ပြည်သူတွေကို သစ္စာဖောက်တဲ့ အံ့သြဘဘဏ် ပြည်သူ့ကျိန်စာ သင့်တော့မှာလား (ဝဋ်ဆိုတာ ရှိတယ်)

ယနေ့ အွန်လိုင်းပေါ်မှာ လူပြောအများဆုံး ကိစ္စရပ်ကတော့ ကေပေးတွေ ရုတ်တရက် သုံးမရဘဲ အကောင့်ထဲ ရှိတဲ့ ငွေတွေကို အံ့ဩဘဘဏ်က သိမ်းဆည်းလိုက်တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။စကစက မှတ်ပုံတင်ထားတဲ့ ဆင်းကတ်နဲ့ ကေပေးဖွင့်ထားတဲ့ ဆင်းကတ် နာမည်မတူရင် ကေပေးတွေကို ပိတ်သိမ်းမယ်လို့ သတင်းထုတ်ပြန်ပြီးတာနဲ့ ချက်ချင်းဆိုသလို ယနေ့မှာ ကေပေး အကောင့်တွေကို အကျိုးအကြောင်းမဲ့ ပိတ်ချပစ်ခဲ့ပါတယ်။

ဆင်းကတ် မှတ်ပုံတင်နဲ့ ကေပေး ဖွင့်ထားတဲ့ မှတ်ပုံတင် မတူရင် ပိတ်သိမ်းမည် ဖြစ်ကြောင်း လွန်ခဲ့တဲ့ ၂ ရက်က ကြေညာခဲ့ပေမယ့် ယခုလို ရုတ်တရက် ပိတ်ချလိုက်တာကြောင့် ပြည်သူတွေမှာ အခက်အခဲတွေ အများအပြားနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ကေပေးဆိုတာ မြန်မာနိုင်ငံမှာ အသုံးအများဆုံး မိုဘိုင်း ငွေပေးချေမှု စနစ်ဖြင်ပြီး အံ့ဩဘဘဏ်ရဲ့ ဈေးကွက် ချဲ့ထွက်မှုအရ လူထုကြားထဲ အများဆုံး ပျံ့နှံ့နေတဲ့ စနစ်တခု ဖြစ်ပါတယ်။ ထိုစနစ်ဟာ ပုံမှန်ဆိုရင် ဆက်လက် ဖွွံ့ဖြိုးရမှာ ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အကောင့်ပိတ်ခြင်း၊ ဝန်ဆောင်မှု အဆင်မပြေခြင်းတွေနဲ့အတူ နာမည်ပျက်လာပြီ ဖြစ်ပါတယ်။

ယခု ရက်ပိုင်းအတွင်း စကစက ဆင်းကတ်မှတ်ပုံတင်ထားတဲ့ နာမည်နဲ့ ကေပေး ဖွင့်ထားတဲ့ နာမည် မတူရင် ပိတ်ပစ်မယ်ဆိုတဲ့ အမိန့်ကြောင့် ပြည်သူတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေချိန်မှာ ယနေ့မှာတော့ ပြည်သူတွေရဲ့ ကေပေးအကောင့် အတော်များများ အပိတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

တချို့က ဆင်းကတ်မှတ်ပုံတင်နဲ့ ကေပေး မှတ်ပုံတင် တူပေမယ့်လည်း အပိတ်ခံရကြောင်း ဝမ်းနည်းဖွယ်သိရှိရပါတယ်။ ယခုလို ကေပေးတွေ ကယောက်ကယက် ဖြစ်နေချိန်မှာ အဓိက ခံရတာတော့ အွန်လိုင်းရှော့ လုပ်တဲ့သူတွေပဲ ဖြစ်ပါတယ်။ အွန်လိုင်းရှော့ ငွေပေးချေမှုမှာ ကေပေးကို အဓိက အားထားလာတာ ၃ နှစ် နီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့မှာတော့ ကေပေးတွေ အများအပြား အပိတ်ခံရတဲ့အထဲမှာ အွန်လိုင်းရှော့တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ ဝန်ဆောင်မှုတခုကို လူအများ ယုံကြည်ဖို့ဆိုတာ ဝန်ဆောင်မှု ချောမွေ့ခြင်း၊ ပြတ်တောက်မှု မရှိခြင်း၊ တစုံတရာ လိုအပ်ပါက ချက်ချင်း ဖြေရှင်းပေးခြင်း စတဲ့ အချက်တွေပေါ် မူတည်နေပါတယ်။ တကယ်ဆိုရင် ယခုလို ပိတ်သိမ်းမယ်ဆိုပါက သုံးစွဲသူတွေကို အသိပေးချက် တစုံတရာ ကနဦး ပေးပို့ရမှာ ဖြစ်ပေမယ့်လည်း အံ့ဩဘဘဏ်အနေနဲ့ ပျက်ကွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကေပေးဝန်ဆောင်မှု ကောလ်စင်တာအနေနဲ့ အခုလို အကောင့်တွေပိတ်ထားခြင်းကို ရေရာသေချာစွာ မရှင်းပေးနိုင်တာကြောင့် အံ့ဩဘဘဏ်အပေါ်မှာ မရှိခဲ့တဲ့ လူတွေရဲ့ ယုံကြည်မှုဟာ ပြိုလဲသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ယုံကြည်မှု ပြိုလဲခြင်းနဲ့အတူ အံ့ဩဘဘဏ်မှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ အပ်ငွေတွေအပေါ် စိုးရိမ်စိတ်တွေ ဆင့်ပွားလာပါတယ်။ စကစ အလိုကျ အသုံးတော်ခံနေရတဲ့ အံ့ဩဘဘဏ်မှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ ဥစ္စာစည်းစိမ်တွေကို စကစက အချိန်မရွေး ယူဆောင်သွားနိုင်တယ်လို့ ပြည်သူတေွ စိတ်ထဲမှာ စွဲမြဲစွာ မှတ်ထင်သွားပြီ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ မျက်နှာကို မထောက်တဲ့ အံ့ဩဘဘဏ်အနေနဲ့ ပြည်သူတွေရဲ့ သစ္စာ စူးရောက်မှုကို မကြာခင်မှာ ခံရတော့မှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။ သန်း ၅၀ သော ပြည်သူတွေရဲ့ နာကျည်းမှုကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ မိမိ စည်းစိမ်ဥစ္စာတည်မြဲရေးအတွက် ပြည်သူတွေကို စတေးခဲ့တဲ့ အံ့ဩဘ ဘဏ်ရဲ့ နိဂုံး အဆုံးသတ်ကိုတော့ ပြည်သူတွေက အဆုံးအဖြတ်ပေးမယ့်ကာလ မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်တဲ့အကြောင်း အသိပေး ရေးသားလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page