“ကျွန်မတွေ့ကြုံခဲ့ရသော ကုတင်နံပါတ် (၁၉) ကလူနာ”
“ကုတင်နံပါတ် (၁၉) ကလူနာ”
အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းက အိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို သားဖွားဆောင်တစ်ခုလုံး ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေ့မှာ ဘာမှမဟရဲခဲ့ကြပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်းဝိုင်းအုံဖွဲ့ကြပြီး “ရောဂါကူးခဲ့ရင် ဘယ်သူတာဝန်ယူမလဲ?” လို့ငြင်းခုံခဲ့ကြတယ်။
ဆရာဝန်တစ်ချို့ကတောင် “လူနာသုံးတဲ့ ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင် ဘယ်လိုလုပ်မလဲ?” လို့ ညည်းတွားနေကြတယ်။
ညည်းခဲ့ ငြင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လူနာနေဖို့ အခန်းကိုစီစဉ်ခဲ့ကြရတယ်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် လူနာအတွက် စပ္ပါယ်ရှယ်အခန်းက ကုတင် နံပါတ် (၁၉)ကို ရွေးပေးခဲ့တယ်။ လာဘ်နံပါတ်လို့ ပြောပါတယ်။နပ်စ်မှူး တာဝန်ခွဲတော့ ကုတင် (၁၉)က လူနာကို ဘယ်သူမှသွားမကြည့်ချင်ခဲ့ကြဘူး။ နောက်ဆုံး ကျောင်းပြီးတာ သုံးလတောင် မပြည့်သေးတဲ့ ကျွန်မ ကုတင် (၁၉) အတွက် မားမားမတ်မတ် ထွက်ရပ်ခဲ့တယ်။
အခန်းထဲ စဝင်တဲ့နေ့မှာ လက်ရှည်အကျီၤ၊ မျက်နှာဖုံး၊ ဦးထုပ်ဆောင်းရုံသာမက အထူဆုံး လက်အိတ်တစ်စုံကိုပါ ကျွန်မရွေးခဲ့မိတယ်။ ကုတင်(၁၉)ကလူနာကုတင်ဘောင်ကိုမှီပြီး မွေးဖွားခါနီး ဗိုက်ကို ပွတ်သပ်လို့အခန်းထဲဝင်လာတဲ့ ကျွန်မကို ပြုံးပြကြိုဆိုနေတယ်။ ဒီလိုရောဂါရထားတဲ့ အမျိုးအမီးတစ်ယောက်က တစ်ခြားလူတွေထက် တမူထူးခြားနေမယ်လို့ ကျွန်မထင်ခဲ့မိတယ်။ တကယ်တမ်း သူ့ကိုတွေ့တော့ သာမန်အမျိုးသမီး တစ်ဦးပါပဲ။ဆံပင်ခပ်တိုတို၊ ဂါဝန် ပွပွကြီးကြီးကို ဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ်အနက်ရောင်ကို စီးထားတယ်။ ပါးပြင်တစ်ဖက်တစ်ချက်မှာ တင်းတိတ်တွေနဲ့ ပြည့်နေတဲ့ သူ့ပုံစံက လုံးဝစံမီတဲ့ မိခင်လောင်းတစ်ဦးဖြစ်တယ်။
“မင်္ဂလာပါ”
ဖော်ဖော်ရွေရွေ နှုတ်ဆက်လာတဲ့ သူ့ကို လှိုက်ဖိုနေတဲ့ ရင်အစုံနဲ့ အေးစက်စက် ကျွန်မ ပြန်ပြုံးပြလိုက်မိတယ်။ ပထမဆုံးရက်မှာပဲ လူနာကို သွေးစစ်ရတယ်။သွေးက ရောဂါကူးစက်ရမှာ အဓိကဖြစ်တဲ့အတွက် သူ့ကို သွေးစုတ်ဖို့ရာ ကျွန်မတစ်ကိုယ်လုံး ထုံကျင်နေမိတယ်။
