မြန်မာပြည်ပညာရေး နိမ့်ကျရသည့် အကြောင်းအရင်းနှင့် ပညာရေးအစစ်အမှန် မဟုတ်တဲ့ ကျူရှင်
ဆရာဆရာမတွေကျူရှင်သင်တာကို ဖမ်းမယ်ဆီးမယ်လုပ်တဲ့အခါ တချို့တွေကကန့်ကွက်ကြပါတယ်.. ကိုလည်းကျူရှင်သင်ခဲ့ဖူးပါတယ်.. အမှန်ပြောရင် အပိုဝင်ငွေတခုအနေနဲ့ပါ.. ပညာရေးတိုးတက်စေလိုတဲ့စိတ်ပါသလား မပါသလားကတော့ အားလုံးအသိဖြစ်မှာပါ.. ကျမ အထပြ ဆရာမတယောက်ပါ…
ကျူရှင်သင်ရခြင်းအပေါ် ကျမစိတ်သန့်လားလို့မေးရင်မသန့်ပါဘူး.. လုံးဝမသန့်ပါဘူး.. ဒါကျမကိုယ်ပိုင်ခံစားမှုပါ.. တန်တဲ့လုပ်အားတခုအနေနဲ့အခကြေးငွေယူတယ်ဆိုပေမဲ့ နိုင်ငံတော်ကပေးတဲ့ လစာ ၂၁၆၀၀၀ လောက် ကျမလိပ်ပြာမသန့်တာတော့အမှန်ပါပဲ.. ဘာကြောင့်လဲဆိုတော့…
၁။ ကျုရှင်ဟာ စာသင်ကျောင်းပညာရေးရဲ့ယိုယွင်းလာမှုပြယုဂ်ဆိုတာ သတိထားမိပါသလား…
စာသင်ကျောင်းတွေဟာ ဘာသာပြန်ရုံသက်သက်ဖြစ်လာတဲ့အခါ ဘာသာပြန်ပြထားတဲ့စာတွေကို အလွတ်ကျက်မှတ်နိုင်ဖို့ပြင်ဆင်ရပါတယ်.. အရည်အချင်းပြည့်ဝသော ဆရာများကို မဆိုလိုပါ စာသင်ကြားခြင်းဟာ ဘာသာပြန်ရုံသက်သက်မဟုတ်ကြောင်း အထူးတလည်ပြောလိုပါတယ်.. အမှတ်စနစ်တွေ ရမှတ်တွေ Grade တွေအတွက် ကလေးတွေဟာ သူ့ထက်ငါအပြိုင်အဆိုင်ကျက်မှတ်ကြပါတယ်..
ပညာရဲ့အနှစ်သာရတွေပျောက်ပြီး ဂုဏ် ဘွဲ့ ရာထူးတွေနောက် လိုက်လာကြတဲ့ ပတ်ဝန်းကျင်ဖြစ်နေတော့ ဒီအရာတွေရလာဖို့ အားထုတ်ကြရပါတယ်.. စာသင်ချိန်များတိုင်းမထိရောက်သလို ကျူရှင်တွေတက်ရုံနဲ့ တကယ်ပညာတတ်လာနိုင်မှာမဟုတ်ပါဘူး.. စာသင်ကျောင်းတွေမှာသာထိထိရောက်ရောက်သင်နိုင်ခဲ့မယ်ဆိုရင် ကျူရှင်ဆိုတာ လိုအပ်လာဖွယ်မရှိနိုင်ပါဘူး.. ကျောင်းတွေရဲ့လိုအပ်ချက်တွေကြောင့်လို့လည်း ယူဆနိုင်စရာရှိပါတယ်…
၂။ မိဘများရဲ့ ပညာရေးအပေါ်ခံယူမှုသဘောထား လွဲမှားခြင်း…
