ဒီမိုကရေစီ လမ်းခုလပ် ဇရပ်တစ်ခုပေါ်က ကျိုးကြေနေတဲ့ဘဝ (သို့) ကိုရင်ကြီးသိန်းထိုက်

ဒီမိုကရေစီ လမ်းခုလပ် ဇရပ်တစ်ခုပေါ်က ကျိုးကြေနေတဲ့ဘဝ (သို့မဟုတ်) ကိုရင်ကြီးသိန်းထိုက် (ခေါ်) ရှင်သုဒဿန…

တောင်သာမြို့နယ်အလွန်ကျောက်ပန်းတောင်မြို့ နယ်အစမိုင်တိုင် (၄၂၀)မှာ “ခါးပတ်” ဆိုတဲ့ရွာကလေးရှိပြီးကားလမ်း ဘယ်ဘက်နံဘေးကိုကြည့်လိုက်ရင် ဇရပ်ငယ်တစ်ခုတွေ့ရပါလိမ့်မယ်။

ဇရပ်ပေါ်မယ်ချိတ်ထားက “၂၁ ရာစု ပင်လုံအားကြိုဆိုပါ၏” ဆိုတဲ့နဖူးစီး ဗီနိုင်းတစ်ခု။ ဇရပ်ထဲမှာတော့ပေပေတူးတူး၊ နံနံစော်စော်နဲ့ မုတ်ဆိတ်ပါးသိုင်းဗရပျစ်၊ မျက်နှာ ညှင်းသိုသိုး၊ ခေါင်းမွေးစုတ်ဖွာ ဖြစ်နေတဲ့ စိတ်ကျန်းမာရေး ချို့ယွင်းနေရှာသူ လူငယ်တစ်ယောက်။

သူကတော့ (၁၉၉၇) မန္တလေးမဟာမုနိဘုရားကြီး ဗိုက်ဖောက်ခံရတဲ့ကိစ္စဖြေရှင်းပေးဖို့ အရေးဆိုရင်း ထောင်ဒဏ်(၇)နှစ် အကျခံခဲ့ရသူကိုရင်ကြီ သိန်းထိုက် (ခေါ်) ကိုရင်သုဒဿန (အနောက်တိုက်တော်) ပါပဲ။ သူနဲ့တွေ့ဆုံစကားပြောကြည့်တဲ့ အခါသူဟာ အနည်းငယ်ထိတ်လန့်စိုးရွံ့နေပုံရပြီး စိတ်ကျန်းမာရေးအကောင်း ပကတိ မရှိတဲ့အခြေအနေမျိုးတွေ့ရတယ်။ ” မန္တလေးစက်မှု၊ စံပြလမ်းမှာ ကွမ်းယာဆိုင်ဖွင့်ထားတဲ့ ကိုရင်ကြီးသိန်းထိုက်ရဲ့အမ “မသူဇာ” က ကိုရင်ကြီးသိန်းထိုက်ကို သူ့အိမ် ခေါ်ထားခဲ့ဖူးပေမယ့်” ဒီအိမ်က ကျဉ်းတယ်။ မနေတတ်ဘူး၊ ရွာမှာက လမ်းလျှောက်ရတာ ကျယ်တယ်” ဆိုပြီးရွာကိုအတင်း ပြန်သွားတယ်။

“ရံဖန်ရံခါ လူကြုံနဲ့ငွေလေး၊ ဘာလေးပါးပေး ရတယ်၊ (၃)လ တစ်ခါလောက်လာကြည့်ပြီး သူ့လက်ထဲ။ ငါးထောင်၊ တစ်သောင်းထည့်ပေးခဲ့တာ။ ရွာထဲကအသိတစ်ယောက်ဆီမှာလည်း ကိုရင်ကြီး လိုအပ်တာဝယ်ပေးဖို့ ငွေနည်းနည်းပါးပါးထားခဲ့တယ်” လို့ မသူဇာက ပြောပါတယ်။ ကိုရင်ကြီးသိန်းထိုက်ကို ကြည်ရှုစောင်မ ပေးနေသူဦးကြည်အောင် (ဇရပ်နဲ့ မျက်နှာချင်းဆိုင်ကုန်စုံဆိုင်ပိုင်ရှင်) ကလည်း ခုလိုပြောပါတယ်။

