ကြွက်ကြီး စားသုံးခြင်းဟာ ကျန်းမာရေးကောင်းတယ်လို့ ယုံကြည်ကြတဲ့ တရုတ်များနှင့် ပလိပ်ရောဂါ
အခုတစ်လော အပြောများတဲ့တရုတ်က ပလိပ်ရောဂါ…
ကြွက်ကြီးကို စားသုံးခြင်းဟာ ကျန်းမာရေးကောင်းတယ်လို့ သူတို့ယုံကြည်ကြ…။ သူတို့ပြောတဲ့ “ကြွက်ကြီး” က မားမော့တ် (MARMOT) ဆိုတဲ့ မြေအောင်းသတ္တဝါပေါ့..။ သူတို့ Boodog လို့လည်းခေါ်ကြတယ်။ ဧည့်သည်လာရင် ချက်ကျွေးတဲ့ အထူးအစားအသောက်ကောင်းတစ်ခု။
ဒါပေမဲ့ ၂၀၂၀၊ မေလတုန်းက မားမော့တ် ဆိုတဲ့ မြေအောင်းသတ္တဝါ (ကြွက်ကြီး ပုံစံ၊ ရှဉ့် အမျိုးအစားသတ္တဝါ) တွေကိုစားတဲ့ ဇနီးမောင်နှံ သေသွားတယ်။ ပထမတော့ မွန်ဂိုဇနီးမောင်နှံကို အစာအဆိပ်သင့်လို့ သေသွားရတယ်လို့ သူတို့ထင်ကြတာ..။ နောက်မှသိရတာက သူတို့မှာ ဘူဘော့နစ်ခ် (BUBONIC) ဆိုတဲ့ ပလိပ်ကပ်ရောဂါရှိနေတယ်ဆိုတာပဲ။
သူတို့နေတာ အင်းနားမွန်ဂိုလီးယား (Inner Mongolia) တဲ့။ အင်းနားမွန်ဂိုလီးယား (Inner Mongolia )က ဘယ်နေရာလဲ..။ အင်းနားမွန်ဂိုးလီးယားဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထဲမှာ ပါတယ်။ ဒါပေမဲ့ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ရေးရထားတဲ့ ပြည်နယ်ပေါ့။ ဒါကြောင့် နာမည်ကသာ အင်းနားမွန်ဂိုလီးယားဖြစ်တယ်။ တရုတ်ပြည်ထဲမှာပါပဲ။
မွန်ဂိုတွေက ဟိုးရှေးကတည်းက တရုတ်မင်းတွေရဲ့ လက်အောက်ခံဖြစ်ခဲ့။ ၁၃ ရာစု နှစ်ဦးပိုင်းရောက်တော့ မွန်ဂိုဘုရင် ဂျင်ဂစ်ခန် (ခရစ် ၁၁၆၂-၁၂၂၇) ကျေးဇူးကြောင့် တရုတ်နိုင်ငံမြောက်ပိုင်း၊ တာကီစတန်ပြည်၊ ပါးရှားပြည် (အီရန်) နဲ့ ရုရှားနိုင်ငံ တောင်ပိုင်းနယ်တွေကို ပြန်တိုက်ပြီး မွန်ဂိုနိုင်ငံကြီးကို ပြန်ပြီးတည်ထောင်နိုင်ခဲ့တယ်။
တောင်တွေထူတဲ့ အနောက်မြောက်ပိုင်းကို မွန်ဂိုး လီးယားနိုင်ငံ။ အရှေ့တောင်ဘက် မြေပြန့်ပိုင်းကို အင်းနား မွန်ဂိုးလီးယား။ အဲဒီ ၂ ခုကြားမှာရှိတာက ဂိုဘီသဲကန္တာရကြီးပေါ့။ အင်းနား မွန်ဂိုးလီးယားမှာ စိမ်းလန်းတဲ့ စတက်လွင်ပြင်၊ ခြောက်သွေ့တဲ့သဲကန္တာရနဲ့ တရုတ်ပြည်ရဲ့ မဟာတံတိုင်း (Great Wall ) ရဲ့ အစိတ်အပိုင်းတွေလည်းပါတယ်။
