ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ၁၀ ဦးရဲ့ ငွေများဖြင့် ကမ္ဘာပေါ်ရှိ လူအားလုံးကို ကိုဗစ်ကာကွယ်ဆေး ဝယ်ပေးနိုင်

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ၁၀ ဦး၏ ပိုင်ဆိုင်မှုစုစုပေါင်းသည် ကိုဗစ် ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း ဒေါ်လာ ၅၄၀ ဘီလီယံအထိ တိုးမြင့်လာခဲ့ပြီး ယင်းငွေများသည် ကမ္ဘာပေါ်ရှိ လူတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူနိုင်လောက်သည့် ပမာဏဖြစ်ကြောင်း ပရဟိတအဖွဲ့ Oxfam က ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုစုစုပေါင်းသည် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၂၀ (ဂျီ-၂၀) နိုင်ငံများရှိ အစိုးရ၏ ကူးစက်ရောဂါမှ စီးပွားရေးပြန်နာလန်ထရေးသုံးစွဲမှုပမာဏနှင့် ညီမျှနေကြောင်း ပရဟိတအဖွဲ့၏အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ယင်းကြောင့် ခေတ်သစ်ဇောတိကများအပေါ် အခွန်တိုးမြှင့်ကောက်ခံရေး စဉ်းစားပေးရန် Oxfam က အစိုးရများအား တိုက်တွန်းခဲ့ပါတယ်။

ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း လူချမ်းသာများ ပိုမိုချမ်းသာလာခဲ့သော်လည်း ကူးစက်ရောဂါအရေးပေါ်တိုက်ဖျက်ရေးတွင်လည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များသည် ထည့်ဝင်မှုများကို ပြုလုပ်ခဲ့ကြပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အွန်လိုင်းညီလာခံသို့ ကမ္ဘာ့ခေါင်းဆောင်များ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ရန် စီစဉ်နေချိန်တွင် Oxfam က တန်းတူမညီမျှမှု ဗိုင်းရပ်စ် အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ဘီလျံနာများ၏ကြွယ်ဝချမ်းသာမှုပမာဏသည် ဒေါ်လာ ၃ ဒသမ ၉ ထရီလီယံအထိ တိုးမြှင့်လာခဲ့ပြီး ယခုအခုအချိန်တွင် ဒေါ်လာ ၁၁ ဒသမ ၉၅ ထရီလီယံအထိ ရှိနေပြီဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်မှ စ၍ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၅၄၀ ဘီလီယံအထိ တိုးမြင့်လာခဲ့သူ ၁၀ ဦးတွင် အမေဇုန်တည်ထောင်သူ ဂျက်ဘဲဇော့စ်၊ တဲစ်လာတည်ထောင်သူ အဲလွန် မာ့စ်နှင့် ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ် ဇူကာဘတ်တို့ပါဝင်နေပါတယ်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာရောက်ရှိချိန်တွင် ဘဲဇော့စ်၏ ပိုင်ဆိုင်မှုသည် အင်မတန်ကြီးမားလာသောကြောင့် အမေဇုန်ဝန်ထမ်း ၈၇၆၀၀၀ တို့အား တစ်ဦးလျှင် ဆုကြေး ဒေါ်လာ ၁၀၅၀၀၀ ပေးအပ်လျှင်ပင် ၎င်းသည် ကူးစက်ရောဂါမဖြစ်မီကရှိခဲ့သည့် ကြွယ်ဝမှုအတိုင်းဆက်ရှိနေဦးမည်ဖြစ်ကြောင်း လေ့လာမှုအရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page