မိမိကလေးဟာ ကျောင်းစာတခုတည်းတော်နေနိုင်မှာမဟုတ်ပါဘူး.. သူတို့ကျွမ်းကျင်ရာနယ်ပယ် ရှိလာနိုင်ပါတယ်.. ကလေးတိုင်းရဲ့စွမ်းရည်နဲ့အားသာမှုကိုတကယ် သိရှိနားလည်တဲ့မိဘဆိုရင် ကျောင်းစာတခုအတွက် မိမိသားသမီးကို ဖိအားပေးနေတော့မှာမဟုတ်ပါဘူး.. အပြိုင်အဆိုင်တွေအောက်မှာ မိဘတွေကိုယ်တိုင်လမ်းပျောက်ပါတယ်.. ငါ့သားသမီးကဘာပါဟဲ့လို့ ပြောနေတဲ့ လူ့အဖွဲ့အစည်းအောက် ကိုယ့်သားသမီးကို မျက်နှာမငယ်စေချင်တဲ့အခါ ကျောင်းစာတခုတည်းအပေါ်ပဲ မိဘကအာရုံထားပါတော့တယ်.. ဆရာဝန် အင်ဂျင်နီယာ ဆရာမ စတဲ့ ခေါင်းစဉ်တွေနောက်လိုက်ရင်း တကယ့်ပညာရဲ့သဘောကိုမေ့သွားကြပါတော့တယ် မိမိကလေးရဲ့ အလားအလာအရည်အချင်းထက် စာတော်ဖို့ အချိန်တန်ဆယ်တန်းအောင်ဖို့ ဘွဲ့ရဖို့ အလုပ်ရဖို့ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ မိဘတွေဟာ ပူလောင်ဖိစီးခံရပြန်ပါတယ်…
ဒါကြောင့်တော်သထက်တော် မှတ်မိသထက်မှတ်မိအောင် တွန်းအားပေးနိုင်တဲ့ ကျူရှင်ဆိုတဲ့နေရာကိုတွန်းပို့ကြပါတော့တယ်.. မိဘတွေကိုယ်တိုင်ဟာ စာသင်ကျောင်းတခုတည်းအပေါ်သာမက ကျူရှင်ဆိုတာကိုပါ သားသမီးရဲ့ပညာရေးအတွက်စဉ်းစားလာတော့တယ်…
၃။ ဆရာခန့်ထားရေးစနစ်မှားယွင်းနေမှု…
ဆရာအတတ်ပညာကိုတကယ်နားမလည်မသိကျွမ်းတဲ့လူတွေဟာ ပညာရေးဌာနထဲကို အလုံးအရင်းနဲ့ဝင်ရောက်လာချိန်ကစခဲ့ပါတယ်.. ကလေးတို့ရဲ့စိတ်ပညာကို မသင်ယူ သင်ကြားနည်းများ မလေ့လာ ပညာရေးရဲ့သဘောတရားတို့ကိုမသိ တီထွင်ဆန်းသစ်မှု တို့ကို မသိသော ဆရာတွေများလာတဲ့အခါ စာအုပ်ထဲကစာကိုဘာသာပြန်ရုံနဲ့ ပညာရေးဟာ အမည်ခံဖြစ်လာခဲ့ပါတယ်.. ကိုယ့်ထူးကိုယ်ချွန် ပညာရေးသမားများလည်းရှိနေဆဲပါ.. ဆရာတွေရဲ့အရည်အချင်းမပြည့်ဝမှုဟာ မြန်မာ့ပညာရေးအပေါ် တအားရိုက်ခတ်မှုရှိပါတယ်.. အလုပ်လက်မဲ့ပပျောက်ရေးဌာနအသွင်ဖော်ဆောင်လာခဲ့တာ ခေတ်အဆက်ဆက်ရှိပါပြီ.. D.TEd B.Ed.စတဲ့ ဆရာအတတ်သင်ကျောင်းတွေကိုအမှတ်မြင့်ခေါ်ပြီး တဖက်ကဆရာအင်အားမလောက်တဲ့အခါ အဆင်ပြေသမျှလူကို လက်ယပ်ခေါ်ရင်း ပညာရေးဟာ ပြိုကွဲသွားရပါတော့တယ်.. ဒီအထဲက တကယ့်ဆရာပီသသူတွေလည်းအနည်းငယ်ထွက်ပေါ်လာခဲ့ပေမဲ့ မြန်မာ့ပညာရေးစနစ်ဟာ ယိုင်လဲသွားခဲ့ပါတယ်…
