ပူတင်ရဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ လူသိမခံတဲ့ သမီး နှစ်ယောက်အကြောင်း

အနောက်အုပ်စုကတော့ ပူတင်ဟာ နန်းတော်တွေ၊ ဇီမ်ခံရွက်လှေတွေနဲ့ ဆွစ်ဘဏ်မှာ ငွေစာရင်းတွေဖွင့်ထားနိုင်တဲ့ ကမ္ဘာ့အဆင့်အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲလို့ ဆိုကြပါတယ်။ ဒါကြောင့် ဆန်ရှင်တွေချကာ သူ့ပိုင်ဆိုင်မှုတွေကို မလှုပ်နိုင်အောင် ဖမ်းသိမ်းဖို့ လုပ်နေကြပါသတဲ့။

ရုရှားမီဒီယာတွေကတော့ ပူတင့်မှာ သူပိုင်တာဆိုလို့ ကားစုတ် ၂ စီးရယ်၊ တိုက်ခန်းအသေးလေးရယ်နဲ့ သူ့လစာ ဒေါ်လာ ၁၄၀,၀၀၀ က ပိုတဲ့ဟာလေးတွေကို စုထားတဲ့ဘဏ်အကောင့်ရယ်ပဲ ရှိတယ်လို့ဆိုပါတယ်။ ဘယ်ဖက်ကပြောစကား မှန်မယ်လို့ သင် ထင်ပါသလဲ။ (Francis Zin)

ရုရှားသမ္မတ ဗလာဒီမီယာပူတင်မှာ သမီးနှစ်ယောက်ရှိတယ်။ သမီးကြီးက ကလေးအထူးကုဆရာဝန် ဒေါက်တာမာရီယာပူတင် (Maria Putin) ပါ။ မာရီယာပူတင်ကို လီနင်ဂရက် (စိန့်ပီတာစဘတ်ချ်) မှာ ၁၉၈၅ မွေးခဲ့တယ်။

၁၉၈၀ ခုနှစ် ရုရှားထောက်လှမ်းရေး (KGB) ဖြစ်တဲ့ ဖခင်ပူတင်တာဝန်ကျတဲ့အရှေ့ဂျာမဏီ Dresden မှာမာရီယာကျောင်းတက်ခဲ့တယ်။၁၉၉၁ ရုရှားစိန့်ပီတာစဘတ်ချ်ကို မိသားစုပြောင်းရွှေ့ခဲ့ပြီး ဂျာမန်ကိုယ်ကာယအားကစားတက္ကသိုလ်မှာ မာရီယာတက်ရောက်ခဲ့တယ်။

ပုံ – ပူတင်ရဲ့ သမီးကြီး (ဘယ်) နှင့် ဇနီးဟောင်း (ညာ)

စိန့်ပီတာစဘချ်မှာ လူဆိုးဂိုဏ်းများ သောင်းကျန်းထကြွလို့ အဖေပူတင်စိတ်ပူပြီး မာရီယာနဲ့ သမီးအငယ်ကက်ထရီနာ (Katerina) နှစ်ယောက်ကို အရှေ့ဂျာမဏီ Dresden ကို ပြန်ပို့ခဲ့တယ်။

အရှေ့ဂျာမဏီ မှာ KGB အချိတ်အဆက် ဂျာမန်လုပ်ငန်းရှင်တယောက်က ရုရှားထောက်လှမ်းရေးအရာရှိဗိုလ်မှူးကြီး ပူတင်သမီးနှစ်ယောက်ကို စောင့်ရှောက်ပေးခဲ့တယ်။

ပုံ – ပူတင်ရဲ့ သမီးကြီး မာရီယာနဲ့ သမီးငယ် ကက်ထရီနာ

သမီးကြီးမာရီယာဟာ ရုရှားသံရုံးဧည့်ခံပွဲများမှ နာမည်ကြီးတယောအနုပညာရှင်တဦး ဖြစ်တယ်။ ပူတင်မိသားစု ရုရှားမြို့တော်မော်စကို ပြောင်းရွှေ့တဲ့အခါ မာရီယာဟာ မော်စကိုမှာ ဂျာမန်သံရုံးအစီအစဉ်နဲ့ ဖွင့်ထားတဲ့ဂျာမန်ကျောင်းမှာ တက်ရောက်ခဲ့တယ်။ ဒီကျောင်းဟာ ရုရှားသံအရာရှိသားသမီးများ တက်ရောက်တဲ့နာမည်ကြီးကျောင်းတကျောင်း ဖြစ်တယ်။

ပူတင်သမီးနှစ်ယောက် မာရီယာနဲ့ ကက်ထရီနာတို့ဟာ ဒီကျောင်းကနေ ဘွဲ့ရရှိခဲ့တယ်။ မာရီယာဟာ ဇီဝဗေဒပညာရပ်ကို စိန့်ပီတာစဘချ်တက္ကသိုလ်မှာ ဆက်လက်သင်ကြားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ မော်စကိုဆေးတက္ကသိုလ်က ဆေးပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ရရှိခဲ့တယ်။

မာရီယာဟာ ဆေးပညာရပ်ဆိုင်ရာ စာအုပ်များ ပူးတွဲပြုစုခဲ့တယ်။ ဒေါက်တာမာရီယာဟာ ဒတ်ချ်စီးပွားရေးသမား Faassen နဲ့ ၂၀၁၃ မှာ လက်ထပ်ခဲ့တယ်။

ပုံ – ပူတင်ရဲ့ သမီးကြီး မာရီယာ

မာရီယာတို့ လင်မယားဟာ နယ်သာလန်နိုင်ငံ ဇိမ်ခံအထပ်မြင့်အဆောက်အဦးတခုပေါ်က Penthouse မှာနေထိုင်ခဲ့ကြတယ်။

၂၀၁၄ ခုနှစ် ရုရှားလိုလားတဲ့ ယူကရိန်းလက်နက်ကိုင်အဖွဲ့က မလေးရှားလေကြောင်းလေယာဉ် တစီးကို ဒုံးကျည်နဲ့ မှားယွင်းပစ်ခတ်လို့ ပူတင်သမီးကြီးမာရီယာတို့ လင်မယားကို နယ်သာလန်နိုင်ငံက နှင်ထုတ်ခဲ့သေးတယ်။ ၂၀၁၅ ကစပြီး မာရီယာတို့ လင်မယားဟာ ရုရှားမြို့တော် မော်စကိုမှာ နေကြတယ်။

လွင်ဦး(ရန်ကင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page