ရန်ကုန်မြို့က လူတွေ နေ့စဉ် အကြိုက်စားနေကြတဲ့ အကင်တွေကို ဘာအသားတွေနဲ့ လုပ်ထားတာလဲ?
အမည်တပ်မရသော အသားစုံသံသရာ
ကြည့်မြင်တိုင် ကမ်းနားဟု ဆိုလိုက်လျှင် ညစျေးနှင့် ငါးစျေးကို ပြေးမြင်မိ ကြပေလိမ့်မည်။ ထိုမျှသာမကပါ ကြွက်မုဆိုးတို့ စံရာလည်း ဖြစ်နေတတ်သေးသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ နေ့စားကြွက်မုဆိုးတစ်ဦး ဖြစ်သော အသက် ၃၀ အရွယ် ကိုသိန်းမျိုးခိုင်၏ စားကျက်သည် ကြည့်မြင်တိုင်ပင် ဖြစ်သည်။
ဇူလိုင်မိုးထုအကြား ညဥ့်နက်နက်တွင် ကြည့်မြင်တိုင် စံပြစျေးအတွင်းမှ စားကြွင်းစားကျန်၊ ကုန်ကြွင်းကုန်ကျန် များကို စားသုံးကာ ဝဖီးနေသော မြေကြွက်ကြီးများအား လိုက်လံ ရှာဖွေနေသူများ ခပ်ဖွဲဖွဲ ရှိနေကြသည်။ “ဒါတောင်မိုးတွင်းမို့လို့ ကြွက်ထိုးတဲ့လူ နည်းတာ။ နွေရာသီဆို ဒီထက်များတယ်” ဟု ကိုသိန်းမျိုးခိုင်က ဆိုသည်။
ညဥ့်နက်နက် အမှောင်ထုအကြား ကြွက်ဖမ်းထွက်သူများတွင် ၎င်းကဲ့သို့ စည်ပင်သာယာ နေ့စား အလုပ်သမားများ ပါသကဲ့သို့ အခြား ကြွက်မုဆိုးများလည်း ပါဝင်သည်။ စည်ပင်သာယာက ခန့်အပ်ထားသော ကြွက်ဖမ်းသမားများမှာ ကြွက်ကောင်ရေ မည်မျှဖမ်းမိကြောင်း သက်သေအဖြစ် ဌာနသို့ ကြွက်အမြီးများသာ တင်ပြရရာ ကိုသိန်းမျိုးခိုင်အတွက် ကြွက်ခန္ဓာကိုယ်များကို ပြင်ပသို့ ရောင်းချငွေရှာနိုင်သည်။ သို့သော် သူဖမ်းသော အကောင်များမှာ မြေကြွက်များ တင်မကပါ။
ဖား၊ ငါးရှဥ့်၊ မြွေ စသည့် သတ္တဝါ ပေါင်းစုံမှ ရရာအသားများကိုလည်း ဖမ်းဆီး တတ်သေးကြောင်း ကိုသိန်းမျိုးခိုင်က ဆိုသည်။ ထိုသို့သော အကောင်များတွင်လည်း စျေးကွက်ရှိသည်။ အဝယ်ဒိုင်ရှိသည်။ ကြွက်ကား ယမကာနှင့် လိုက်ဖက် ညီလှစွာသော အမြည်းအဖြစ် သီးသန့်စျေးကွက် ရှိသည်။ ဥပမာအားဖြင့် သင်္ဃန်းကျွန်း မြို့နယ် လေးထောင့်ကန်မှ ကြွက်ဒိုင်။ ထိုအခါ အခြားအမယ် စုံလှစွာသော အသားများ၊ အကောင်ပလောင် များကား အဘယ်သို့ မြန်းနေသနည်း။ ယင်း သတ္တဝါမျိုးစုံတို့အား ငွေကြေးအဖြစ် ပြောင်းလဲပေးမည့် နေရာအချို့ ရှိလေသည်။
အင်းစိန် ဘိုကုန်းရပ်ကွက်ရှိ လမ်းကြားငယ်တစ်ခုမှ ဖျော်ရည်လုပ်ငန်းဟု ခေါင်းစဉ်တပ်ထားသော အဆောက်အအုံ တစ်ခုမှာ ယင်းသို့သော နေရာများအနက် ထင်ရှားသော ဌာနေတစ်ခုဖြစ်သည်။ ဖျော်ရည်လုပ်ငန်းဟု တပ်ထားသော ဆိုင်းဘုတ်အောက်တွင် ရှိသည့် ထိုအဆောက်အအုံမှာ လာသမျှ အသားမျိုးစုံကို ပိဿာချိန်ဖြင့် ဝယ်ယူလက်ခံရာ ဒိုင်တစ်ခုလည်း ဖြစ်သည်။