အဲဒီဒေသတွေမှာ ရာပေါင်းများစွာသောမြစ်တွေ ဝန်းရံနေတော့ သူတို့အလုပ်က ငါးလုပ်ငန်းနဲ့ တိရစ္ဆာန် မွေးမြူရေးတွေလုပ်ကြတယ်။ ကြွက်ကြီးကို စားသုံးခြင်းဟာ ကျန်းမာရေးကောင်းတယ်လို့ သူတို့ယုံကြည်ကြ…။
လောလောဆယ် COVID-19 ကူးစက်ကပ်ရောဂါကြီးက ကမ္ဘာ့ရောဂါကပ်ကြီးဖြစ်သွားတာမို့ ကပ်ဆိုက်နိုင်တဲ့ရောဂါဆို မီဒီယာတွေက တစ်ဆင့် အသိပေးကုန်ကြပြီ..။ အခုလည်း ပလိပ်ရောဂါအကြောင်း နိုင်ငံတစ်ကာ မီဒီယာမှာ ပါလာပြန်ပြီ။
THE BLACK DEATH (1346-1353) ပလိပ်ရောဂါဟာ လူ့သမိုင်းမှာအဆိုးရွားဆုံး ကူးစက်ရောဂါဖြစ်တယ်။ ရောဂါ စဖြစ်တဲ့နိုင်ငံက အိန္ဒိယနိုင်ငံကပေါ့။
“ Black Death” လူသိများသောအဆုတ်ပလိပ်ရောဂါက ပဋိဇီဝဆေးအမျိုးအစားတွေနဲ့ ကုသမှုမခံယူနိုင်ရင် ရောဂါကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းအထိ သေစေနိုင်..။ ဒါကြောင့် အလယ်ခေတ်တုန်းက လူသန်းပေါင်းများစွာသေဆုံးခဲ့။ သေဆုံးသူပေါင်း ၇၅ သန်း ကနေ သန်း ၂၀၀အထိ..။ ဒီနေ့ခေတ်မှာတော့ ပလိပ်ရောဂါရတဲ့သူတွေ မရှိသလောက် အလွန်ရှားပါးလှတယ်။ဒါပေမဲ့ ပျောက်ကွယ်သွားခြင်းမရှိ .. အငြိုးကြီးစွာနဲ့ ကမ္ဘာရဲ့ ထောင့်တစ်နေရာမှာ ရှိနေဆဲ..။
နိုင်ငံတကာပြည်သူ့ကျန်းမာရေးပါမောက္ခပါမောက္ခဂျင်မီဝှူဝါ့ (Prof. Jimmy Whitworth – Professor of International Public Health, London School of Hygiene & Tropical Medicine) က သတင်းကောင်းတစ်ခုပေးထားတယ်။
“ သိပ်မစိုးရိမ်ပါနဲ့။ မွန်ဂိုလီးယားမှာ Bubonic plague ပုံမှန်လိုဖြစ်နေတာ။ ကြွက်စတဲ့ မြေအောင်း သတ္တဝါတွေမှာ ပလိပ်ရောဂါရှိနေတယ််။လူသားတွေက ကြွက်သားစားရင် (marmots) ဒါမှမဟုတ် ခွေးလှေးတွေ အကိုက်ခံရပြီး ပလိပ်ရောဂါရကြတာ။ချက်ချင်းသိဖို့ပဲလိုတာပါ။ ပဋိဇီဝဆေးတွေနဲ့ အလွယ်တကူကုသနိုင်တယ်။ ပြန်လည်ကျန်းမာလာနိုင်တယ်”
လက်ဦးမှုရမှ..။
The Black Death ပလိပ်ဟာ အမှန်တကယ်ပျောက်ကွယ်သွားခြင်းမရှိသေးပါ။ အာရှ၊ အာဖရိက တွေမှာရှိနေဆဲ။ အခုတွေ့တာ တရုတ်ပြည်ရဲ့ အင်နား မွန်ဂိုလီးယားဒေသက Bayan Mur ဆိုတဲ့မြို့။ ဒါကြောင့် တနင်္ဂနွေနေ့ (၂၀၂၀ ၊ ဂျူလိုင် ၅ ရက်) က နိုင်ငံတကာကိုဖွင့်ပြောခဲ့တာ။
