ကျန်စစ်သားပိုင်ဆိုင်ခဲ့သည့် ပျောက်ဆုံးနေသော သိကြားမင်း၏ အရိန္ဒမာလှံတံကြီး ဘယ်ရောက်နေလဲ

ပျောက်ဆုံးနေသော သိကြားမင်း၏ အရိန္ဒမာလှံတံကြီး ဘယ်ရောက်နေလဲ…

သိကြားမင်း သည် ဘီစီ ၆၀၆ ခုနှစ်တွင် ဒဂုန်၌နန်းတက်ခဲ့သည့် ဒဂုန်မင်းဆက်၏ ၃၂ ဆက်မြောက်ဘုရင် ဥက္ကလာပ မင်းကြီး ၏ ခမည်းတော် ဖြစ်သည်ဟု ဆိုသည်။

သိကြားမင်း နှင့် ကြင်ယာတော် မယ်လမုတို့မှ ဥက္ကလာပမင်းကြီးကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည်ဟုဆို၏။

ရွှေတိဂုံစေတီတော် တည်စဉ်ကလည်း သိကြားမင်းသည် သားတော် ဥက္ကလာပမင်းကြီး၊ ကုန်သည်ညီနောင်တို့နှင့်အတူ ပါခဲ့သေးသည်။

သိကြားမင်း၏ အရိန္ဒမာလှံတံကို အစောဆုံး ဆက်သခံခဲ့ရသူမှာ ဒွတ္တဘောင်မင်း ဖြစ်သည်ဟု ဆိုပါသည်။

ဒွတ္တဘောင်သည် သိကြားမင်းနှင့် အတော်အတန် ရင်းနှီးသူဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုံအဆင့်ဆင့်ပါ နန်းတော် ၃ ဆောင် ပြီးစီးချိန်တွင် သိကြားမင်းကိုယ်တိုင် ဒွတ္တဘောင်မင်း၏ လက်ကိုဆွဲလျက် နန်းတင်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်တွင် သိကြားမင်းက ဒွတ္တဘောင်အား အရိန္ဒမာလှံတံကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အရိန္ဒမာသည် ပုဂံခေတ်ဦးတွင် ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်သည်။ ပုဂံတွင် မင်းလောင်းပေါ်နေသည်ကို သွားရောက်ကြည့်ရှုလိုသည့် ကွမ်းဆော်လုလင်အား အဘိုးအိုယောင်ဆောင်ထားသည့် သိကြားမင်းက မြင်းကိုပေးအပ်ရာတွင် အရိန္ဒမာလှံတံလည်း ပါဝင်ခဲ့သည်။

ကွမ်းဆော်လုလင်သည် ကျောင်းဖြူမင်းအဖြစ် ပုဂံတွင် ထီးနန်းစိုးစံခဲ့ပြီးနောက် နန်းကျသွားသောအခါ အရိန္ဒမာလှံတံက သားတော် အနော်ရထာမင်းထံသို့ ရောက်ရှိသွားပါသည်။

စုက္ကတေးမင်းက အမိကွဲညီတော် အနော်ရထာမင်းသားအပေါ် မောက်မာစော်ကားလာသည်ကို နန်းကျဘုရင် ကျောင်းဖြူမင်းက မကျေမနပ်ဖြစ်ကာ တန်ခိုးထက်လှသော အရိန္ဒမာလှံတံကို သားတော် အနော်ရထာထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အနော်ရထာလက်ထက်တွင် အရိန္ဒမာလှံတံက အထူးထင်ရှားခဲ့သည်။ ထို့ကြောင့်လည်း အရိန္ဒမာလှံတံအကြောင်း နှောင်းခေတ်ပြည်သူတို့ သိရှိလာခဲ့ရခြင်း ဖြစ်သည်။

အနော်ရထာ ဘုရင်ဖြစ်လာပြီးနောက် ဥဿာပဲခူးမှပြန်လာသော ကျန်စစ်သားအပေါ် မဏိစန္ဒာမင်းသမီးနှင့် ပတ်သက်၍ သံသယရှိ အမျက်တော်ရှကာ အရိန္ဒမာလှံတံဖြင့် ပစ်လိုက်သည်။

ဤတွင် အရိန္ဒမာလှံတံက နှောင်ကြိုးကို ထိမှန်ပြတ်တောက်သွားရာ ကျန်စစ်သားက လှံတံကို ကောက်ယူပြေးတော့သည်။ သို့ဖြင့် အရိန္ဒမာလှံတံသည် ကျန်စစ်သားလက်ထဲသို့ ရောက်သွား၏။

ကျန်စစ်သားသည် ကျောင်းဖြူရပ်ရှိ မထီးကျောင်းသို့ ရောက်သောအခါ သံပုရာချဉ်သီးများကို လှံတံဖြင့် ထိုးဆွတ်စားသောက်လေရာ သံပုရာသီးများက ချိုမြသွားသည်ဟု ဆိုပါသည်။

ကျန်စစ်သားနှင့် သိကြားမင်းတို့ကလည်း အလွမ်းသင့်ကြဟန် တူပါသည်။ သိကြားမင်းသည် မိမိ၏ အရိန္ဒမာလှံတံ ကျန်စစ်သားလက်တွင်းသို့ ရောက်သွားသည်ကို ကျေကျေနပ်နပ် လက်ခံထားပုံရသည်။အနော်ရထာမင်းလက်ထက်က မပြီးပြတ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကို ဆက်လက်တည်ထား ကိုးကွယ်ခဲ့ရာတွင် သိကြားမင်းသည် ပန်းရံကြီးယောင်ဆောင်၍ ဝင်ရောက်ကူညီခဲ့သေးသည် ဆို၏။