ဖျော်ရည်လုပ်ငန်းဟု ခေါင်းစဉ် တပ်ထားသော်လည်း တစ်ချိန်က ဖျော်ရည်အတု ပေါင်းစုံပြုလုပ်ရာ လုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး ယခုအခါ အသားစိမ်းဝယ်သည့်ဒိုင် တစ်ခု ဖြစ်နေသည်ဟု အဆိုပါရပ်ကွက်တွင် နှစ်ပေါင်း သုံးဆယ်ကြာ နေထိုင်ခဲ့သူ မီးရထားဝန်ထမ်းဟောင်း ဦးကျော်လွင်က ပြောပြသည်။
အကောင်မျိုးစုံ၊ အသားမျိုးစုံဆိုရာတွင် ကြွက် ၊ မြွေ ၊ ဖားတို့မှအစ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ ကြောင်၊ ခွေး အပါအဝင် မည်သည့်အသားမဆို အကောင်အမျိုးအစား အလိုက် ပိဿာချိန်ဖြင့် ဝယ်ယူကြောင်း ကိုသိန်းမျိုးခိုင်က ရှင်းပြသည်။ “ဖားကတော့ စားလို့ရတဲ့ဖားဆို တခြားရောင်းတာပေါ့။ စားမရတဲ့ ဖားခုံညင်းလို၊ ဖားပျံလိုတွေကျ သူ့ဆီပဲ သွင်းကြတာ။ ရေမြွေတို့ တခြား အကောင်ပလောင်တွေလည်း ဒီလိုပါပဲ” ဟု ၎င်းကဆိုသည်။
လမ်းဘေးတွင် အတိုအစ လိုက်ကောက်သည့် ကလေးငယ်များလည်း လမ်းဘေးတွင် တိရစ္ဆာန်အသေကောင်များ တွေ့လျှင် ကောက်လာကြပြီး အဆိုပါနေရာတွင် လာရောက် ရောင်းချတတ်ကြသည်ဟု အဆိုပါ ရပ်ကွက်အတွင်းမှ သိရသည်။ အချို့ကလေးများ ဆိုလျင် လမ်းဘေးမှ ပုတ်သင်ညိုအသေများ၊ ကင်းလိပ်ချော အသေများ၊ ကြွက်သေများကို ပလတ်စတစ်ဖြင့် ထုပ်ယူလာသည်များ ကိုလည်း တွေ့ရလေ့ရှိကြောင်း ဦးကျော်လွင်က ဆိုသည်။
ကြွက်သီးသန့် မုဆိုးများကမူ စျေးကောင်းရသော လေးထောင့်ကန် ကြွက်ဒိုင်တွင် သွားရောင်းတတ် ကြသော်လည်း အင်းစိန်ဘိုကုန်း ရပ်ကွက်မှ ဒိုင်မှာ အမယ်စုံ အသားများ သွင်းလိုသူတို့အတွက် ပိုက်ဆံရှာရာ ဖြစ်သည်။
“ကျွန်တော်တို့ကျတော့ နေတာက ရွှေပြည်သာဆိုတော့ လမ်းသင့်တဲ့ ဒီအင်းစိန်က အသားစုံဒိုင်မှာပဲ လာသွင်းလိုက်တာ၊ စျေးတော့ နည်းတာပေါ့” ဟု ကိုသိန်းမျိုးခိုင်က ဆိုသည်။ ယင်းဒိုင်မှပေးသော ကြွက်စျေးမှာ နည်းပါးသော်လည်း ကြွက်အပါအဝင်နှင့် သူ၏သားဖြစ်သူ ရှာလာသည့် အခြား တိရစ္ဆာန်မျိုးစုံကိုပါ သွင်းနိုင်သဖြင့် အဆင် ပြေကြောင်းလည်း သူကဆိုသည်။