ကျွန်မ စိတ်လှုပ်ရှားလွန်းလို့လားမသိ! သွေးစုတ်ဖို့ အပ်ကို သွေးကြောထဲ ရောက်အောင် မထိုးနိုင်ခဲ့ဘူး။ လွဲချော်သွားတဲ့ အပ်ကြောင့် သူ့မျက်ခုံးတွန့်သွားတာကို ကျွန်မမြင်လိုက်တယ်။ သွေးစုတ်ဖို့ ဖန်ပြွန်တွေ၊ဂွမ်းစတွေနဲ့ ကျွန်မ ပျာများနေမိတယ်။ သူ့သွေးတွေ ကျွန်မကိုယ်ပေါ် လုံးဝမပေကျံဖို့ ဂရုစိုက်ရသေးတယ်။ သွေးစုတ်ပြီးနောက် သူ့မျက်နှာကို ကျွန်မကြည့်လိုက်မိတယ်။ မျက်နှာက ပကတိ အေးချမ်းတည်ငြိမ်လို့…
“ကျေးဇူးတင်ပါတယ်”
ယဉ်ယဉ်ကျေးကျေးနဲ့ နွေးနွေးထွေးထွေး ဆက်ဆံလာတဲ့ သူ့ကို ပညာတတ် လူတန်းစားထဲကမှန်း ကျွန်မရိပ်မိလိုက်တယ်။ ” ဟို .. ကုတင်(၁၉)က လူနာလေ ဘယ်လိုကြည့်ကြည့် အဲဒီရောဂါရှိတဲ့ လူနာနဲ့ကို မတူဘူး သိလား” နပ်စ်နားနေဆောင် ရောက်ရောက်ချင်း ကျွန်မ မအောင့်နိုင်ဘဲပြောလိုက်မိတယ်။ “ဒီလိုရောဂါရတဲ့ လူနာကို ဘယ်လိုပုံစံနဲ့ မြင်ချင်လို့လဲ?” တာဝန်ကျဒေါက်တာတစ်ဦးရဲ့ စကားက ကျွန်မ စကားလမ်းကြောင်းကို ပိတ်ပစ်လိုက်တယ်။ “နပ်စ် .. ဒါကို ကြည့်လိုက်ဦး”
ဒေါက်တာက ပြောပြောဆိုဆို လူနာရဲ့ဆေးမှတ်တမ်းတွေ ကျွန်မကို ကမ်းပေးတယ်။ ဆေးမှတ်တမ်းကို ကျွန်မတစ်ရွက်ချင်း လှန်ကြည့်လိုက်တယ်။ သူ ကံတော်တော် မကောင်းခဲ့ရှာဘူး။ သူဟာ တက္ကသိုလ်ကျောင်း တစ်ခုက ဆရာမပါ။ငယ်ရွယ်ထက်မြက်တဲ့သူက အသက် ၃ဝမှာ တွဲဖက်ပါမောက္ခ ဖြစ်နေပါပြီ သူ့အနာဂတ်လမ်းက ဖြောင့်ဖြူးနေခဲ့ပါတယ်။ ဒါပေမယ့် ခရီးတစ်ခုမှာ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး အရေးတကြီး သွေးသွင်းခဲ့ရတယ်။ အဲဒီမှာ HIV ရောဂါကူးစက်ခံခဲ့ရတာပါပဲ။
သွေးသွင်းခဲ့လို့ ရောဂါကူးစက်ခံရမယ်လို့ ဘယ်သူမှ တွေးမထားခဲ့မိဘူး။ သူကိုယ်ဝန်ရပြီး စစ်ဆေးမှုတွေ ပြုတဲ့အချိန်ကျမှ ကူးစက်ခံရမှန်း သိခဲ့ရတယ်။ အဲဒီနောက် သူ့ဘဝ တစ်မျိုးတစ်ဖုံ ပြောင်းခဲ့ရတယ်။ လောကကြီးကိုမျက်နှာမပြရသေးတဲ့ ရင်သွေးငယ်ကိုလည်း သနားမိတယ်။ အေအိုင်ဒီအက်စ် ရောဂါသည်မွေးဖွားတဲ့ ကလေးငယ်ဟာ ရောဂါကူးစက်ဖို့ ၂ဝ% ကနေ ၄ဝ% ထိရှိနိုင်တယ်လို့ ဆိုပါတယ်။ မွေးဖွားချိန်မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲနဲ့ရောဂါ ကာကွယ်စက်စနစ်တွေ (Immune System) ပျက်စီးခဲ့ရင်အသက်ပါဆုံးရှုံးနိုင်ပါတယ်။
အခုချိန်မှာ သူဟာ မွေးဖွားချိန်ကို တစ်ဖက်ကစောင့်ရင်း သူ့ကိုသွေးသွင်းပေးခဲ့တဲ့ ဆေးရုံနဲ့ သွေးလှူဌာနကို တရားစွဲဆိုထားပါတယ်။ လျှော်ကြေးငွေရမယ်လို့ ခန့်မှန်းထားပေမယ့် သူ့အတွက်ဘာများအသုံးဝင်တော့မလဲ?