အခုလေလောဆယ်တော့ အဲဒီကို သွားလည်တဲ့ ရုရှား၊ ဂျာမနီနဲ့ ဆွစ်ဇာလန်နိုင်ငံတွေက ခရီးသွားဧည့်သည် ၉ ယောက်ကို မွန်ဂိုနိုင်ငံက ပြန်ထွက်ခွင့်မပေးသေးဘဲ ဒေသတွင်း ကွာရန်တင်း (quarantine) ဝင်ခိုင်းထားရတယ်။ နောက်တစ်ပတ်တနင်္လာနေ့အထိ စောင့်ကြည့်မယ်တဲ့။
ပလိပ်ရောဂါက ယာဆင်နီယာ ပက်စ်တစ် (Yersinia pestis) လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကြောက်မက်ဖွယ် ကူးစက်ရောဂါကြီးဖြစ်တယ်။ ရောဂါကို ဘူဘော့နစ်ခ် ပလိပ်ရောဂါ (bubonic plague) လို့ခေါ်တယ်။ အဲဒီ Yersinia pestis လို့ခေါ်တဲ့ ပလိပ်ရောဂါပိုးက အသားစိမ်းက တစ်ဆင့်ကူးနိုင်တယ်။ ဒါကြောင့် အာဏာပိုင်တွေက ဒေသခံလူတွေကို အသားစိမ်းအသားကိုမစားဖို့သတိပေးခဲ့..။ ထုံးစံအတိုင်းပါပဲ။ အချို့သောလူတွေကသတိပေးချက်တွေကို အထင်သေးလျစ်လျူရှုကြတာပေါ့..။
Yersinia pestis ပလိပ်ရောဂါ ရောဂါပိုးဟာ.. ခန္ဓာကိုယ်ကထွက်တဲ့ အရည် (ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ လိင်ဆက်ဆံခြင်း) ညစ်ညမ်းမျက်နှာပြင် လေ အင်းဆက်ပိုးမွှားများ တိရစ္ဆာန်(အထူးသဖြင့်ကြွက်များ) တွေက သယ်ဆောင်တတ်တာမို့ အခု COVID-19 ထက် အမြန်ကူးနိုင်တယ်။
အဆုတ်ရောင် ပလိပ်ရောဂါဟာ အသက်ရှူကြပ်၊ ခေါင်းကိုက်နဲ့ ချောင်းဆိုးတွေဖြစ်ပြီး ပြင်းထန်သောအဆုတ်ရောဂါဖြစ်.. အခြားလူတွေကို ကူးစက်တာလွယ်တယ်တဲ့..။ Yersinia pestis ရောဂါပိုးဟာ လူတွေထင်ထားသလို ကြွက်တွေကြောင့်မဟုတ်ပါ။ ကြွက်သန်း (လှေး) (Xenopsylla cheopis) တွေမှာရှိနေတဲ့ ရောဂါဖြစ်တယ်။ ကြွက်သန်း (လှေး) တွေက ကြွက်ကိုကိုက်လို့ ကြွက်တွေရောဂါရတာ။
အဲဒီသန်းတွေက လူကိုကိုက်တော့ လူတွေဆီရောက်တာပေါ့။ တိရစ္ဆာန်ကိုကိုက်ရင် တိရစ္ဆာန်ဆီရောက်တာပေါ့။ တိရစ္ဆာန် အသားစိမ်းကတစ်ဆင့်လည်း လူတွေဆီရောက်တယ်။
