ပေါချောင်အောင် ဆယ်တန်းအောင်သူများတက်ရန် ရောသုတ် တက္ကသိုလ်တခု စကစ တည်ဆောက်နေ

မြန်မာနိုင်ငံရဲ့ အစိုးရရုံးတွေတည်ရှိတဲ့ နေပြည်တော်မှာ ဘက်စုံတက္ကသိုလ်တခု တည်ဆောက်နေတယ်လို့ သတင်း ရရှိပါတယ်။ အဆိုပါတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းခွင်ကို စကစဥက္ကဋ္ဌ မင်းအောင်လှိုင် က ဇူလိုင်လ(၁) ရက်က သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော် ပြည်နယ် အကယ်ဒမီ (Naypyitaw State Academy – NSA) လို့အမည်ပေးထားတဲ့ အဆိုပါ တက္ကသိုလ်ဟာ နေပြည်တော်က ဌာနဆိုင်ရာဝန်ထမ်းသားသမီးတွေ အဆင့်မြင့်ပညာ သင်ကြားစေနိုင်ဖို့အတွက် တည်ဆောက်တာဖြစ်တယ်လို့ သိရပါတယ်။

အခုတက္ကသိုလ်နေရာဟာ အရင်က အားကစားတက္ကသိုလ် အဖြစ် တည်ဆောက်ခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အားကစားတက္ကသိုလ် မဖွင့်နိုင်ခဲ့တဲ့အတွက် ယင်းကိုအခြေခံပြီး တက္ကသိုလ်အဂ်ါရပ်နဲ့ ပြည့်စုံအောင် အဆောက်အဦးတွေကို တည်ဆောက်ခဲ့တာလို့ သိရပါတယ်။

နေပြည်တော် ပြည်နယ် အကယ်ဒမီ တက္ကသိုလ် (NSA) မှာ အခုနှစ်ပညာသင်နှစ်က စကာ တတိယနှစ် နဲ့ စတုတ္ထနှစ် Day ကျောင်းသားတွေကို လက်ခံသင်ကြားပေ;မှာဖြစ်ပြီး ပညာသင်နှစ်အလိုက် ဆင့်ကဲဆင့်ကဲ စနစ်နဲ့ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသားတွေကို ဆက်လက်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

NSA မှာ ရွေးချယ်ထားတဲ့ ဝိဇ္ဇာဘာသာရပ်တွေ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစား နှင့်ဆေးပညာရပ်တွေ ကိုသင်ကြား ပေးသွားမယ်လို့သိရပါတယ်။ NSA ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ ၂၀၂၂ ဧပြီလ က စတင်အကောင်အထည်ဖေါ်ခဲ့တာဖြစ်ပြီး ၂၀၂၄ ဧပြီလ လောက်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။

နေပြည်တော် ဝန်းကျင် မှာ အဆင့်မြင့်ပညာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ သစ်တော စတဲ့ တက္ကသိုလ်တွေ ဖွင့်လှစ်ထားပါတယ်။ ပုံမှန်ဖွင့်နေတဲ့ တက္ကသိုလ်တွေမှာတောင် ကျောင်းတက်သူ ၁၀ ရာခိုင်နှုန်းခန့်ပဲ ရှိတဲ့ အချိန်မှာ နေပြည်တော်မှာ ပိုက်ဆံ အကုန်အကျခံပြီး ရောသုတ်တက္ကသိုလ် တည်ဆောက်နေတဲ့ စကစရဲ့ အရှေ့ကို ကြိုတွေးတဲ့ မျှော်မှန်းနိုင်စွမ်းကတော့ ပါးစပ်အဟောင်းသား ဖြစ်လောက် စရာပါပဲ။

ပြိုလဲသွားပြီ ဖြစ်တဲ့ မြန်မာ့ပညာရေးစနစ်ကို ဘယ်လိုမှ ပြန်လည်တည့်မတ်လာအောင် မလုပ်နိုင်တဲ့ အဆုံး ထင်ရာမြင်ရာတွေ လျှောက်လုပ်ခိုင်းနေတာကို ကပ်မြှောင်ဖားတွေက အကောင်အထည် ဖော်ပေးနေရတဲ့ အဖြစ်ကို ကြည့်ရင်း မြန်မာ့ ပညာရေး အနာဂတ်အတွက် ရင်လေးမိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page