ကုတင်(၁၉)ရဲ့ အမျိုးသား ရောက်လာတဲ့အချိန်မှာ သားဖွားဆောင်တစ်ခုလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားသေးတယ်။ အေအိုင်ဒီအက်စ် ဝေဒနာသည်တစ်ဦးရဲ့ခင်ပွန်းဟာ ဘယ်လိုပုံစံများပါလိမ့်? ကျွန်မသိချင်၊ မြင်ချင်ဇောနဲ့အခန်းကို စစ်ဆေးမယ့်ဟန်ပြုပြီး ဝင်ရောက်စပ်စုခဲ့တယ်။ လူနာကကုတင်ခေါင်းရင်းမှာ ထိုင်နေပြီး ခြေထောက်ကို ကုတင်နဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ခင်ပွန်းပေါင်ပေါ် ဆန့်ထားတယ်။ ပြီးတော့ငယ်ထိပ်ကနေ ဆံဖျားအထိ ဆံပင်ကို စိတ်အေးလက်အေး ဖြီးသင်နေတယ်။
ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ကြောင့် ဖောရောင်နေတဲ့ သူ့ခြေထောက်ကို ညင်ညင်သာသာ ဖိနှိပ်ပေးနေတယ်။ ဇနီးသည်ကို သနားကြင်နာမြတ်နိုးတဲ့ အပြုံးနဲ့ နွေးထွေးမှုတွေကို သူ့လက်ဖဝါးကနေ တစ်ဆင့် ဇနီးရဲ့ ကိုယ်ထဲကိုအရောက်ပို့နေခဲ့တယ်။
နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲမှာရှိတဲ့ ခင်ပွန်းရဲ့ လက်ပေါ်၊ ဇနီးရဲ့ ခြေပေါ်ကို အစက်အပျောက်အဖြင့်နဲ့ ထိုးကျလာခဲ့တယ်။ နေရောင်အောက်မှာ သူတို့ဟာ တကယ့် ပျော်ရွှင်စရာကောင်းတဲ့ ဇနီးမောင်နှံအဖြစ် ပိုအသက်ဝင်နေခဲ့ပါတယ်။
“ကလေးက ဘယ်သူနဲ့ ပိုတူမယ်လို့ ထင်လဲ?”
ကုတင်ထက်က အိပ်ရာခင်းကို ဆွဲဆန့်ရင်း သူတို့ပြောတဲ့စကားကို ကျွန်မ စိတ်မကောင်းစွာ နားထောင်နေမိတယ်။ တကယ်တော့ သူတို့ဟာ ပျော်စရာကောင်းတဲ့ မိဘလောင်းတွေပါလား?
