“ကျေးဇူးရှင်များ တိုင်းပြည်” – ကျေးဇူးရှင်ဆိုတဲ့ စိတ်ကြီးဝင်နေကြတဲ့ မြန်မာပြည်က ပရိုများ
“ကျေးဇူးရှင်များ တိုင်းပြည်”
တစ်လောက ဝိုင်းတစ်ဝိုင်းမှာ ထုတ်ဝေသူတစ်ယောက် ပြောတာ ကြားလိုက်မိတယ်။ သူထုတ်တဲ့ စာအုပ်တွေက ရှုံးတယ်တဲ့။ ဒါပေမယ့် တိုင်းပြည်အတွက် လိုအပ်လို့ ထုတ်နေတာတဲ့။ ဒီလိုပါပဲ။ ကျောင်းဆရာ ဆရာမတွေကလည်း သူတို့က ဘုရားနဲ့ တစ်ဂိုဏ်းတည်းတဲ့။ ဆရာဝန်တွေကလည်း သိပ်ပင်ပန်းတာပဲတဲ့။ ပိုက်ဆံလည်း မရဘဲ အများအတွက် ဆေးကုနေတာပါတဲ့။ စစ်သားတွေကတော့ တိုင်းပြည်အတွက် အသက်စွန့်နေတာပါတဲ့။ အင်ဂျင်နီယာတွေကလည်း နေပူ မိုးရွာမရှောင် တိုင်းပြည်ဖွံဖြိုးရေးအတွက် အလုပ်လုပ်နေတာပါတဲ့။ မီဒီယာသမားတွေကလည်း တိုင်းပြည်ရဲ့ မျက်စိတွေနားတွေပါတဲ့။ အားလုံးသော ပညာရှင်နယ်ပယ်အသီးသီးက ဆရာတွေ ဆရာမတွေ ပြောတာ အကုန်လုံး မှန်ပါတယ်။ ဒါပေမယ့် မမှန်ပါဘူး။
မှန်တယ်ဆိုတာ ပညာရှင်အားလုံးဟာ ဖွံဖြိုးမှု နောက်ကျတဲ့ တိုင်းပြည်မှာ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်တွေ မရှိပါဘူး။ ပေးဆပ်ရတယ်ဆိုတာ တစ်စိတ်တစ်ပိုင်း မှန်ပါတယ်။ မှားတယ်ဆိုတာ ကိုယ်ကိုယ်ကိုယ် ကျေးဇူးရှင်လို့ ထင်နေကြတာပါပဲ။ အဲ့ဒီမှာ ကိုယ်ကျိုးတွေနည်းကုန်တော့တာပါပဲ။ တကယ်တော့ ထုတ်ဝေသူတို့ စာရေးဆရာတို့ ဆရာဝန်တို့ စစ်သားတို့ အင်ဂျင်နီယာတို့ မီဒီယာတို့ အားကစားသမားတို့ အားလုံးဟာ ပရိုဖက်ရှင်နယ်တွေပါပဲ။ ပရိုဖက်ရှင်နယ်ကို မြန်မာလို ကြေစားလို့သုံးပေမယ့် ကျွန်တော်ကတော့ ကြေးစားဆိုတဲ့ နာမည်ကို မကြိုက်တဲ့အတွက် ပရိုလို့ပဲ သုံးပါရစေ။ ဒီတော့ ပရိုတစ်ယောက်မှာ ထားရမယ့် စိတ်ဓာတ်ရှိပါတယ်။
မြန်မာပရိသတ်တွေအနေနဲ့ ပရိုတစ်ယောက်ရဲ့ စိတ်နေစိတ်ထား လုပ်ပုံကိုင်ပုံတွေကို အရှင်းဆုံးနဲ့ အလွယ်ဆုံးတွေ့နိုင်တာကတော့ ဘောလုံးပွဲတွေပါ။ ကမ္ဘာကျော်ဘောလုံးသမားတွေကို သတိထားကြည့်ပါ။ မြန်မာဘောလုံးသမားတွေရဲ့ စိတ်နေစိတ်ထားနဲ့ အတော်ကွာတာ တွေ့ပါလိမ့်မယ်။ ကိုယ့်အသင်းနိုင်ဖို့အတွက် ညစ်ရင်ညစ်ကြမယ်။ ချတဲ့အခါချကြတယ်။
ဒါပေမယ့် ကိုယ့်အသင်းကိုကိုယ် ဒုက္ခပြန်ရောက်လောက်ထိတော့ (အများစု) မရမ်းကားကြတာကို သတိထားမိမှာပါ။ ဒီလိုပါပဲ ။ ပရိုဘောလုံးသမားတစ်ယောက်ဖြစ်တာကြောင့် ဘယ်လောက်ပဲ အောင်မြင်မြင် ဘယ်လောက်ပဲ နာမည်ကြီးကြီး အစဉ်တိုးတက်အောင် လေ့ကျင့်လေ့ရှိတာကိုလည်း သိသာထင်ရှားစွာ တွေ့နိုင်ပါတယ်။
ကျွန်တော့်ကျန်းမာရေး မကောင်းတဲ့အခါ နာမည်ကြီးသမားတော်ကြီးတွေနဲ့ ပြဖို့တချို့က အကြံပေးပါတယ်။ ဒါပေမယ့် ကျွန်တော် ငြင်းခဲ့ပါတယ်။ အမေနဲ့အတူတူ နာမည်ကြီး သမားတော်ကြီးတွေရဲ့ ဒုက္ခတွေ အတော်ခံခဲ့ပြီးသွားပါပြီ။ ကျွန်တော် တွေ့ဖူးသမျှ ပြည်တွင်းက နာမည်ကြီး ဆရာဝန် ၉၀% လောက်က ပရိုလို့ မခံစားရပါဘူး။
ဒီလိုပါပဲ။ ကျန်တဲ့ နယ်ပယ်အသီးသီးကလည်း ပညာရှင် အသီးသီးကလည်း ပရိုစိတ်ဓာတ်တွေ ပျောက်ဆုံးနေကြပါတော့တယ်။ အများစုဟာ ကျေးဇူးရှင်ဆိုတဲ့ စိတ်တွေ မသိမသာရော သိသိသာသာပါ ကိန်းအောင်းနေကြတယ်။ သေချာစဉ်းစားကြပါတယ်။ ဘာကြောင့်များ ကိုယ်ကိုယ်ကိုယ် အများပြည်သူရဲ့ ကျေးဇူးရှင်လို့များ ထင်နေကြတာပါလိမ့်။
ပရိုတစ်ယောက်ဖြစ်လာပြီဆိုရင် ဘယ်သူခိုင်းခိုင်း မခိုင်းခိုင်း ဘယ်လောက် မြတ်မြတ် မမြတ်မြတ် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရပါလိမ့်မယ်။ အဲ့ဒီအတွက် ဘယ်သူကမှ ကျေးဇူးတင်စရာ မလိုသလို ဘယ်သူ၊ ဘယ်အဖွဲ့အစည်းရဲ့မှ ကျေးဇူးရှင် ဖြစ်စရာလည်း မလိုအပ်ပါဘူး။
ကျေးဇူးရှင်ဆိုတဲ့ စိတ်ကြီးဝင်နေသမျှကာလပတ်လုံး ပရိုတစ်ယောက်ဖြစ်လာဖို့လည်း ဝေးနေပါဦးမယ်။ (မြေမှုန်လွင်)