တိုင်းပြည်လွတ်လပ်ရေး ရပြီး (၇၃) နှစ်ကြာမှ အချိန်ပြည့် လျှပ်စစ်မီးရခဲ့တဲ့ ကိုကိုးကျွန်းမြို့နယ်
တိုင်းပြည်လွတ်လပ်ရေးရအပြီး နှစ်ပေါင်း ၇၃ နှစ်ကြာမှ ၂၄ နာရီလျှပ်စစ်မီးရခဲ့တဲ့ ကိုကိုးကျွန်းမြို့နယ်
ဂျပန်ရဲ့ ဟိုက်ဘရစ်နည်းပညာသုံးကာ တည်ဆောက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ ၀.၅ မီဂါဝပ်ထုတ်ပေးနိုင်ပါသတဲ့။ ဒီမိုကရေစီခေတ်မှာ ဘယ်သူ့မှ ချန်မထားခဲ့ဘူးဆိုတဲ့မူဝါဒအရ ကပ္ပလီပင်လယ်ထဲက ကျွန်းမြို့နယ်လေးက သက်သေပြခဲ့ပြီလေ။
ရေတပ်အခြေစိုက်စခန်းရှိတဲ့ တပ်မြို့လေးဖြစ်ပေမယ့် နှစ် (၆၀) အကြာ စစ်အစိုးရခေတ်အဆက်ဆက်မှာ ပစ်ထားခံခဲ့ရပေမယ့်၊ အရပ်သားအစိုးရခေတ် ၅ နှစ်အတွင်းမှာ လျှပ်စစ်မီးတွေရလာအောင် ကြိုးစားလုပ်ပေးနိုင်ခဲ့ရပါတယ်။ ဘယ်သူ့မေတ္တာက ပိုကြီးသလဲဆိုတာကဖြင့် စဥ်းစားကြည့်ရင် သိသာလှပါတယ်။
(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု ကြိုဆိုတဲ့အနေနဲ့ ဒီနေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ကို (၂၄) နာရီ လျှပ်စစ်မီးစပေးပြီလို့ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ ဇန်နဝါရီလ(၁)ရက်နေ့ကစပြီး ကျွန်းတခုလုံးကို လျှပ်စစ်ဓာတ်အား စတင်စမ်းသပ်ထုတ်လွှင့်ခဲ့တာလို့ သိရပါတယ်။ အရင်က ကိုကိုးကျွန်းမြို့နယ်ကို ဒီဇယ်အင်ဂျင်နဲ့ ညနေ(၆)နာရီကနေ ည(၁၂) နာရီထိ တစ်ရက်ကို (၆) နာရီပဲ လျှပ်စစ်မီးပေးနိုင်ခဲ့တာလို့ သိရပါတယ်။
အခုလျှပ်စစ်မီးကိုတော့ မြန်မာကုမ္ပဏီနဲ့ ဂျပန်ကုမ္ပဏီတို့ ဖက်စပ်ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေပေးနေတာပါ။ အဲဒီစက်ရုံဟာ ရာသီဥတုအခြေအနေတွေကြောင့် နေရောင်ခြည်ရရှိမှုနည်းတဲ့အချိန်တွေမှာလည်း ဒီဇယ်အင်ဂျင်နဲ့ အားဖြည့်ပြီး လျှပ်စစ်မီးထုတ်ပေးနိုင်မယ်လို့ သိရပါတယ်။