“ကျွန်မနဲ့ ပိုတူမှာ ” ခပ်ချွဲချွဲ အမှုအရာနဲ့ သူပြောတယ်။ “အသားအရေတော့ တူလို့ မဖြစ်ဘူးနော်” ခင်ပွန်းက တစ်ဟားဟား ရယ်ရင်း “ကြည့်စမ်း… ပါးပြင်ပေါ်မှာ အစက်အပျောက်တွေနဲ့ ကျားသစ်မနဲ့ တူနေပြီ” သူ့ကိုစတယ်။ မျက်ရည်တွေ ပါးပြင်ပေါ် စီးမကျလာခင် အခန်းထဲကနေ ကျွန်မထွက်လာခဲ့တယ်။
HIV ရောဂါ ထိန်းချုပ်ပေးတဲ့ ဆေးတွေကို ကုတင်(၁၉) နေ့တိုင်းသောက်နေရတယ်။နေ့တိုင်း သွေးစစ်ရတယ်။ ဆီးစစ်ရတယ်။ ဖြူဖွေးပြည့်ဝတဲ့ သူ့လက်မောင်းနှစ်ခုလုံး လက်ဖဝါးကနေ လက်မောင်းအထိ အပ်ရာတွေနဲ့ ပြည့်နေခဲ့ပါပြီ။ မကျွမ်းကျင်တဲ့ ကျွန်မမှာ ကြောက်စိတ်တွေ ရောပါနေခဲ့လို့ အမြဲတမ်း အပ်ကို တစ်ချက်တည်းနဲ့ မသွင်းနိုင်ခဲ့ဘူး။ ဒါကို သူက တစ်ခါမှ စိတ်မဆိုးခဲ့တဲ့အပြင် ကျွန်မကို အေးအေးလေး ပြုံးကြည့်နေတတ်တယ်။
သူ့ကို ပြုစုတဲ့ တစ်ပတ်ကျော်ကျော် အတွင်းမှာ သူ့ကို တဖြေးဖြေးကျွန်မနှစ်သက်လာမိတယ်။ အခန်းထဲဝင်ရင် အကာအကွယ် ချပ်ဝတ်တန်ဆာတွေကို ကျွန်မဝတ်ဆင်ထားဆဲဖြစ်ပေမယ့် အပ်စိုက်ရာမှာ ပိုတိကျသေချာအောင်ကျွန်မဂရုစိုက်လာခဲ့တယ်။ သောက်ဆေးတွေကိုလည်း သူမှတ်မိတဲ့အထိ ထပ်သလဲလဲမှာဖြစ်ခဲ့တယ်။ တစ်ခါတလေ သူ့အတွက် လတ်ဆတ်တဲ့ နေကြာပန်းတွေကို ဝယ်ပြီးသူ့ကုတင်ရှေ့မှာ ကျွန်မ ပန်းအိုးထိုးထားတတ်တယ်။
သူ့ကိုယ်ဝန် အနေအထားအားလုံးက ပုံမှန်ဖြစ်တယ်။ ကလေးက အနည်းငယ် ထွားနေပြီးခေါင်းပိုင်းက မွေးဖွားရာလမ်းကြောင်းရဲ့ ၁ဝ စင်တီမီတာမှာ ရှိနေခဲ့တယ်။ဒါပေမယ့် မွေးဖွားရာမှာ ရောဂါမကူးစက်အောင် ဆရာဝန်က ဗိုက်ခွဲမွေးဖို့၊ခွဲစိပ်မယ့် အစီအစဉ်တွေ အားလုံးကို စီမံထားပြီးဖြစ်တယ်။
မွေးဖွားရက် နီးလာပါပြီ။ ခန့်မှန်းထားတဲ့ မွေးဖွားရက်ကတစ်ပတ်လိုသေးပေမယ့် ၃၁နှစ် သားဦးဖြစ်တာကတစ်ကြောင်း၊ အေအိုင်ဒီအက်စ်ရောဂါသည် ဖြစ်နေတာကတစ်ကြောင်းမို့ လူနာခန်း၊ ခွဲစိပ်ခန်းကို အသေးစိပ်ပြင်ဆင်ထားပြီး အဆင်သင့်အနေအထားမှာ နိုးနိုးကြားကြား ရှိနေခဲ့ကြတယ်။
ကုတင်(၁၉)က တည်ငြိမ်လွန်းတယ်။ နေ့တိုင်း စာဖတ်လိုက်၊သီချင်းနားထောင်လိုက်နဲ့ မွေးဖွားလာမယ့် ရင်သွေးအတွက် စာတွေ၊ ပုံတွေ ရေးဆွဲနေခဲ့တယ်။ အခုဆို သူ့ခေါင်းအုံးအောက်မှာ စာတွေ တစ်ထပ်ကြီး ရှိနေပါပြီ။
အရွယ်လွန်မှ ရတဲ့ ကိုယ်ဝန်ဖြစ်တဲ့အပြင် ရောဂါပါ ခံစားနေရပြီး ဘာဖြစ်လို့ ရင်သွေးငယ်အတွက် ဒီလောက်ထိ အားခဲနေရသလဲလို့ သူ့ကို ကျွန်မ မေးခဲ့တယ်။ ကျွန်မမေးတဲ့ အမေးကို သူ မနှစ်သက်ဟန် မပြတဲ့အပြင် “ကလေးက ရောက်လာခဲ့ပြီပဲလေ။ သူ့အသက်ကို ကျွန်မ မဆုံးရှုံးသင့်ဘူး” လို့ခပ်ပြုံးပြုံး ပြန်ဖြေခဲ့တယ်။
ဆက်မေးသင့် မမေးသင့် ကျွန်မတစ်ချက်တွေဝေပြီး “တကယ်လို့ ရောဂါကူးခဲ့ရင် ဘယ်လိုလုပ်မလဲ?” လို့မေးလိုက်မိတယ်။ နေကြာပန်းကို ပွတ်သပ်ကိုင်တွယ်ပြီး တစ်ဖက်လှည့်လိုက်ရင်း “တကယ်လို့ ကျွန်မတို့သာ မစမ်းသပ်ခဲ့ရင် ကလေးအသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိခဲ့မှာ မဟုတ်ဘူး” လို့ သူပြန်ဖြေတယ်။ ကျွန်မစိတ်တွေ ပိုလေးလံလာခဲ့တယ်။ အခန်းက အပ်ကျသံတောင် မကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက် သွားခဲ့တယ်။ အခန်းထဲကနေ လှည့်ထွက်ဖို့ ကျွန်မပြင်တော့သူက တိုးညှင်းတဲ့ အသံနဲ့…..