အဆိုပါအသားဒိုင်တွင် ဒိုင်ချုပ်ဟု ထင်ရသော ငွေကိုင်သူတစ်ဦးနှင့် လာပို့သော သတ္တဝါများကို အရေခွံဆုတ်ခြင်း၊ အမွေးနုတ် ခြင်း၊ အရိုးထုတ်ခြင်းနှင့် အသားတုံးအဖြစ် ခုတ်ပေးရသည့် အလုပ်သမားအမျိုးသား ခြောက်ဦးခန့်ရှိနေတတ်သည်။
“လာသွင်းသမျှ တိရစ္ဆာန်တွေကို အရေခွံဆုတ်ပြီး အသားတုံးလေးတွေ ဖြစ်အောင် ခုတ်ပေးရတယ်” ဟု သင်္ကြန်ရက်အတွင်း အလုပ်သမား ရှားပါးစဉ်က ထိုနေရာတွင် ခေတ္တဝင်ရောက် လုပ်ကိုင်ခဲ့ဖူးသူ ဘိုကုန်းရပ်ကွက်နေ ကိုဇော်တူးက သူ့အတွေ့အကြုံကို ရှင်းပြသည်။ တစ်ခါတစ်ခါ မြင်းသားဟုဆိုသည့် အသားတုံးကြီးများ လာရောင်းသူများ ရှိသည်ကို တွေ့ရကြောင်း ၎င်းက ဖြည့်စွက်သည်။
အသားများကို မည်သည့်နေရာတွင် မည်သို့ အသုံးပြုနေသည်ဟု ၎င်းတို့ ရေရေရာရာ မသိခဲ့ရ။ “ငါးခူမွေးမြူရေးအတွက် အစာလို့တော့ ပြောတယ်” ဟု ကိုဇော်တူးက ဆိုသည်။ သူတို့ ခုတ်ထစ်ပြီးသား အသားတုံးများကို ရေခဲပုံးများအတွင်း စနစ်တကျ ထည့်ပြီးနောက် အအေးခန်းကားတစ်စီးက နှစ်ရက်တစ်ခါ လာသယ်ယူသွားတတ်ကြောင်း ရပ်ကွက်အတွင်းမှ သိရသည်။
ယင်းဒိုင်မှ တစ်ဆင့်ထုတ်လုပ်လိုက်သော ကြွက်၊ မြွေ ၊ ဖားတို့မှအစ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ ကြောင်၊ ခွေး စသည့် ရရာ အသားတုံးအစုံများသည် မည်သည့်လုပ်ငန်း၊ မည်သည့်နေရာတွင် ကုန်ချောအဖြစ် အသွင်ပြောင်းကြသနည်း။
အင်းစိန်ဘိုကုန်းတွင် ဖွင့်လှစ်ထားသည့် အသားစုံဒိုင်နှင့် ဆက်နွှယ်နေသူမှာ တစ်ချိန်တစ်ခါက ဖျော်ရည်တု၊ အရက်တု လုပ်ငန်းစျေးကွက်တွင် ဘုရင်တစ်ဆူဖြစ်ခဲ့ပြီး ယခုအခါ အသင့်စား ငါးအူချောင်းနှင့် ကိုရီးယားအကင်မျိုးစုံ လောကတွင် နေရာယူနေသူတစ်ဦး ဖြစ်ကြောင်း လသာမြို့နယ် အတွင်းရှိ အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ထုတ်ဖော်ပြောဆို သည်။
သူ့အဆိုအရ အသင့်စား အကင် လုပ်ငန်းများ ခေတ်စားလာပြီးနောက်ပိုင်း ယင်းလုပ်ငန်းရှင်မှာ တရုတ်နိုင်ငံမှ ကျွမ်းကျင်သူ အချို့ငှားရမ်းကာ ပြည်တွင်းတွင် ထုတ်လာခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းရှင်သည် လသာမြို့နယ် အတွင်းရှိ အဆောက်အအုံတစ်ခုတွင် တရုတ်နိုင်ငံသား ကျွမ်းကျင်သူနှစ်ဦး၊ အမျိုးသမီး အလုပ်သမားငယ် ၁၀ ဦးကျော် တို့နှင့်အတူ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ငါးအူချောင်းနှင့် ကိုရီးယားအကင်ထိုး တံဆိပ်မျိုးစုံကို ထုတ်လုပ်နေသူ ဖြစ်ကြောင်းလည်း စျေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
