ကျောင်းစာကို အလွတ်ကျက်ပြီး ဖြေဆိုခြင်းဟာ စာကူးချပြီး ဖြေဆိုခြင်းနဲ့ တူတူပါပဲ

ကျောင်းစာကို အလွတ်ကျက်ပြီးဖြေဆိုခြင်းဟာ စာကူးချပြီးဖြေဆိုခြင်းနဲ့ တူတယ်လို့ ယူဆပါတယ်..

ကိုယ်တို့ကျောင်းပြန်ဖွင့်လို့ ကျောင်းသားတွေ ရောက်လာကြပြီ။ စာသင်တာ မစခင် ပထမဆုံး ရှင်းရမဲ့ ဇတ်လမ်းအတွက် ပြင်ဆင်ရင်း အဲဒီအကြောင်းလေး ပြောပြချင်တယ်။ အမှုက စာကို အလွတ်ကျက်ပြီး ဖြေမှု။ ကျောင်းသားက အလွတ်ကျက် ဖြေတာ အပြစ်လား မေးရင် ဟုတ်တယ်လို့ဘဲ ပြောရမှာ။ ကိုယ်ရှင်းပြပါ့မယ်။

ကိုယ်တို့ မြန်မာတွေတင်မက အာရှက ကျောင်းသားတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ ပညာရေးလောက က အမှုတစ်ခုပေါ့။ အင်္ဂလိပ်လိုတော့ Plagiarism (ပလေဂျီရာရစ်ဒ်ဇင်မ်) လို့ ခေါ်တယ်။ တိုက်ရိုက် ဘာသာပြန်ရင်တော့ ခိုးယူကူးချခြင်းလို့ အဓိပ္ပါယ်ရမယ် ထင်တယ်။ (အခုရေးနေတဲ့ စာလေးမှာ “ပီ” လို့ အတိုခေါက် ခေါ်ပြီး ဆက်ရေးပါမယ်။)

“ပီ” ရဲ့ မူရင်း အဓိပ္ပါယ်ကတော့ သူများရဲ့ အတွေးအခေါ်၊ ဖန်တီးမှု၊ အရေးအသား (စာသား)၊ အချက်အလက်ဒေတာ တွေကို သိရက်သားနဲ့ ဖြစ်ဖြစ် မသိလို့ဘဲ ဖြစ်ဖြစ် ကိုယ်လုပ်ထားသလို ကိုယ်တိုင် ရေးသား ဖန်တီးထားသလို လုပ်တာကို ခေါ်တာပါ။

ဒီစကားဟာ အစတုန်းက ပညာရေးလောကထက် အပြိုင်အဆိုင် ပိုများတဲ့လုပ်ငန်းတွေ ဥပမာ အနုပညာလောက၊ သုတေသနလောက၊ ဖက်ရှင်လောက တို့မှာ ပိုတွေ့ရတယ်။ နောက်ပိုင်းတော့ ပညာရေးလောကမှာ အရမ်းအရေးကြီးတယ်လို့ ယူဆလာတယ်။

တက္ကသိုလ်တွေမှာ ကျောင်းသား “ပီ” လုပ်တာ မိရင် ပထမအကြိမ်ဆို ဆွေးနွေးမယ်။ ဒုတိယအကြိမ်ဆို ဝမ်နင်ပေးမယ်။ အဲဒါမှ ဆက်လုပ်ရင် ကျောင်းထုတ်တဲ့ အထိ ပြင်းထန်ပါတယ်။

ကိုယ်တို့ တိုင်းပြည်သာမက အာရှတိုင်းပြည် တော်တော်များများဟာ အလွတ်ကျက်ပြီး ဖြေတဲ့ စံနစ်နဲ့ ကြီးခဲ့ကြတယ်။ တရုတ်ပြည်မှာ ကွန်ဖြူးရှပ်ရဲ့ စာပေတွေ အာဂုံဆောင်ထားနိုင်မှ အစိုးရ ရာထူးခန့် စာမေးပွဲတွေမှာ အောင်တာမျိုးပေါ့။

အခုတော့ ပညာရေးက တဖြည်းဖြည်းချင်း ပြောင်းလာတယ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်လာတဲ့ အခါ အရှေ့တိုင်းက ကျောင်းသားတွေ အနောက်တိုင်းမှာ ပညာသွားသင်ရင်း ဒီပြသနာတွေ အများဆုံးကြုံရတယ်။ အနောက်တိုင်း ပညာရေးက ကိုယ်တိုင် တွေးခေါ်စဉ်းစားတာကို ဦးစားပေးတယ်။ အလွတ်ကျက်လေ့ မရှိကြဘူး။

ကိုယ်တို့ဖြစ်တဲ့ ပြသနာကို ပြန်စရရင် ဒီကျောင်းမှာ ဆေးသိပ္ပံ ဘာသာတစ်ချို့က အဆိုင်းမန့်တွေ ရေးခိုင်းတယ်။ အဲဒီက အမှတ်ကလည်း အောင် မအောင် အရေးကြီးပါတယ်။ နှစ်ကုန်မှာစစ်တဲ့ စာမေးပွဲဟာ ၅၀ ရာခိုင်နှုန်းဘဲ စစ်ပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက အဲဒီ အဆိုင်းမန့်တွေ ရေးခိုင်းတာ ဆိုပါတော့။

တချို့ အဆိုင်းမန့်တွေက ခေါင်းစဉ်ပေးတယ်။ ကြိုက်တဲ့ စာအုပ် စာတန်းဖတ်။ ကိုယ့်စကားနဲ့ကိုယ် ခေါင်းစဉ်ပေါ်မူတည်ပြီးရေး။ ဆရာ ဆော့ဖ်ဝဲလ်သုံးပြီး စစ်တာဆိုတော့ အင်တာနက်က ဖြစ်ဖြစ် ဖတ်စာအုပ်က ဖြစ်ဖြစ် တစ်ကြောင်း တစ်ပုဒ်ကူးရေးတာနဲ့ တန်းမိတာ။

တချို့ ဘာသာမှာ Research review paper လို့ ခေါ်တဲ့ သုတေသနစာတမ်း တခုကို ကြိုပေးပြီး ဖတ်ခိုင်းထားတယ်။ စစ်မဲ့နေ့မှာ ခေါင်းစဉ်တစ်ခုပေး အချိန်သတ်မှတ်ပြီး အက်ဆေး သဘောမျိုးရေးခိုင်းတယ်။

ဖြစ်သင့်တာက ကျောင်းသားက နားလည်အောင် ဖတ်လာ၊ မေးခွန်းပေါ်မူတည်ပြီး သူ့ရဲ့ ကိုယ်ပိုင် ဗဟုသုတနဲ့ ပြေပြေပြစ်ပြစ်ရေး။ အဲလို မဟုတ်ဘဲ ကျောင်းသားက အလွတ်ကျက်လာ၊ ရေးဆို ကျက်လာတာတွေ ရေးထဲ့လိုက်။ အဲတော့ တန်းပြီး “ပီ” တာဘဲ။

ပြောချင်တာ စာရွက်စာတန်းတွေ စာမေးပွဲခန်းထဲ ယူသွားပြီးကူးမှ ခိုးချတာ မဟုတ်တော့ဘူး။ အလွတ်ကျက်ပြီး ရေးလည်း အဲလိုဘဲ ယူဆပါတယ်။

Mkt Burman

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page