“ကျွန်မတစ်ခုလောက် တောင်းဆိုချင်ပါတယ်။ တကယ်လို့ မွေးဖွားချိန်မှာတစ်ခုခုဖြစ်ခဲ့ရင် ကျွန်မခင်ပွန်းက လူကြီးအသက်ကို လုပါလို့ ပြောလိမ့်မယ်။ ဒါပေမယ့် ကျွန်မရောဂါ အခြေအနေကို နပ်စ်လည်း သိပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကလေးကို ပထမဆုံးနေရာမှာ ထားပေးပါနော်”
ကျွန်မပါးပြင်ပေါ် မျက်ရည်တွေ အတားအဆီးမဲ့ စီးဆင်းလာခဲ့တယ်။ အော် ….. ဒါကပဲ မိခင်တဲ့လား ?
ရောက်လာမယ့် နေ့ရက်က ရှောင်လွဲလို့ မရအောင် အရောက်လာခဲ့ပါပြီ။ အဲဒီညက ကျွန်မနိုက်ဂျူတီ ဝင်ရတယ်။ ကုတင် (၁၉)အတွက် ခွဲစိပ်ဖို့ အားလုံး ပြင်ဆင်ပြီးနေပြီ။ မိုးလင်းခါနီးမှာ ရုံးခန်းက အရေးပေါ် အချက်ပေးခေါင်းလောင်းသံတွေ နားကွဲမတတ် ဆူညံမြည်လာခဲ့တယ်။ ကျွန်မချက်ချင်းထရပ်ပြီး အချက်ပြနံပါတ်ကို ကြည့်လိုက်တယ်။
“ကုတင် (၁၉) ! ” တာဝန်ကျဆရာဝန်တွေကို တစ်ဖက်ကခေါ်ရင်း ကုတင် (၁၉)ဆီ ကျွန်မ အပြေးပြေးလာခဲ့မိတယ်။
မှိန်ဖျော့နေတဲ့ မီးရောင်အောက်မှာ ကုတင်(၁၉)ရဲ့ မျက်နှာက ဖြူရော်လို့နေတယ်။ စောင်ကို ဆွဲခွာကြည့်လိုက်တော့ ရေမွှာကပေါက်နေခဲ့ပါပြီ။ ပိုဆိုးတာက ရေက အနီရောင်ဖြစ်နေတဲ့အတွက်သားအိမ်အတွင်းမှာ သွေးထွက်နေပြီဆိုတာကို သိလိုက်တယ်။
ကုတင်(၁၉)ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ လွှမ်းနေတယ်။ သွေးထွက်ပြီ ဆိုကတည်းက ကလေးကို ရောဂါကူးစက်နိုင်နှုန်းက ဆတိုးသေချာနေပြီ။ တကယ်တော့ အချင်းက ရောဂါမကူးစက်အောင် ရင်သွေးကို ဖုံးအုပ်ထားနိုင်တယ်။ ဒါပေမယ့် မွေးဖွားချိန် ထွက်တဲ့သွေးနဲ့ ဓာတ်တစ်မျိုး (Secretions) ကြောင့် ကလေးကို HIV ကူးစက်နိုင်ပါတယ်။
နာကျင်လွန်းလို့ သူ့နှာဖူးမှာ ချွေးသီးချွေးပေါက်တွေ တွဲခိုနေတယ်။ ခံစားနေရတဲ့ ဝေဒနာကို အံကြိတ်ပြီး ခွဲစိပ်ဖို့ပြင်ဆင်မှုတစ်ချို့ကိုသူခံယူနေတယ်။ ညအချိန်မို့ ထမ်းစင်က ချက်ချင်း ရောက်မလာခဲ့ဘူး။ သူ စကားတစ်ခွန်းမှ မပြောဘဲ ကုတင်ပေါ်က ဆင်းလိုက်တယ်။ သူ့ကိုဖေးမရင်းသွေးတွေရောနေတဲ့ ရေတစ်ချို့ ဂါဝန်ထဲကနေတစ်ဆင့် ရောင်အမ်းနေတဲ့ သူ့ခြေထောက်ပေါ် စီးကျလာတာကို ကျွန်မတွေ့လိုက်တယ်။
