“ရွှေပန်းနဲ့ ချက်ကြီး” – တကယ်ဖတ်ကောင်းတဲ့ ပညာပေးစာပေလေးပါ ခနဘဲဖတ်ကြည့်ပါ
တကယ်ဖတ်ကောင်းတဲ့ ပညာပေးစာပေလေးပါ ခနဘဲဖတ်ကြည့်ပါ…
“ရွှေပန်းနဲ့ချက်ကြီး”
တစ်ခါက ရွာတစ်ရွာမှာ ရွှေပန်းနဲ့ ချက်ကြီးဆိုတဲ့ ကာလသားခေါင်း နှစ်ယောက်ရှိပါသတဲ့။ ကာလသားခေါင်းဆိုတော့ လက်ရဲဇက်ရဲနဲ့ အသိုင်းအဝိုင်းကလည်း တောင့်တင်းကြသလို ဓနဥစ္စာလည်း ပြည့်ဝကြပါသတဲ့။ ကာလသား ခေါင်းတွေဆိုတော့ အပြိုင်အဆိုင်လေးတွေ ရှိကြပါတယ်။ တောင်ပိုင်းဆိုင်းပွဲရှိရင် မြောက်ပိုင်းက မသွားရဲ မြောက်ပိုင်း ဇာတ်ပွဲရှိရင် တောင်ပိုင်းက မသွားရဲ အဲဒီလိုပြိုင်ကြရင်းနဲ့ ရွာကနှစ်ခြမ်းကွဲမလိုလို ဖြစ်လာတော့တယ်။
ရွာကျောင်း ဆရာတော်တွေဖြစ်တဲ့ တောင်ကျောင်း ဆရာတော်နဲ့ မြောက်ကျောင်း ဆရာတော်က စိတ်မချမ်းမသာဖြစ်ပြီး ချက်ကြီးနဲ့ ရွှေပန်းကိုခေါ်ပြီး ဆုံးမကြတယ်။ ဒါလည်း မရပါဘူး။ ခက်တာကတော့ ဆရာတော်နှစ်ပါးလည်း နောက် ဘယ်လိုဖြစ်တယ် မသိပါဘူး တစ်ပါတ်လောက်ကြာတော့ ဆရာတော်နှစ်ပါးလည်း အချင်းချင်း စကားမပြောတော့ဘူး။
ဒီလိုနဲ့ တစ်ရက်ကျတော့ လက်ရှိရွာသူကြီးသေပါလေရော။ အဲဒီခေတ်က သူကြီးဆိုတာ မြို့အုပ်မင်းက ၅ နှစ်တစ်ကြိမ်ခန့်တယ်တဲ့။ မြို့အုပ်မင်း အသိအမှတ်ပြုတဲ့ကောင်က ဆရာပဲပေါ့။ ဒီတော့ သူကြီးသေမှန်းသိတော့ ချက်ကြီးက သူ့အမေဆီက ငွေ ၅၀၀၀ တောင်းပါသတဲ့။ အဲဒီခေတ်က ငါးထောင်ကျပ်ဆိုတာ ဂျစ်ကား ဝယ်စီးလို့ ရပါသတဲ့။ ချက်ကြီးရဲ့အမေက ငါးထောင်များလှချည်လား ငါ့သားရယ်။ မင်းတောင်းတဲ့ငွေက ကားတစ်စီး ဝယ်လို့ရတယ် ဆိုတော့ ချက်ကြီးက အမေရာ ကျုပ်တောင်းတာသာ ပေးစမ်းပါ။ ချက်ကြီးအကြောင်း သိရပါလိမ့်မယ် ဆိုတော့ ချက်ကြီးအမေက ပိုက်ဆံထုတ်ပေးပါတယ်။
သူ့အမေထုတ်ပေးတဲ့ပိုက်ဆံ ၅၀၀၀ ပိုက်ပြီး ချက်ကြီး မြို့ကိုတက်ပါတယ်။ မြို့အုပ်မင်းရုံးကို သွားပြီး နက်စောစော မြို့အုပ်မင်းနဲ့ တွေ့ပါတယ်။ မြို့အုပ်မင်း ကျုပ်ကို သိလား အခု သူကြီးသေသွားတဲ့ ရွာက ချက်ကြီးလေဆိုတော့ မြို့အုပ်မင်းက မင်းကို ငါဘယ်လိုလုပ်သိမလဲ။ မင်းက ဘာကောင်လဲ ဆိုတော့ ချက်ကြီးက သိလာရစေပါမယ်။ မြို့အုပ်မင်း ဟောဒီမှာ ငါးထောင်ကျပ်ဗျာ ခင်ဗျားအတွက်ဆိုပြီး ငွေထုပ်ကို ရှေ့ချပေးပါတယ်။