“သူလုပ်နေကျကတော့ ကွမ်းစား၊ ဆေးလိပ်သောက်၊ လမ်လျှောက်တာပဲ။ ညဖက်ဆို ပဲလှော်လေးတစ်ထုပ်အမြဲပို့ပေးရတယ်၊ တစ်ယောက်ယောက်က စလိုက်နောက်လိုက်လို့ စိတ်ဖောက်ရင်တော့တခါတရံ အော်တတ်တယ်။ အများအားဖြင့်သူ့ဘာသာအေးအေး နေတယ်”

မန္တလေးအိုးဘို အကျဉ်းထောင်ထဲမှာ တိုက်တစ်တိုက်တည်း အတူတူနေခဲ့ကြဖူးသူတွေရဲ့ အမည်တွေကိုကိုရင်ကြီးသိန်းထိုက်က သူမှတ်မိသလောက်တန်းစီ ရွတ်ပြပါတယ်။ ဦးဇင်းဦးသုဇာတ၊ ဦးဇင်းဦးတေဇဝန္တတ၊ ဦးဇင်းဦးသာသန၊ ဒေါက်တာလှိုင်မြင့်၊ ကိုကျော်ဇေယျ၊ ကိုကျော်ညွန့်၊ ကိုအောင်လတ်တို့ပေါ့။ ကိုရင်ကြီးသိန်းထိုက်က မန္တလေး မဟာမုနိ ဘုရားကြီးဗိုက်ဖောက်ခံရတဲ့ အမှုကိစ္စအတွက်အမှန်ကိုပြည်သူထံပွင့်လင်း မြင်သာစွာအသိပေးရေးတက်ကြွလှုပ်ရှားခဲ့ သူဖြစ်လို့မို့ (၁၉၉၇) မေလ (၅) ရက်နေ့မှာ ထောင်ဒဏ် (၇) နှစ်အပြစ်ပေးခံရတဲ့ သံဃာနဲ့ကိုရင် (၁၃) ပါးထဲတစ်ပါးအပါအဝင် ဖြစ်ပါတယ်။

“သူ့ကိုစစ်ကြောရေးလုပ်ဖို့ခေါ်သွားရင် အရမ်းကြာတယ်။ ပြန်လာတဲ့အခါ မျက်နှာတွေ ရဲတွတ်နေတာပဲ။ တပည့်တော် တအားနာလှပြီ၊ မခံနိုင်တော့ဘူးဘုရား”လို့ (ထောင်ဝန်ထမ်း အလစ်မှာ) ပြောဖူးကြောင်း သီးသန့် (၁)ဆောင်ထဲ အတူတူ နေခဲ့ရသူ ဦးဇင်းဦးသုဇာတ (အနောက်တိုက်တော်)” ကမိန့်ဆိုပါတယ်။ ထောင်ကျပြီး (၃)နှစ်လောက်အကြာ အိုးဘိုထောင်တွင်းမယ်အာဏာပိုင်က နိုင်ငံရေး အကျဉ်းသားတွေအပေါ်ရိုက်နှက်တဲ့ အရေးကိစ္စ ဖြစ်အပြီးသူ့စိတ်ကျန်းမာရေး ပိုမိုယိုယွင်းသွားတယ်လို့ ယူဆလို့ရပါတယ်။

“စစ်ကြောရေးလည်းပါမယ်၊ မေလ(၃၀) ထောင်တွင်းရိုက်နှက်ပွဲလည်း ကြုံရတယ်။စာတော်သူဆိုတော့သူဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတော့တာရော၊စိတ်အားငယ်တာလည်း ပါပေမပေါ့”လို့အမှုတွဲဖြစ်သူဦးဓမ္မသီရိ (အနောက်တိုက်တော်၊ဓမ္မသုခကျောင်း)က မိန့်တော်မူပါတယ်။ကိုရင်ကြီးသိန်းထိုက်ကို (၁၉၇၈)ခုနှစ်မှာမွေးဖွားခဲ့ပြီးအဖ(ဦးသန်းထွန်း)နဲ ့အမိ(ဒေါ်မြရီ)တို့ရဲ့သားသမီး(၅)ယောက်အနက် တတိယမြောက်ဖြစ်သလိုထောင်ကျချိန်မယ် အသက်က (၁၇)နှစ်ပဲ ရှိသေးတယ်။