မွန်ဂိုလီးယားနိုင်ငံမှာ အသားစိမ်းစားလို့သေဆုံးသူတွေ နှစ်စဉ်ရှိနေတယ်။ (အမေရိကန်အမျိုးသား တိရစ္ဆာန်ရောဂါပြန့်ပွားမှု ကာကွယ်ရေးဆိုင်ရာစင်တာ ကပြောကြားခဲ့။)
လှေးတွေရဲ့ ပလိပ်ရောဂါပိုးတွေက သွေးဖြူဥတွေ သယ်ဆောင်ထားတဲ့ lymph node ကိုရောင်ရမ်းစေတယ်။ ဒါကြောင့် ချောင်းဆိုးတယ်။ ဒီတော့ အခြားသူတွေကိုကူးတယ်။ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါဖြစ်ပြီး သေပွဲဝင်ကြရ..။
Inner Mongolia သတင်းဌာနက မွန်ဂိုလီးယားမှာ ပလိပ်ရောဂါက ၂၀၁၉ နို၀င်ဘာလမှာ ဖြစ်ခဲ့တယ်လို့ဆိုတယ်။ အဲဒီကတည်းက ပလိပ်ရောဂါရတဲ့သူတွေ လေးယောက်ကို စပြီးတွေ့လိုက်ရတယ်တဲ့။ အခုလောလောဆယ် မွန်ဂိုက နွားမွေးမြူသူတစ်ယောက်ဆီမှာထပ်တွေ့ထား။ (BBC)
အိမ်နီးချင်းရုရှားတွေလည်း စိုးရိမ်နေကြပြီ။ နယ်စပ်အနီးမှာ ကြွက်ကြီးတွေ (marmots) အမဲလိုက်တာတွေတားဖို့ ကင်းလှည့် စစ်တပ်ကို တာဝန်ပေးထားကြ။ ဒီလို တောတွင်းတိရစ္ဆာန်တွေ အန္တရယ်ရှိတယ်သတိပေးထားပေမဲ့ ဘယ်သူသေသေ ဝင်ငွေကောင်းနေတဲ့ ကုန်သည်တွေကဆက်ရောင်းနေဆဲ..။ ဆေးဘက်ဝင်တယ်လို့ အရိုးစွဲယုံကြည်သူတွေကလည်း အားပေးနေဆဲ..။
“လူတွေက တောရိုင်းတိရစ္ဆာန်တွေ ဝယ်ရတာ ကြိုက်တယ်။ သူတို့ကိုယ်တိုင် စားဖို့ သို့မဟုတ် လက်ဆောင်အဖြစ် ပေးဖို့ ဝယ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက အမြင်တင့်တယ်၊ မျက်နှာကောင်းရတယ်လေ။”
၂၀၁၉ ခုနှစ် တရုတ်ပြည်မှာဖြစ်တဲ့ ဗိုင်းရပ်စ်တွေက ကမ္ဘာကိုတုန်လှုပ်စေ..။ Wuhan ကစတဲ့ COVID-19၊ ဝက်တုပ်ကွေး၊ အခုလည်း ပုလိပ်ရောဂါတဲ့ ..။
တရုတ်သိပ္ပံအကယ်ဒမီက အငြိမ်းစား သတ္တဗေဒသုတေသီ Wang Song (Sichuan University) က “ကျွန်တော်တို့ တရုတ်လူမျိုးအများစုက တိရစ္ဆာန်တွေက လူသားတွေအတွက် အသက်ရှင်နေရတာလို့ ယုံကြည်တယ်။ ကမ္ဘာပေါ်မှာ တိရစ္ဆာန်တွေရှိနေတာဟာ လူသားတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ မဟုတ်ဘူး။ လူသားအတွက် တိရစ္ဆာန်တွေက အသက်သေပေးရတာမျိုး” တဲ့။
သူတို့ကတော့ ကြွက်ကြီးကို စားသုံးခြင်းဟာ ကျန်းမာရေးကောင်းတယ်လို့ ယုံကြည်ကြဆဲ…။
မရွှေမိုး (ကိုရီးယား)
July 8th,2020.