလာကျောင်းတိုက်ဘက်မှ ) ရိပ်သာဘက်သို့ ကူးလာ၏။
” အင်း – ငါ့ခန္ဓာကိုယ်ကြီးကတော့ လေးလှပြီ ” ဟုမိန့်တော်မူရာ ဦးလှဘူမှ နားမလည်၍အကျိုးအကြောင်းပြန်လျှောက်ရာ – ” မင်းတယ်အ, တဲ့ကောင်ပဲ ” ဟုသာ ပြုံး၍ မိန့်တော်မူ၏။ နောက် ဒေါ်တင်လှအား ကော်ဖီလာ၍ကပ် ရန် အမိန့်ရှိသဖြင့် ဒေါ်တင်လှရောက်လာ၏။ ကော်ဖီဘုဉ်းပေးလျက် – ” တင်လှ ခုရက်ပိုင်း နင်အိပ်မက်များ ထူးထူး ထွေထွေ မမက်ဘူးလား ” ဟု မေးတော်မူ၍ ” ရိပ်သာထဲမှ စေတီကြီးတစ်ဆူအနီး၌ဆရာတော်တရားရှုမှတ်နေရာစေတီကြီးမှာ မီးခိုးအူ၍ ဖောင်းရစ်မှ တအိအိပြိုကျလာရာဆရာတော်အပေါ် ပိကျသော်လည်း ဆရာတော် မှာမည်သို့မျှ မဖြစ်ကြောင်း”လျှောက်ထားသည်။
” ဟ – နင့် အိပ်မက်က တယ်စင်းပါလား။ ပုဗ္ဗနိမိတ်ဆိုတာ ဒီလိုပဲ ဖြစ်ပေါ်စမြဲပဲ။ ငါ့လို ခံနိုင်ရည်ရှိအောင် တရားကို နာနာဖိ အားထုတ်ရစ်ကြ ” ဟု အမိန့်ရှိကာ – ” ခဏစောင့်အုံး ” ဟု မိန့်တော်မူ၍ အခန်း တွင်းသို့ ကြွသွား၏။ ပြီးလျှင် သင်္ကန်းလဲကာ စောစောကဝတ်ထားသော ဧကသီသင်းပိုင်နှင့် အံသကိဋ် နှစ်ထည်ကို ကိုင်၍ ထွက်လာသည်။
” ရော့ – ဒီသင်္ကန်းတွေ နင့်ဇရပ်ယူသွား၊ သိမ်းထား၊ ရေမလျှော်နဲ့ ” ဟု ပေးလိုက်တော်မူသည်။ ဒေါ်တင်လှခဗျာ စိတ်ဇဝေဇဝါဖြင့် ဘာမျှပြန်မလျှောက် ရဲပဲ သင်္ကန်းများကိုယူ၍မိမိဇရပ်သို့ ပြန်လာခဲ့ရရှာ၏။ ထိုနေ့ ၁၁ နာရီခွဲတွင် ကော်ဖီနှင့်စွပ်ပြုတ် ဘုဉ်းပေးတော်မူ၏။ ဆရာတော်ဘုရားကြီး သုံးပါးနှင့်အတူ ဘုဉ်းပေးပုံကို ဓါတ်ပုံအရိုက်ခံတော်မူသေးသည်။ ဆရာတော်သည် ဆုံးမစကားပြောဟောလျက်ပင် ရှိနေ၏။ ပြောဟောသောစကားများမှာ အံ့အားသင့်စရာချည့်ဖြစ်၍ ဆရာဝန်ပင့်ရန် ဒကာများက လျှောက်ရာ – ” ကိစ္စမရှိပါဘူး။ မနေ့က ပန်ကာလေ မိသွားလို့ အခိုးနဲနဲငုတ်သွားတာပါ။ဆရာဝန်ပင့်ချင်လျှင် တစ်ချက်ခွဲမှပင့် ” ဟု မိန့်တော်မူ၏။ ဆုံးမစကားကိုသာ တွင်တွင်ဟောတော်မူသည်။ ရုပ်လက္ခဏာတော်နှင့် အသံတော်ကား ပကတိ အတိုင်းပင်။
” ခန္ဓာဝန်ကြီးကလည်း တယ်လေးတာပဲ။ ကဲ – ဦးသန်းမောင်၊ ဝမ်းချူပေးစမ်းပါအုံး ” ဟုဆိုကာ ကုဋီတိုက်တော်သို့ ကိုယ်တော်တိုင် ကြွတော်မူသည်။ ရဟန်းရှင်လူပရိသတ်ကား ဆရာတော်ကျောင်းပေါ်၌ အားလုံးစု၍ လာကြ၏။ ဒေါက်တာဆိုနီနှင့် ဆရာဝန်ကြီး ဦးစောမြအောင်တို့ရောက်လာကြသည်။