လသာမြို့နယ်ရှိ အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ဖူးသူ များအနက် အသက် ၂၁ နှစ် အရွယ် မဖြူလေးသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ “ညီမတို့က ကားနဲ့ သယ်လာတဲ့ အသားတွေကို စက်နဲ့ ကြိတ်ပေးရတာ။ ကျန်တာကိုတော့ တရုတ်နှစ်ယောက်နဲ့ အစ်ကိုကြီးသုံးယောက်ပဲ ကိုင်တယ်။ ညီမတို့က အသားကြိတ်တဲ့အထိပဲ သိတယ်” ဟု မဖြူလေးက ပြန်လည်ပြောပြသည်။
လစာအတော်အသင့် ကောင်းသော်လည်း အလုံပိတ်ထားသော အဆောက်အအုံ အတွင်း အသားပေါင်းစုံ၏ ညှီနံ့များကြောင့် ရင်ကျပ်ရောဂါ ဖြစ်လာသည့်အတွက် မဖြူလေးမှာ ယခုအခါ သိမ်ကြီးစျေးရှိ အထည်ဆိုင်တစ်ခုတွင် ပြောင်းလဲ လုပ်ကိုင်နေရသည်။ “အသားတုံးတွေက အင်းစိန်က သူဌေးရဲ့ ဆိုင်ခွဲကနေ သယ်လာတာလို့တော့ သိတယ်။ သူဌေးက သားသတ်ရုံတွေက ပိုတဲ့အသားတွေ လေလံဆွဲတာလို့ ပြောသံ ကြားတယ်။ ဒါပေမဲ့ အသားတုံးတွေက တော်တော်ကောင်းကောင်း တွေလည်း ပါတယ်” ဟု အသားတုံးများ လာရာလမ်းနှင့် ပတ်သက်ပြီး မဖြူလေးက သိသမျှ ပြန်လည်မျှဝေသည်။
စျေးကွက်အတွင်း ရောင်းချနေသည့် အသင့်ကင်စားနိုင်သော အသားတုံးများ တွင် ကြက်၊ ဝက်၊ ငါး စသည်ဖြင့် အမည် အမျိုးမျိုးရှိသည်။ အသားတုံးများအတွင်းတွင် ယင်းအမည်အတိုင်း အသားများ ပါပါ၏လော။ ကိုသိန်းမျိုးခိုင်တို့ ရန်ကုန်မြို့တော် အတွင်းရှိ မြောင်းများ၊ လမ်းဘေးများ၊ စျေးများအတွင်းမှ ဖမ်းဆီးကာ စတင်လည် ပတ်လာသော အသားစုံစက်ဝန်းသည် စားသုံးသူများ နေ့စဉ် စားသုံးနေသော အသားတုံး များတွင် အဆုံးသတ်နေသလော။
အသားတုံးစက်ဝန်း မည်သို့လည် ပတ်နေသည်ကို စေ့စေ့ငုငု မသိရှိဘဲ စားသုံးနေကြသူ အများအပြားရှိသည်။ အလုံမြို့နယ် ဆင်မင်းစျေးအနီးတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် အိမ်ရှင်မ မသဉ္ဇာဦးက “ကိုယ်တိုင်လည်း မကြာခဏ ဝယ်စားဖြစ်တယ်။ အိမ်က ကလေးတွေကလည်း ကြိုက်တယ်” ဟု ဆိုလေသည်။
အသားတုံးအမည်တပ် အသင့်စား အသားတုံးများအတွင်းရှိ အသားများမှာ မည်သို့အသားဓာတ်၊ အာဟာရဓာတ်၊ ဘေးထွက်ဆိုးကျိုး၊ ကျင့်ဝတ်မဲ့စီးပွားရေး သမား၏ လက်စွမ်းပြမှုများ ပါဝင်နေသနည်း။