(၁၉၉၀) ခုနှစ် ၊မြင်းခြံမြို့အမှတ် (၁၃) ဇေယျာလင်္ကာရကျောင်း၊ (၁၉၉၄)ခုနှစ်၊ မန္တလေး အနောက်တိုက်တော် ကျောင်းတို့မှာ ပရိယတ္တိ စာဝါတွေသင်ယူခဲ့တယ်။ ပထမလတ်အပြီးပထမကြီးဖြေမယ့်ဆဲဆဲ၊ ထောင်ထဲရောက်သွားတော့ သူ့ရည်မှန်းချက်ပျက်ဆီးရတဲ့အပေါ် စိတ်ဓာတ်ကျသွားတာလည်းရှိမယ်။ သူကဉာဏ်ကောင်းပြီး အဘိဓမ္မာ အတော်ကျွမ်းကျင်သူမို့ ကျောင်းထိုင်ဘုန်းကြီးကတောင်မှ သူ့ကို အားကိုးမျှော်လင့်ထားတယ်လို့သိရတယ်။ ရဟန်းဒကာတောင်ရှာပေးထားသေးတယ်လေ။

ထောင်တွင်းနေရတုန်းအခိုက် မန္တလေးပြည်သူ့ဆေးရုံကြီးကိုတက်ရောက်ပြီး အသေးစားခွဲစိပ်မှု တစ်ကြိမ်။အိုးဘိုထောင်ကနေ လွတ်မြောက်လာလာချင်း”ထုံးဘို” စိတ်ရောဂါဆေးရုံမှာ (၂၀၀၂)ခုနှစ်က ပထမအကြိမ်၊ (၂၀၁၅) အောက်တိုဘာကျဒုတိယကြိမ်၊ ဆေးဝါးကုသမှုခံယူခဲ့တယ် လောလောဆယ်မှာတော့ သူနေထိုင်ရာ ခု”ခါးပတ်”ရွာဇရပ်ကအများသူငှာ ခရီးသွားတွေနားခိုရာ နေရာဖြစ်နေလို့မို့ မူလဇရပ်အလှူရှင်အနေနဲ့ဒီဇရပ်ထဲကိုရင်ကြီး သိန်းထိုက် (ခန့်မှန်း(၃)နှစ်လောက်) အခြေချနေထိုင် နေတာကိုဖယ်ရှားပေးစေချင်ကြောင်းလည်း စုံစမ်းသိရှိရတယ်။

ဒါကြောင့် ကိုရင်ကြီးသိန်းထိုက်ရဲ့ အမ “မသူဇာ” က “ခါးပတ်ရွာ” ကားလမ်းဘေးမှာပဲ ကိုရင်ကြီးအတွက်တဲတစ်လုံးဆောက်ပေးဖို့ရာ အပူတပြင်းစီစဉ်နေရတယ်။ အဲ့ဒီနေ့က ညနေအတော်စောင်းအထိ ကိုရင်ကြီးသိန်းထိုက်နဲ့အတူရှိနေခဲ့ကြတယ်။ ကိုရင်ကြီးသိန်းထိုက်ကိုနှုတ်ဆက် ထားရစ်ခဲ့ပြီး မိတ်ဆွေရဲ့”ကား”လေးနဲ့အတူပြန်လာခဲ့ကြတော့ ကျွန်တော်တို့ရဲ့အပြန်လမ်းကကျွန်တော်တို့တိုင်းပြည်ရဲ့ရှေ့အနာဂတ် ခရီးလိုပါပဲရှေ့အနာဂတ် အလုံးစုံအမှောင်ကနေရာယူ ကြီးစိုးထားဆဲ။