မြို့အုပ်မင်းက အဲဒီကျတော့မှာ အေး ငါ မှတ်မိသလိုလို တော့ရှိပြီ ပြောကွာ ကိုချက်ကြီး ဘာကူညီရမလဲ ဆိုတော့ အဲ မင်းတွေငါတွေ မဟုတ်တော့ဘဲ ကိုတပ်ခေါ်ပြီ။ ဒီတော့ မြို့အုပ်မင်းရယ် အခု သေသွားတဲ့ သူကြီးနေရာမှာ ကျုပ်ကို သူကြီးခန့်ထားပေးစမ်းပါ။ ကျုပ်သူကြီးဖြစ်တဲ့စာ ထုတ်ပေးရင် ခင်ဗျား အဲဒီ ငါးထောင်ထုပ် ယူလိုက်တော့လို့ ဆိုတော့ မြို့အုပ်က သူကြီးခန့်အပ်လွှာကို ချက်ကြီးကိုထုတ် ပေးပါသတဲ့။
သူကြီးခန့်စာလည်း ရရော ဈေးကနေ မောင်းတစ်လုံး ဝင်ဝယ်ပြီး ရွာပြန်သတဲ့။ ချက်ကြီးရွာပြန်ရောက်တာနဲ့ ရွာသူကြီးသစ် ချက်ကြီးက ” ရွာလမ်းတွေမကောင်းဘူး ပြင်မယ် ရွာစာသင်ကျောင်းတွေ မိုးယိုတယ် ပြင်မယ် ရွာသာရေး/နာရေး ကူညီမယ် မိမိရပ်ရွာ တိုးတက်အောင် လုပ်မယ် ” ဆိုတဲ့ စိတ်တစ်ခုမှ မရှိဘူး ” ရွှေပန်း မင်းတော့ နာပြီသာ မှတ် ” တဲ့။ ပထမဆုံး မောင်းပါဝါဘယ်လောက်ရှိလည်း သိချင်တာနဲ့ မောင်းထုပါတယ်။
မောင်းထုတော့ ရွာသူ ရွာသား အကုန်လာကြတယ်ပေါ့ဗျာ။ မောင်းပါဝါနဲ့တင်ကို သူကြီးပါဝါက စွမ်းလှပြီ ဆိုပြီး ချက်ကြီး သဘောတွေ ကျနေလေရဲ့ ရွာသားတွေ လူစုံလေတော့ သူကြီးချက်ကြီး မိန့်ခွန်းစပြောပြီလေ ”ကျုပ်ကတော့ ဒီရွာရဲ့ သူကြီးပဲ အဲဒီတော့ ခင်ဗျားတို့ အနေနဲ့ လိမ်လိမ်မာမာနေကြပါ မဟုတ်ရင် ထိတ်တုံးကိုသာ ကြည့်ထား ”ဆိုပြီး သူကြီးပါဝါပြတော့တာပေါ့ သူကြီးအသစ်စက်စက် ချက်ကြီးက၊ ဟေ့ ရွာသူရွာသားတွေထဲမှာ ရွှေပန်းပါသလားဟေ့လို့ မေးပါတယ်။ ရွှေပန်းက အံမာ မင်းလိုကောင်က ငါ့ကို မေးလားမြန်းလားနဲ့ ဘာလုပ်မလို့တုန်းလို့ ထမေးပါတယ်။
အဲဒီကျမှ မြို့အုပ်မင်းရဲ့ သူကြီးခန့်အပ်လွှာ ထုတ်ပြပြီး ငါတော့ သူကြီးဖြစ်ပြီဆိုတော့ ရွှေပန်းငြိမ်သွားတယ်။ ဒီတော့ မောင်ငရွှေပန်း မင့်ကို မေးရဦးမယ်။ မင်းအခု မတ်တပ်ရပ်ထားတော့ ချက်က အပေါ်ကလား။ ရွှေပန်းက အပေါ်ကလား။မေးပါတယ်။ ကာလသားခေါင်း ရွှေပန်း လူပုံအလယ်မှာ အရှက်ကွဲပါတယ်။ သူကြီးအသစ်စက်စက် ချက်ကြီးက ဆက်ပြောပါတယ်။ မင်း မသေမချင်းမှတ်သွားဟျောင့် ရွှေပန်း။ ဘယ်တော့မဆို ချက်ကြီးက ရွှေပန်းရဲ့ အပေါ်ကကွ။ မင်းငါ့ကို မတူရင် အံမတုချင်နဲ့ ။