သိကြားမင်းက ကျောက်ရွေလုပ်ငန်း၊ သရွတ်ကျံလုပ်ငန်းများကိုလည်း စေ့စပ်သေချာမှုရှိစေရန် ပါဝင်လုပ်ဆောင်ခဲ့သေးသည်။ထို့ပြင် ရွှေစည်းခုံစေတီတော် အရှေ့တောင်ထောင့်မှ ကျောက်ခြင်္သေ့ရုပ်တုကိုပင် ဝင်ရောက်ထုလုပ်ပေးခဲ့သည် ဆိုပါသည်။

ကျန်စစ်သား၏ အရိန္ဒမာလှံတံသည် သူ့အားဆက်ခံသည့် မြေးတော် အလောင်းစည်သူမင်းထံသို့ ဆက်လက်ရောက်ရှိသွားသည်ဟု မှန်းဆရပါသည်။ သို့သော် ရာဇဝင်ကျမ်းများတွင် အရိန္ဒမာလှံတံအကြောင်း စိုးစဉ်းမျှ မတွေ့ရတော့။ အလောင်းစည်သူမင်းကို ဘိသိက်ပေးခဲ့သူက သိကြားမင်းကိုယ်တိုင် ဖြစ်ပါသည်။

သို့ကြောင့်လည်း အရိန္ဒမာလှံတံသည် အလောင်းစည်သူထံတွင် ရှိမည်ဟု မှန်းဆမိခြင်း ဖြစ်သည်။ပုဂံခေတ်၊ အင်းဝခေတ် စသည့် ခေတ်အဆက်ဆက်သာ ပြောင်းလဲသွားသည်။ အရိန္ဒမာ အကြောင်းက သဲလွန်စပင် မရတော့။

အရိန္ဒမာလှံတံ ရာဇဝင်ထဲမှ ပျောက်ဆုံးသွားခြင်းကို ဘဝင်မကျ ဖြစ်နေမိသည်။ မဆီမဆိုင် အတွေးက အရိန္ဒမာဆီသို့ ရောက်နေမိသည်။

ရာဇဝင်ကျမ်းများ၊ သမိုင်းစာအုပ်များကို ဖတ်တိုင်း သတိထားရှာဖွေရမည့် ဝေါဟာရများထဲတွင် အရိန္ဒမာ ပါလာသည်။အရိန္ဒမာလှံ ဘယ်ရောက်သွားသနည်း။ ရာဇဝင်ကျမ်းများကို ဖတ်ရင်း အတွေးပေါက်လာမိသည်။

အရိန္ဒမာလှံသည် သိကြားမင်းပိုင် လှံတံဖြစ်သည်။ တန်ခိုးထက်သော လှံတံလည်း ဖြစ်သည်။ သံပုရာသီး အချဉ်ကိုပင် ချိုနိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိသော ပစ္စည်းဖြစ်သည်။

သိကြားမင်းက ဘုရင်တစ်ပါးပါးအပေါ် စိတ်ခုပြီး အရိန္ဒမာလှံတံကို ပြန်လည်သိမ်းယူသွားလေသလား အတွေးနယ်ချဲ့မိသည်။

နောက်ဆုံးတော့ ပျောက်သောသူ ရှာရင်တွေ့ ဆိုသကဲ့သို့ အရိန္ဒမာလှံတံကို အမှတ်မထင် ပြန်လည်တွေ့ရှိရတော့သည်။ အလောင်းမင်းတရားကြီး၏ အမိန့်တော်များထဲတွင် အမှတ်မထင် တွေ့ရှိရခြင်းဖြစ်၏။

၉ ဧပြီ ၁၇၅၆ တွင် သိကြားမင်းထံမှ စာလွှာအဖြစ် အမိန့်တော်ထုတ်ပြန်ရာ၌ အရိန္ဒမာလှံတံ ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။

သိကြားမင်းထံမှ စာလွှာ၌ “ငါ့ကိုလည်း ဘုရားသခင် ပရိနိဗ္ဗာန် ယူတော်မူခါနီး၌ သာသနာတော်မြတ်ကို စောင်မရမည် အမိန့်တော်ရှိ၍ ကုန်းဘောင်ပြည်မင်းကို ငါ စောင်မရသည်။ ဆင်ဖြူလည်း ၅ စီး ငါပေးပြီ။ အရိန္ဒမာလှံလည်း ငါ အပ်ပြီ´´ ဟူ၍ ပါရှိပါသည်။

ယင်းနောက်ပိုင်း၌ အလောင်းမင်းတရား အမိန့်တော်များတွင် “အရိန္ဒမာ စကြာရွှေလှံရ အဆောင်ဆောင်သော ပြာသာဒ်သခင် ဖြစ်တော်မူသော´´ စသည်ဖြင့် ထည့်သွင်းဖော်ပြလာပါသည်။

သို့သော် အလောင်းမင်းတရားနောက်ပိုင်း ဆက်ခံကြသည့် ကုန်းဘောင်မင်းများလက်ထက်တွင် အရိန္ဒမာလှံတံအကြောင်း လုံးဝ ဖော်ပြခြင်း မရှိတော့ချေ။

အရိန္ဒမာလှံတံကား ပျောက်ခြင်းမလှ ပျောက်သွားပြန်လေပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page