သူ ဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။ ခြေလှမ်းကို မြန်သထက် မြန်အောင်လှမ်းနေတယ်။သူ့ခြေလှမ်း တစ်စက္ကန့် မြန်ရင် ကလေးအသက်ရှင်မယ်၊ ရောဂါကူးစက်ရာကလွတ်မယ်လို့ သူမှန်းထားပုံရတယ်။
ခွဲစိပ်ကုတင်ပေါ် သူရောက်တဲ့အချိန် ရေမွှာ ရေက နောက်ကျိနေခဲ့ပါပြီ။ ဒါကရင်သွေးငယ် အောက်စီဂျင်ပြတ်နေပြီဆိုတဲ့ လက္ခဏာဖြစ်တယ်။ ထုံဆေးဆရာက သူ့ကိုထုံဆေးထိုးပေးပြီး ကျွန်မတို့ကသူ့ရဲ့သတိလည်နှုန်းကိုစတင်စမ်းသပ်ခဲ့ကြတယ်။ ခက်တာက အချိန် ၃ မိနစ်ကျော်လွန်သွားပေမယ့် သူနိုးကြားနေတုန်းပဲ။ “နာလိုက်တာ” လို့ သူ ရေရွတ်နေတယ်။
ထုံဆေးဆရာ ချွေးပြန်စပြုလာပါပြီ။ သူ့ထုံဆေး အစွမ်းမပြတဲ့ လူနာဆိုလို့ဒါပထမဆုံးအကြိမ် ကြုံတာပါပဲ။ ဒါပေမယ့် ကလေးအခြေအနေက ထုံဆေးထပ်ပေးလို့မသင့်တဲ့အခြေအနေကို ရောက်နေပါတယ်။
ကျွန်မရဲ့လက်ကို သူ့တင်းတင်းလေး ဆုပ်ကိုင်ထားတယ်။ တိုးလျှိုးတောင်းပန်တဲ့ မျက်လုံးနဲ့ ဆရာဝန်တွေကို ကြည့်နေတယ်။ ပါးစပ်ကလည်း ” ကျွန်မ ကလေးကို ကယ်ပါ…. ကျွန်မကို ဂရုမစိုက်ပါနဲ့… ကျွန်မ ကလေးကို ကယ်ပါ” လို့တိုးတိုးလေး တောင်းဆိုနေခဲ့တယ်။
အချိန် ၁ မိနစ် လွန်မြောက်သွားခဲ့ပါပြီ……
ကုတင်(၁၉)ရဲ့ ခြေလက်တွေကို ကုတင်နဲ့ ကပ်ချည်ထားလိုက်တယ်။ ထုံဆေးဆရာကလည်းဆေးထိုးအပ်ကို အသင့်ပြင်ထားပြီးပြီ။ ခွဲစိတ်မှူးဆရာဝန်ကလည်း အံကြိတ်လို့ ခွဲစိပ်ဖို့ရာ လက်တွန့်နေခဲ့တယ်။ ဒါ ကျွန်မနပ်စ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက် “သားဖွားမီးယပ်ပါရဂူ” အဖြစ်နာမည်ကြီးတဲ့ ဆရာဝန်ရဲ့ မျက်နှာပေါ်က မျှော်လင့်ချက်မဲ့အရိပ်ကို ပထမဦးဆုံး မြင်ဖူးခြင်းပါပဲ။ ခွဲစိပ်ဓားတွေက ထုံဆေးမစွမ်းတဲ့ ကုတင်(၁၉)ရဲ့ ဗိုက်ပေါ် ခွဲချလိုက်တယ်။ ဗိုက်အရေခွံ အဲဒီနောက် အဆီထပ်၊ ကြွက်သား၊ အချွဲ (Mucosa)၊ သားအိမ်….