ဒီတော့ မောင်ရွှေပန်းကို မှတ်လောက် သားလောက်ဖြစ်အောင် ထိပ်တုံးခတ်ထားစမ်း။ ငါလို အမိန့်တော်ရ သူကြီးရဲ့ ပြည်သူ့အာဏာကို အံတုချင်တဲ့ကောင်တွေ ကြည့်ထားကြဆိုတော့ ရွာက အပ်ကျသံကို မကြားရတော့ဘူး။ ဆိုင်တာမဆိုင်တာ အပထား။ ကာလသားခေါင်း လူမိုက်က ဖြစ်တဲ့သူကြီးကိုးဗျ။ ကြောက်ကြတာပေါ့။ ဒါနဲ့ ၅ နှစ်ပြည့်ခါနီးတော့ သူကြီး ပြန်ခန့်အပ်ချိန် နီးလာတဲ့အချိန်မှာ ရွှေပန်းက ချက်ကြီးလုပ်စားထားတဲ့ ခွင်ကို သိထားတယ်လေ။
ဒီတော့ မြို့အုပ်မင်းကလည်း အသစ်ပြောင်းထားတာဆိုတော့ အဲဒီ မြို့အုပ်အသစ်ကို ခြောက်ထောင်ပေးပြီး သူကြီးခန့်အပ်စာ ယူလာတယ်။ ခန့်အပ်စာ ရတော့ ရွာပြန် မောင်းထုတယ်။ သူ့ကို လုပ်ခဲ့တဲ့အတိုင်း ရွာသူရွာသားစုံတဲ့အချိန်မှာ ချက်ကြီးရှိလားဟေ့ လို့မေးတယ်။ ချက်ကြီးမတ်တပ်ထရပ်တော့၊ ဟေ့ကောင်ချက်ကြီး မင်း ကင်းမြီးကောက်ထောင်စမ်း။ ချက်ကြီးကင်းမြီးကောက်ထောင်ရပါတယ်။ ရွေးချယ်တင်မြောက်ခံ သူကြီးရဲ့ အာဏာများပြင်းချက်။
မှတ်ထားကွချက်ကြီး ဟျောင့် အခု မင်းတွေ့ပြီလား။ လောကကြီးမှာ ဇောက်ထိုးဆိုတာ ရှိတတ်တယ်။ အခု ရွှေပန်းကအပေါ်က ချက်က အောက်ရောက် မနေဘူးလား။ ဒီတော့ ငါသူကြီးဖြစ်နေသမျှကာလပတ်လုံး မင်း ကင်းမြီးကောက် ထောင် နေရမယ်မှတ် ဆိုပြီး ရွာကို အုပ်ချုပ်ပါလေရော။ ဒီလိုနဲ့ အဲဒီရွာမှာ ချက်ကြီးနိုင်ရင် ရွှေပန်းက ထိပ်တုံးထဲ မတ်တပ်ကြီး အခတ်ခံထားရ။ ရွှေပန်းရွာသူကြီးဖြစ်ရင် ချက်ကြီးက ကင်းမြီးကောက် ထောင်နေရနဲ့ ကျန်တဲ့လူတွေလည်း ဘယ်သူမှ သူကြီး မလုရဲ ကြဘူး။ အမိန့်တော်ရ သူကြီးလေ။ ရွေးချယ်ခံ သူကြီးလေ။ ဒီလိုနဲ့ပဲ ညောင်ပင်သာရွာလေးဟာ ချက်ကြီးနဲ့ရွှေပန်းတို့ ငါးနှစ်တစ်ကြိမ် အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ ရွာကဘာတိုးတတ်မှုမှ မရှိခဲ့ဘူး။ တဲ့လေ—- –
ရပ်ရွာတိုးတက်ဖို့ထက် အချင်းချင်း အနိုင်ရရေးကိုသာ (အတ္တတွေရှေ့တန်းတင်နေခဲ့ ကြလေတော့ကား)
ပြည်သူတွေ ဘဝ ဂျာအေးသူ့အမေရိုက်သလိုမျိုး “ဟူး” …
ဆရာနေဝင်းမြင့် စာပေဟောပြောပွဲမှ