” ကဲ – နောက်ထပ်ဆေးထိုးစရာရှိသေးရင် မြန်မြန် ထိုးကြ။ အချိန်မရှိဘူး။ မင်းတို့ဆေးလည်းဘာမှမတတ်နိုင်ဘူး ” ဟုပင် မိန့်တော်မူ၏။ နေ့တစ်နာရီ ထိုးပေပြီ။
မိုးကုတ်ဆရာတော်မြတ်ဘုရားကြီးကဆရာဝန်ပင့်ချင်လျှင် တစ်ချက်ခွဲမှပင့် အမိန့်ရှိထားပါသည်။ တပည့် ဒကာ၊ ဒကာမများသည်တစ်နာရီမထိုးမီကပင် ဆရာဝန်များကို ရိပ်သာအရောက်ပင့်ကြပါသည်။ ထိုအခါ ဆေးအကုသခံပေးတော်မူရပါသည်။ အစစပြုစုပေးမှုလည်းခံပေးတော်မူရပါသည်။ တပည့် ဒကာ၊ ဒကာမတို့၏ ကုသိုလ်စေတနာကို ခွင့်ပြုတော်မူရပါသည်။ တစ်ချက်ခွဲမှ ဆရာဝန်ပင့်ချင်လျှင် ပင့်အမိန့်တော်ရှိသည်ကို တစ်ချက်မတိုင်မီကပင်ဤသို့ပြုစုကုသပေးကြသည်ကို ဗွေမယူသာပဲဝေနေယျ၏ အကျိုးအတွက် အလှူလက်ခံကုသိုလ်ပေးတော်မူရပါသည်။ မြတ်ဗုဒ္ဓသာသနာတွင် ရဟန်းသံဃာမြတ်ဘုရားတို့ကို လူဒကာ၊ဒကာမများတို့က လယ်ယာမြေကောင်းသဖွယ်ထာဝစဉ်, စဉ်ဆက်, ဆက်လက်ခံယူသွားကြရရေးကို ဒိဋ္ဌာနူဂတိစံတော်ထားရသော ဘုရားသားတော်မြတ်ဘုရားကြီး မှန်တော်မူလှပါသည်။
ဤသို့သော သူတော်ကောင်းဆရာတော်ဘုရားကြီးတို့၏ ပြီးပြည့်စုံသောအရှိသဘောကိုစောကျောမစွက် သဒ္ဓါကြည်ဖြူခံယူသင့်ပါသည်။
ဓာတ်ပုံ ။ ။ခန္ဓာဝန်မချမှီ ၂နာရီအလို ရိုက်ထားသော နောက်ဆုံးပုံတော်။
အားငယ်သောမျက်နှာများဖြင့် ရဟန်းနှင့် ရှင်လူများ စိုးရိမ်တကြီး ဖူးမြော်နေကြစဉ် –
” မောင်ချစ်ဆွေ – ဒီတစ်ခါတော့ မရတော့ဘူး။ ဟေ့ – တင်ငွေကြီး၊ ငါ့မျက်စိတွေ ပြာလာပြီ။ ကဲ – အားလုံး ဦးပဉ္ဇင်းများရော၊ ဒကာ ဒကာမတွေ ရော ခန္ဓာရှိသူတိုင်း ခံစားရမည့် ဝေဒနာကိုကျော်လွန်အောင် ရှုကြ။ မင်းတို့ ခန္ဓာဝန်ကြီးရဲ့ဒုက္ခကို လက်တွေ့ဒီမှာ ကြည့်ထားကြ။ မမေ့မလျော့ နေရစ်ကြပေတော့ “ဟု ဆုံးမ သြဝါဒပေးပြီး ၁၅ မိနစ်ခန့် ငြိမ်သက်အေးဆေး စွာ တရားနှလုံးသွင်း၍ နေတော်မူသည်။ တစ်နာရီနှင့် မိနစ် ၂၀ တွင် ခန္ဓာဇာတ်သိမ်း ၍ ချုပ်ပြတ်ငြိမ်းတော်မူလေသည်။
ဆရာတော်ဘုရား – ဤစာရေးသားဖော်ပြရာတွင် အမှားတစ်စုံတစ်ရာရှိခဲ့ပါက အစဉ်သနားသောအားဖြင့် သနားသည်း ခံခွင့်လွှတ်တော်မူပါဘုရား။
(စာပန်းအိမ် မိသားစု)
မိုးကုတ်ဆရာတော်မြတ်ဘုရားကြီး၏နောက်ဆုံးတစ်နေ့တာ မြန်မာနိုင်ငံပဋိပတ္တိသာသနာဝင်စာတော်ပါ ကြည်ညိုဘွယ်၊ လွမ်းဆွတ်ဘွယ်ရာများ