ကုတင်(၁၉) ကျွန်မလက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ။ မပီမသစကားသံတစ်ချို့နဲ့ ရင်ကွဲလုမတတ် အော်မြည်သံတစ်ချို့ သူ့ပါးစပ်မှာကိုက်ထားတဲ့ ပုဝါကြားကနေ ပလုံးပထွေးထွက်လာခဲ့တယ်။
ခန္ဓာတစ်ခုလုံးက ကုတင်ပေါ်မှာ တစ်ဆတ်ဆတ် တုန်လို့….. အကြောတွေပါ လိမ်ဆွဲနေတယ်။ သူ့မျက်နှာဟာ နာကျင်လွန်းလို့ ပုံစံပြောင်းနေတယ်။ ကျွန်မ မကြည့်ရက်ဘဲ မျက်နှာလွဲလိုက်တယ်။ မျက်ရည်တွေ ပါးပြင်ပေါ် လှိမ့်ဆင်းလာခဲ့ပါတယ်။ ဒါဟာ ဘယ်လိုနာကျင်မှုမျိုးလဲ ! ဒါဟာ ဘယ်အရာနဲ့ နိုင်းပြလို့ရတဲ့ မိခင်မေတ္တာမျိုးလဲ !
နောက်ဆုံး ကလေးကို ဝမ်းထဲကနေ ဆွဲထုတ်ယူနိုင်ခဲ့တယ်။ ကလေးမျက်နှာက ပြာနှမ်းနေပါပြီ။ ချက်ကြိုးက လည်ပင်းကိုပတ်နေတာကြောင့် အောက်စီဂျင်ပြတ်ပြီး ပြာနှမ်းခဲ့ပုံရတယ်။ တအောင့်ကြာတော့ ချွေးတွေ ရွှဲနစ်နေတဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံးပျော့ခွေကျသွားတယ်။ ဆရာဝန်က ကလေးငယ်ကို ခြေထောက်ကကိုင်ပြီး ကျောကို တစ်ချက်နှစ်ချက် ပုတ်ပေးလိုက်တယ်။ ပါးစပ်ထဲဝင်နေတဲ့ အညစ်အကြေးတစ်ချို့အန်ထွက်လာပြီးနောက် ကလေးရဲ့ ပထမဆုံးငိုသံ ထွက်ပေါ်လာခဲ့တယ်။ငိုသံကတိုးညှင်းပေမယ့် ကြည်လင်နေတယ်။
သတိလက်လွတ် ဖြစ်ခါနီးဆဲဆဲ မိခင်က ကလေးငိုသံကို ကြားလိုက်မိလို့ ထင်ပါရဲ့ကလေးဖက်ကို အားယူပြီး မျက်လုံးတစ်ချက် ဖွင့်ကြည့်လိုက်တယ်။ အဲဒီနောက် မျက်ခွံတွေ လုံးဝပိတ်ကျသွားခဲ့တယ်။ သူ့ကိုယ်ပေါ် ပတ်ထားတဲ့ ခါးပတ်တွေကိုကျွန်မဖြုတ်ပေးလိုက်တယ်။ သူ့လက်ကောက်ဝတ်တွေ၊ ခြေကျင်းဝတ်တွေညိုမည်းပွန်းပဲ့ကုန်ပြီး သွေးတွေ ထွက်နေတာကို ကျွန်မတွေ့လိုက်တယ်။အဆုပ်ကိုင်ခံထားရတဲ့ ကျွန်မရဲ့ လက်လည်း အရိုးတွေ ကျိုးကြေမတတ် နာကျင်လို့နေတယ်။
ကုတင်(၁၉) အားယူပြီး ဖွင့်ကြည့်ခဲ့တဲ့ အကြည့်တစ်ချက်ကကိုယ့်ရင်သွေးငယ်ကို နောက်ဆုံးကြည့်ခြင်းမှန်း ကျွန်မလုံးဝတွေးမထားခဲ့မိဘူး။ အဲဒီ ဖော်ရွေမှု အပြုံးတွေပါတဲ့ သူ့မျက်လုံးဟာပိတ်ကျသွားပြီးနောက် လုံးဝ ပြန်ဖွင့်မလာခဲ့တော့ပါဘူး။