ဟိုတစ်စက်ဒီတစ်ပြောက် တွေရတဲ့ အလင်းရောင် အစအနတွေကြား ရှိစုမဲ့စု “ကားမီးရောင်လေး” အားပြုထိုးပြီး အနာမကျက်သေးတဲ့အတိတ်တစ်ခုထံကနေ အနာဂတ်အသစ် တစ်ခုဆီကျွန်တော်တို့ မောင်းနှင်လာခဲ့ကြရာမှာကိုရင်ကြီး သိန်းထိုက်လို လူသူမသိ၊တိမ်တိမ်မြှုပ်မြှုပ်၊ဆင်းဆင်းရဲ နလန်မထူနိုင်သေးဘဲမှောင်မှောင်မည်းမည်း ဘဝထဲ ကျန်နေရစ်ရရှာသူတွေ၊လူအဖြစ်ကနေ လျောကျနေရသူတွေ၊အရေအတွက်ဘယ်လောက် များများရှိနေမလဲဆိုပြီးနာနာကျည်းကျည်း တွေးနေမိပါရဲ့။

အဲ့ဒီလိုလူတွေရဲ့လက်တွေကိုသွားရောက်ဆုပ်ကိုင်ပြီးနွေးထွေးမှုပေးဖို့၊ လဲကျရာကနေ မထနိုင်သေးတဲ့ အဲ့ဒီလိုလူတွေရဲ့ဘဝတွေကို ထူမပေးဖို့၊ အဲ့ဒီလိုလူတွေရဲ့ဒဏ်ရာတွေကို သွေးတိတ်စေပြီး အနာကျက်အောင်လုပ်ပေးဖို့၊ ကျွန်တော်တို့မေ့လျော့နေခဲ့မိကြပါသလား ? အဲ့ဒီလိုလူတွေ့ပုခုံးထမ်းတင်ပေးရာကနေ အာဏာ၊လုပ်ပိုင်ခွင့်အထိုက်အလျောက်ရရှိလာ သူတွေအနေနဲ ြ့ဖစ်နိုင်လို့ရှိရင်အဲ့ဒီလိုလူတွေအတွက် သူတို့ခြေ သူတို့လက်အပေါ်မှာပဲ သူတို့အစွမ်းအစနဲ့သူတို့ရပ်တည်လို့ရသွားနိုင်အောင် အစိုးရအဆင့်ထူထောင်ရေးမျိုးအထိ လုပ်ပေးသင့်တယ်လို့ဒီလိုပဲ ရိုးရိုးသားသား မြင်မိပါတယ်။

တကယ်ဆိုဒီနေ့ ၊ ဒီအချိန်၊ ဒီလိုနေရာ တစ်ခုကို ရောက်ရှိလာနိုင်စေဖို့အတွက် လျှောက်လှမ်းခဲ့ရာ ဒီခရီးလမ်းမှာ အဲ့ဒီလိုလူတွေက့တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်၊ သဲတစ်ပွင့်၊မြေတမှုန်စာလောက်ဖြစ်ဖြစ် စွန့်လွှတ်၊စတေးပေးဆပ်ခဲ့ကြရတယ်ဆိုတာ ဟာလည်းမငြင်းနိုင်တဲ့ အချက်ပါပဲ။ ဒီမိုကရေစီရပိုင်ခွင့်အပါအဝင် တရားမျှတခြင်းအပေါ်ကာကွယ်ဖို့ စစ်အာဏာရှင်ကိုမျက်နှာချင်း ရင်ဆိုင်၊ မကြောက်မရွံ့အာခံတွန်းလှန်ပြီး အလုံးစုံဘဝပျက်ခဲ့ရသူတွေဟာအခုလို (အတိုင်းအတာတခုအထိ) ပွင့်လင်းတဲ့ခေတ် ရောက်ရှိလာချိန်မှာတောင် “ဆေးဖော်ကြော်ဖက်” အလုပ်မခံရပါဘဲ အလျစ်လျူရှုခံနေရတယ်။

