ဘိုးဘိုးအောင်တန်ခိုးလို (၂) ဆတိုး ကူးနေတဲ့ အိုမီခရွန်နဲ့ ကိုဗစ်ကို ဒူးထောက်လိုက်ရပြန်တဲ့ ကမ္ဘာကြီး
ဒီပိုးဟာ ပြည်တွင်းကူးစက်မှုသာ စတင်ခံလိုက်ရရင် ၁ရက်ခွဲကနေ ၃ ရက်အတွင်း ၂ဆ တိုးပြီးကူးစက်ခံရနိုင်တယ်လို့ WHO က လေ့လာမှုအရ သိရပါတယ်။ လုံးဝမပေါ့ဆသင့်တဲ့ အနေအထားပါပဲ။ ဂရုစိုက်ကြပါအမျိုးတို့။
မနေ့က စနေနေ့တစ်ရက်ထဲမှာ အာဆီယံတိုင်းပြည်တွေအကြား ကိုဗစ်လူနာအသစ် ၂၅,၃၂၉ ယောက်ကူးစက်ခံခဲ့ရပါတယ်။
ဗီယက်နမ်ဟာ ၁၆,၀၀၀ နီးပါးကူးစက်ခံထားရကာ အဆိုးဆုံးဖြစ်နေခဲ့ပြီး၊ မြန်မာဟာ မနေ့ကစာရင်းတွေအရ ၁၇၀ ပဲကူးစက်ခံခဲ့ရပါသတဲ့။
အဆင့်မြင့်နည်းပညာနဲ့ထုတ်ထားတဲ့ မော်ဒန်နာတံဆိပ် ကိုဗစ်ဆေးဟာ ဖိုက်ဇာဆေးထက် နှလုံးကြွက်သားရောင်ရမ်းနာဖြစ်စေဖို့ (၄) ဆ အထိပိုပါသတဲ့။
ဒါဟာ ဒိန်းမတ်လူမျိုးဆေးထိုးသူတွေကို စစ်ဆေးကြည့်ရာကနေ သိခဲ့ရတာပါ။ ဖိုက်ဇာဆေးထိုးထားသူ ၇၁,၀၀၀ မှာ လူ (၁) ယောက်ဖြစ်နိုင်ပြီး၊ မော်ဒန်နာဆေးထိုးသူ လူ ၂၀,၀၀၀ မှာ (၁) ယောက်နှုန်းဖြစ်ပါတယ်။
ဖိုက်ဇာဆေးထိုးထားတာချင်းတူရင် အမျိုးသမီးတွေက နှလုံးထိခိုက်နိုင်ခြေ ပိုများပါသတဲ့။ ဒါပေမယ့် သတိထားဖို့က ဆေးမထိုးလို့ ကိုဗစ်ကူးစက်ခံရရင်လည်း နှလုံးကြွက်သားရောင်ရမ်းဝေဒနာက ခံစားကြရတယ်လို့ ဆိုပါတယ်။
တရုတ်ဆိုင်နိုဗက်ဆေးကို (၃) လုံးမြောက်ထိုးရင် အိုမီခရွန်ကနေ ၉၄% ကာကွယ်ပေးနိုင်တယ်လို့ ကုမ္ပဏီဖက်က သတင်းထုတ်ပြန်လာပါတယ်။
ဒါဟာ ဟောင်ကောင်တက္ကသိုလ်က စမ်းသပ်မှုအရ ဆိုင်နိုဗက်ဆေးထိုးထားသူ ၂၅ ယောက်ရဲ့ကိုယ်ခံအားကို စစ်ဆေးရာမှာ အကုန်လုံးကျခဲ့တယ်လို့ မကြာခင်ကကြေငြာအပြီး ငြိမ်နေတဲ့တရုတ်ဆေးကုမ္ပဏီဟာ ခုလိုတုန့်ပြန်လာခဲ့တာပါ။ သူစစ်ဆေးတာကတော့ လူ ၄၈ ယောက်မှာ ၄၃ ယောက် ကိုယ်ခံအားတက်လာပါသတဲ့။
ချဲဆီးလ်ဘောလုံးကွင်းကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ယာယီနေရာအဖြစ် ပြောင်းလိုက်ရတဲ့ အင်္ဂလန်အစိုးရ။ သောကြာနေ့တစ်ရက်တည်းတင် စုစုပေါင်း ၉၃,၀၀၀ အထိကူးစက်ခံခဲ့ရပြီး၊ အဲအထဲကလူ ၂၅,၀၀၀ ဟာ အိုမီခရွန်ပိုးကြောင့် ဖြစ်ရတယ်လို့ ဝန်ကြီးချုပ်ဂျွန်ဆင်က ဆိုပါတယ်။
အက်စထရာဇနီကာ (သို့) အောက်စဖို့ဆေးထုတ်ပေးတဲ့တိုင်းပြည်လည်း ကိုဗစ်ရန်ကနေ မကယ်တင်နိုင်ကြသေးပါဘူး။ သတိထားနေကြပါ အမျိုးတို့ရေ။
Francis Zin