ဆရာအတတ်သင်ကျောင်းတွေရော တကယ်ပညာပြည့်ဝပါလားလို့ဆိုရင်တော့ ကျမပြုံးနေဖြစ်မယ်ထင်ပါတယ်.. ကျူရှင်မသင်ရလို့ အော်နေကြတာမြင်ရင် အမျိုးသားကျောင်းဆရာတွေကို အားနာမိတာတော့အမှန်ပါ.. ကိုယ့်လစာကိုယ်စားပြီး မြန်မာ့ပညာရေးဦးမော့လာဖို့ ကြိုးပမ်းကြသူတွေကိုအားနာမိပြန်တယ်.. လစာမလောက်ငှလို့ သင်ခြင်းအပေါ် ဘာမှစောဒကမတက်လိုပါ.. သို့သော် အသပြာအောက်မှာကျပျောက်သွားတဲ့ ကျင့်ဝတ်သိက္ခာတချို့ကိုတော့ ပြန်ကောက်စေလိုပါတယ်.. ကျူရှင်သင်သူတိုင်း မဟုတ်ပေမဲ့ တချို့ကတော့ မျက်နှာလိုက်ခြင်း မေးခွန်းပေးခြင်းစတဲ့ ဘက်လိုက်မှုများ ရှိလာခဲ့တာတော့အမှန်ပါပဲ.. ကျောင်းမှာသင်တာနည်းသွားပြီး ကျူရှင်မှာပိုသင်တာလေးတွေရှိလာခဲ့တာလည်းအမှန်ပါ…
၄။ စံချိန်မီပညာရေးမရှိခြင်း…
အမှတ်စနစ်နဲ့အကဲဖြတ်သရွေ့ ဒီကိစ္စတွေကဖြစ်လာနေအုန်းမှာပဲ.. ကျမ ဆယ်တန်းဇီဝဗေဒသင်ပါတယ်.. ဇီဝဗေဒကိုဂုဏ်ထူးထွက်အောင်သင်တတ်ရုံနဲ့ ကျမကိုကျမလူတော်လို့လုံးဝမသတ်မှတ်ပါဘူး.. တပည့်များကိုလည်းမကြာခဏ ဆွေးနွေးဖြစ်ပါတယ်.. ဇီဝဗေဒရဲ့ နက်နဲမှုတွေကို ကျမသိရှိပြီး ကျမတပည့်လေးတွေပါ ဇီဝဗေဒရဲ့တန်ဖိုးကိုသိရှိအောင်သင်ကြားနိုင်မှ ကျမဟာဇီဝဗေဒတော်တဲ့ ဆရာ အနေနဲ့သတ်မှတ်ခံထိုက်မှာပါ.. အအောင်အရှုံး ဂုဏ်ထူးစတာတွေကိုအလေးပေးရင်းနဲ့ ကျမတို့ဟာအောင်မှတ်ရအောင်သင်တဲ့ ဂုဏ်ထူးထွက်အောင်သင်တတ်တဲ့ နေရာမှာပဲရောင့်ရဲလိုက်ကြပါတော့တယ်.. မိမိကိုယ်ကိုဆန်းစစ်နိုင်ပါတယ်.. အားမနာကြစတမ်းဝေဖန်ကြမယ်ဆိုရင်ပေါ့.. ပညာရှင်အဆင့်ကိုကျမတို့မရောက်နိုင်ကြတော့ပါဘူး.. ချစ်မြတ်နိုးတဲ့အဆင့် ဆက်လက်လေ့လာတဲ့အဆင့်ကိုမရောက်ကြတော့ပါဘူး…
ကလေးတွေအတွက်လည်းအတူတူပါပဲ.. ဘာသာရပ်ကိုနက်နက်နဲနဲလေ့လာနေဖို့ထက် ဂုဏ်ထူးထွက်ရေးအမှတ်များရေးအတွက် အားထုတ်နေရတဲ့အခါ အပေါ်ယံအသိလောက်နဲ့ပဲကျေနပ်သွားကြပါတော့တယ်.. တကယ့်ပညာအဆင့်ကိုကူးသွားနိုင်တဲ့ လူကအင်မတန်ရှားပါးတယ်.. စနစ်ကလည်း ခုမှကူးပြောင်းဆဲဆိုတော့ ကြားကာလမှာ ကျူရှင်ဟာတန်ခိုးထွားနေဆဲပါပဲ.. စာကျေဖို့အတွက်ကျူရှင်လိုပါတယ်.. ပညာအစစ်အမှန်အတွက်တော့ မလိုအပ်လှပါဘူး.. အင်မတန်အရည်အချင်းပြည့်ဝပြီး