ဒီလိုအဖြစ်တွေက “ဒီလို အများအကျိုးလုပ်ခဲ့ကြရင်ဒီလိုမျိုး လမ်းဘေးမှာအကျည်းတန်စွာ အဆုံးသတ်ရမယ်။ လူတောထဲ ပြန်မတိုးနိုင်ဘဲ တတိတိ နာကျင်ခံစားရမယ်” ဆိုတဲ့ အယူတိမ်း၊ အတွေးမှား၊ တလွဲ အမြင်တစ်ချို့ နောက်လာနောက်သားတွေခေါင်းထဲ ရောက်သွားစေမလား” ဆိုတဲ့ ကိစ္စကလည်း စိုးရိမ်စရာပါပဲ။

“အနိုင်ကျင့်၊ ဖိနှိပ်ရက်စက်၊ ယုတ်မာရိုင်းစိုင်းခဲ့ကြသူတွေကျတော့ အနေအစားမပျက်၊ ဘီယာလေးစုပ်၊ အမြည်းစားမပျက်၊ ကေတီဗွီ ၊မာဆတ် အသွားမပျက်၊ စည်းစိမ်မပျက်၊အဆီယစ် ဇိမ်ခံ၊ ပန်းပန်နေဆဲ၊မောက်မာဆဲ” ဆိုတဲ့ အခြေအနေမျိုးက နောင်လာမယ့် ကလေးတွေအသိထဲ “မှန်ကန်သူတွေ ရှုံးနိမ့်လဲကျရ၊ တရားမဲ့သူတွေ သန်မာကြံ့ခိုင်နေမြဲ” ဆိုတဲ့ မက်ဆေ့အမှား ထားရစ်ခဲ့သလိုမျိုး မဖြစ်သင့်ဘူး၊ မဖြစ်စေရဘူးလို့ ဒီလိုပဲ ယုံကြည်မိပါတယ်။

“သူယုတ်မာ” ကို “သူယုတ်မာ” လို့ သိစေဖို့၊ “အမှား” ကို “အမှား” အဖြစ် မှတ်တမ်းတင် ထားရစ်ခဲ့ဖို့၊ ကဲ့ရဲ့သင့်သူကို ပြစ်တင်ကဲ့ရဲ့ရှုတ်ချပြီး ချီးကျူးသင့်သူကို ဖော်ထုတ်ချီးကျူးဖို့၊ အမှားကျူးလွန်ခဲ့သူတွေဖက်ကလည်း (ဗုဒ္ဓဘာသာဝင်လူကြီးလူကောင်းဆန်ဆန်) တာဝန်ယူ တောင်းပန်ဖို့၊ စသော ကောင်းမွန်တဲ့လုပ်ဆောင်ချက် မင်္ဂလာတရားများ ဖော်ဆောင်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

ဘယ်သူတွေက သမိုင်းကို အဆိပ်ခတ်မိခဲ့ကြောင်း၊ တိုင်းသူပြည်သားတွေအပေါ် ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်းကျင့်မိခဲ့ကြောင်း၊ ဘယ်သူတွေကတော့ သမိုင်းကို သွေးနဲ့ရေး ဘဝပေးပြီး ထုဆစ်ခဲ့ကြကြောင်း၊ ကလေးတွေကို အယူမှန်၊ အမြင်မှန်၊ သတင်းစကားအမှန် သမိုင်းအမှန်အမွေ ထားခဲ့ကြစေချင်ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမှ မလုပ်နိုင်သေးရင် “တိုင်းပြည်ကိုတကယ်ချစ်ကြရဲ့လား” “ချစ်ရာကော ရောက်ခဲ့ကြသလား” ဆိုတဲ့အချက်အပေါ် ကိုယ့်ဘာသာ ကိုယ်ပြန်ပြီး မေးခွန်းထုတ်ကြစေလိုပါတယ်။

မောင်နန်းဝေ (ဗန်းမော်)
(၂၀၁၇) ဇူလိုင် (၁၁)ရက်၊ အင်္ဂါနေ့

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page