လိုင်စင်မဲ့ကားများကို အခွန်ကောက်ပြီး လိုင်စင်ချပေးမည်ဟု သတင်း ထွက်ပေါ် (ဖွလုံးလား လှန့်လုံးလား)

လက်ရှိအချိန်မှာ မြန်မာ့ ကားဈေးကွက်အတွင်း ကားဈေးများ အလွန်အကျွံ မြင့်တက်လျက် ရှိနေတာကို တွေ့ရပါတယ်။ အရောင်းအဝယ် တကယ် မဖြစ်ဘဲ ဈေး အပြိုင်အဆိုင်ခေါ်ရင်း ကားဈေးနှုန်းဟာ မယုံနိုင်လောက်အောင် မြင့်တက်နေတာကို တွေ့ရပါတယ်။

စကစရဲ့ ဝါဒဖြန့်ချိရေးတာဝန်ခံ ဇော်မင်းထွန်းက တိုင်းပြည်အတွက် မရှိမဖြစ် မဟုတ်တဲ့ သွင်းကုန်တွေကို ဝယ်ယူခြင်းကြောင့် နိုင်ငံခြားငွေတွေ ယိုစီးမှုကို ကာကွယ်ရန် ကားတင်သွင်းမှုကို ပိတ်လိုက်တယ်လို့ တရားဝင် ပြောကြားသွားခဲ့ပါတယ်။

စကစအနေနဲ့ ဆိုရှယ်လစ်လမ်းစဉ်အတိုင်း ပြည်တွင်းဖြစ်ကို အားပေးပါဆိုတဲ့ ဆောင်ပုဒ်နဲ့ ခရီးဆက်တော့မယ့် သဘောဖြစ်နေပါတယ်။

မြန်မာပြည်လို ထုတ်ကုန်ပစ္စည်း လောက်လောက်လားလား မရှိတဲ့ နိုင်ငံမှာ ပို့ကုန်ထက် သွင်းကုန်က ပိုမိုများပြားနေတာဟာ ထုံးစံ တခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စကစ ဥက္ကဌ မင်းအောင်လှိုင်က သွင်းကုန်ထက် ပို့ကုန် ပိုများရမယ်ဆိုတဲ့ ခပ်ကြောင်ကြောင် မူဝါဒ ချမှတ်လိုက်တာကြောင့် အခုဆိုရင် မြန်မာပြည်ထဲ တင်သွင်းနေတဲ့ ပစ္စည်းအများအပြား ရပ်တန့်သွားပြီ ဖြစ်ပါတယ်။

များမကြာခင် ကာလမှာ ပြည်သူတွေ နေ့စဉ်သုံးစွဲနေတဲ့ ဆေးဝါး၊ တာယာ၊ အင်ဂျင်ဝိုင်စတဲ့ ပစ္စည်းတွေကိုပါ ကန့်သတ်လာနိုင်မယ့် အနေအထား ရှိနေပါတယ်။ ရှေ့လာမယ့် လတွေမှာ မြန်မာပြည်အနေနဲ့ ဆိုရှယ်လစ်ခေတ်လို အစစအရာရာ ရှားပါးတဲ့ခေတ်ကို ကြုံတွေ့ လာရနိုင်ပါတယ်။

တိုင်းပြည်စီးပွားရေး လှုပ်ခတ်နေချိန်မှာ သူဌေးဖြစ်ချင်တဲ့သူတွေကလည်း ခွင်အမျိုးမျိုးကို ဖန်တီးပြီး ပိုက်ဆံကို ရသလောက် ရှာနေကြပါတယ်။ ကြားသိရတဲ့ သတင်းတခုအရ မကြာမီ ကာလမှာ လိုင်စင်မဲ့ကားများကို ကာလသတ်မှတ်ဒဏ်ကြေးနဲ့ လိုင်စင်ချပေးတော့မယ်လို့ နေပြည်တော်အသိုင်းအဝိုင်းကနေ သိရပါတယ်။

အဲဒီလို သတင်းတွေ ထွက်လာတာကြောင့် ကားဈေးကွက် ပိုမိုလှုပ်ခတ်လာနိုင်ပြီး အချောင်နှိုက်၊ ဂျင်းထည့်၊ ကွက်ကျော်စားတဲ့ ကိစ္စတွေ ပိုမိုများပြားလာနိုင်တယ်လို့ ကားဈေးကွက်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက မှတ်ချ ချထားပါတယ်။ စီးပွားရေး ပြိုလဲနေတဲ့ မြန်မာနိုင်ငံမှာ ရှေ့ဆက် ဘယ်လို အခက်အခဲ အကျပ်အတည်းတွေ ကြုံရမလဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page