ပညာတန်ဖိုးကိုနားလည်ပြီး ကျူရှင်သင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ.. အဓိကကတော့ ငွေဆိုတဲ့အရာရယ် ဆရာ မလုံလောက်မှု ဆရာ့အတတ်ပညာ မကျွမ်းကျင်မှု မိဘတွေရဲ့သဘောထား ပညာရေးကိုသဘောမပေါက်မှုတွေ စတာတွေအတွက် ကျူရှင်ဟာပေါ်ပေါက်လာရတယ်လို့ဆိုချင်ပါတယ်…
ကျူရှင်အတွက် ကျမတို့သွေးပျက်နေစရာမလိုဘူးထင်ပါတယ်.. စာသင်ကျောင်းတွေသာ စံချိန်မှီလာအောင် အထက်အောက်ပူးပေါင်းမယ်ဆိုရင်တော့ ကျမတို့တွေ ကျူရှင်ဆိုတာ ပပျောက်သွားပါလိမ့်မယ်.. ပညာရေးလို့မပြောစေချင်ပါ ကျူရှင်ဟာ စာသက်သက်ပဲ သင်တာများပါတယ်.. ပညာအစစ်အမှန်တွေသင်နိုင်ခြင်းအင်မတန်ရှားပါးပါတယ်.. အတွေးအခေါ်တွေ ပြဿနာဖြေရှင်းနည်းတွေအစား နှုတ်တိုက်အာဂုံဆောင်ခြင်းနဲ့သာ အဆုံးသတ်ကြတာများပါတယ်…
ဒီတော့ပညာရေးအစစ်အမှန်ဆိုတာကို နားလည်ကြသူတွေဟာ တကယ့်ပညာရေးအတွက် ကျူရှင်ဟာမလိုအပ်ကြောင်း နားလည်ကြပါတယ်.. စကားကြီးစကားကျယ်ပြောလိုခြင်းမဟုတ်ပါ.. ကျမကျူရှင်သင်ခဲ့ဖူးပါတယ်.. ဒါပေမဲ့ ပညာရေးစနစ်အတွက် ကျူရှင်ဟာမရှိမဖြစ်မဟုတ်တာတော့ ပြောပါရစေ.. ပညာအစစ်ကိုလိုချင်သူတွေပေါများလာပါစေလို့ပဲဆုတောင်းကြတာပေါ့.. ဆုတောင်းရုံနဲ့မလုံလောက်တဲ့အခါ တတ်နိုင်သမျှအကောင်အထည်ဖော်ဖို့လိုပါတယ်…
အထက်ကအောက်ကိုလက်ညှိုးထိုး အောက်က အထက်ကိုအပြစ်ပြောတဲ့သံသရာနဲ့ပဲ တည်ဆောက်ထားခဲ့တဲ့ ဒီနိုင်ငံမှာ အတူတကွပူးပေါင်းလုပ်ဆောင်သင့်တယ်ဆိုတဲ့ သဘောပေါက်မှုအင်မတန်နည်းပါးပါတယ်.. အဲ့လောက်လည်းသွေးမပျက်စေချင်ပါ အထက်အောက်သွေးစည်းမှုဟာ ပညာရေးမှာသာမက မြန်မာပြည်ရဲ့ဘယ်အဖွဲ့အစည်းမှာမှမရှိပါ.. ဒီတော့ တကယ့်ပညာရေးဆိုတာ အလှမ်းဝေးနေအုန်းမှာပါပဲ.. မိဘပြည်သူ ဆရာ အစိုးရတရပ်လုံး တကယ့်ပညာရေးကိုသဘောပေါက်မှ ကျူရှင်ပပျောက်ပါလိမ့်မယ်…
သဘောမပေါက်သရွေ့တော့ ကျူရှင်နောက်လိုက်ရင်း ခု အကောင်အထည်ဖော်နေတဲ့ စနစ်သစ်ဟာလည်း ထင်သလောက်ခရီးမရောက်နိုင်ကြောင်း မိမိရဲ့အမြင်ဖြစ်ပါတယ် လွတ်လပ်စွာကွဲလွဲကြစေသော် (သီရိသက်ပိုင်)