FDA ဟု အတိုကောက်ခေါ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့အနေနှင့်မူ အစားအသောက်များ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့် လာရောက် လျှောက်ထားမှုများကို ပါဝင်ပစ္စည်း သေချာစွာ စစ်ဆေးပြီးမှ ထောက်ခံလေ့ရှိကြောင်း ယင်းဌာနမှ ဒေါက်တာထွန်းဇော်က ရှင်းပြသည်။ “လူထုအတွက် အန္တရာယ်ရှိတဲ့ အစားအသောက်တွေကို ခိုးထုတ်ပြီး စျေးကွက်ထဲ ပြန့်နေတယ်ဆိုရင်လည်း သတင်းရတာနဲ့ စိစစ်ပြီး သိမ်းဆည်း အရေးယူလေ့ ရှိပါတယ်။ ဒါက စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအပိုင်းပါ” ဟု ၎င်းကဆိုသည်။
သို့သော် ‘ဘာမှန်းမသိသော’ အသားများ ပါဝင်နေသောကိစ္စမှာ FDA တွင် တာဝန်မရှိဘဲ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ဒေါက်တာထွန်းဇော်က ရှင်းပြသည်။ “လုပ်ပိုင်ခွင့် မရှိသေးတဲ့အတွက် ကျွန်တော်တို့မှာ သားငါးအရောအနှော တွေကို စိစစ်ဖို့ လူ၊ ကျွမ်းကျင်မှု၊ နည်းပညာ၊ စက်ပစ္စည်းတွေ မရှိတာလည်း ပါပါတယ်” ဟု သူက ပြောဆိုသည်။
တစ်ချိန်က ပုလိပ်ရောဂါတည်း ဟူသော ကပ်ဆိုးကြီးဖြင့် ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် ကြွက်တို့၏ အသားများ၊ မြန်မာတို့ ရှောင်ကြဉ်လေ့ရှိသည့် ဖားခုံညှင်း၊ ဖားပျံများ၊ ကင်းလိပ်ချော၊ ပုတ်သင်ညို၊ မြွေတို့အပြင် အခြားအမည်မသိ အသားပေါင်းစုံတို့ကား ကိုသိန်းမျိုးခိုင်တို့လို ကြွက်မုဆိုးများ ထံမှ အဆိုပါ အသားစုံဒိုင်သို့ ရောက်ကြရသည်။
ဘိုကုန်းအသားစုံဒိုင်မှ ဝယ်ယူခုတ်ထွင် တုံးယူပြီးသော အသားတစ်များသည် မည်သည့်နေရာသို့ သွားကြသနည်း။ ငါးခူမွေးမြူရေး ဆိုသော နေရာသို့ အမှန်တကယ် ရောက်ရှိသည်လား။ မဖြူလေးတို့ ညှီနံ့တထောင်းထောင်းဖြင့် ကြိတ်ပေးရသော သားသတ်ရုံမှ လေလံ ဆွဲလာသည် ဆိုသည့် အသားတုံးများကရော အမှန်တကယ်ပင် သားသတ်ရုံများမှ လာလေသည်လား။
အသားစုံ သံသရာစက်ဝန်း အတွက် မေးခွန်းများက ထပ်နေသည်။ “ကျွန်တော်သိထား တာကတော့ အင်းစိန်ဘိုကုန်းက အသားဒိုင်ရော၊ လသာမှာ အကင်ထိုးလုပ်တဲ့ အဲဒီလုပ်ငန်းပါ ပိုင်ရှင်ကတော့ တစ်ယောက်တည်းပါပဲ” ဟု လသာမြို့နယ် အတွင်းရှိ အမည်မဖော် လိုသူ စီးပွားရေးလုပ်ငန်းရှင် ကတော့ အတိအကျ ဆိုလေသည်။
ခက်ဇော်