၃ရက်အကြာမှာ ခွဲစိပ်မှုကြောင့် သွေးမသန့်ဖြစ်တာရယ်၊ ပေးထားတဲ့ antibiotics အကျိုးမပြုတာရယ်ကြောင့် လူ့လောကကို သူရာသက်ပန် ခွဲသွားခဲ့တယ်။
ကံကောင်းတာက မွေးထွက်လာတဲ့ ကလေးလေးက HIV negative ဖြစ်နေတယ်။ ကျွန်မတို့ ဆေးပညာမှာ အောင်မြင်တဲ့ ကုသမှုတစ်ခုအဖြင့် အသိအမှတ်ပြုမိပါတယ်။ အေအိုင်ဒီအက်စ် ရောဂါရ မိခင်တစ်ဦးကနေ ကျန်းမာတဲ့ ကလေးငယ်မွေးထုတ်နိုင်ခဲ့တဲ့အတွက် သတင်းစာအချို့နဲ့ သတင်းဌာနက လူတွေ လာရောက်မေးမြန်းကြမယ်လို့ ကျွန်မတို့ ကြားမိပါတယ်။
လူနာနေခဲ့တဲ့ အခန်းကို ကျွန်မဝင်ရှင်းတော့ ကုတင် (၁၉)ရဲ့ ခေါင်းအုံးအောက်မှာ ကလေးအတွက် ရေးခဲ့တဲ့ စာတွေကို ကျွန်မတွေ့လိုက်မိတယ်။ စာတွေအပြင်၊ ရုပ်ပုံတွေပါ ဆွဲထားသေးတယ်။ ပထမဆုံးပုံက နေလုံးကြီးပုံကိုဆွဲထားတယ်။ နေရောင်အောက်မှာ လက်ကလေးတစ်စုံ… အဲဒီအောက်မှာ ကလေးအတွက် စာတစ်ကြောင်း ရေးထားပါတယ်။
“သားရေ….. ဘဝဆိုတာ နေမင်းကြီးနဲ့တူတယ်။ ဒီနေ့ နေဝင်ခဲ့ရင် မနက်ဖြန် ပြန်တက်လာစမြဲပဲ။ ဒါပေမယ့် နေမင်းကြီးက နေ့တိုင်းတော့ မတူနိုင်ဘူး” စာကြောင်းရဲ့ အောက်မှာ သပ်ရပ်လှပတဲ့ နာမည်လေးတစ်ခု ထိုးထားတယ်။ သူ့ကို “ကုတင် (၁၉)” လို့ပဲ ကျွန်မခေါ်ခဲ့မိတဲ့အတွက် ပထမဆုံးအကြိမ် ကျွန်မ နောင်တရမိခဲ့တယ်။
ကလေးလေး ဆေးရုံဆင်းတော့ ကလေးအဖေကို ရေးထားတဲ့ စာတွေအားလုံး ကျွန်မအပ်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်တွေနဲ့ နီရဲနေခဲ့တယ်။ ကလေးငယ်ကလည်း သူ့မိခင် မရှိတော့မှန်း သိတဲ့အလား တစ်ဝါးဝါးနဲ့ အော်ငိုနေခဲ့တယ်။
နေမင်းကြီးပုံ ဆွဲထားတဲ့ ပုံကို ကလေးရှေ့မှာ ကျွန်မဝှေ့ယမ်းပြလိုက်မိတယ်။ကလေးငယ်ဟာ ငိုရာက ချက်ချင်းတိတ်ပြီး လက်ကလေးကို ဆန့်လို့…
ကျွန်မလက်ထဲက စာရွက်ကို လှမ်းဆုတ်ကိုင်လိုက်တော့တယ်…
ဝေမင်းတာ
လေးစားစွာဖြင့် Blacker