မန္တလေးမြို့က နာမည်ကြီးဟိုတယ်တစ်ခုမှာ ခြောက်တဲ့ ဂျပန်စစ်သားသရဲ (ဖြစ်ရပ်မှန်)
မန္တလေးမြို့က နာမည်ကြီး ဟိုတယ်ကြီးတစ်ခုမှာ အလုပ်လုပ်ခဲ့တုန်းက ကိုယ်တိုင်မကြုံခဲ့ရပေမယ့် ကြုံခဲ့ရတဲ့ စီနီယာတွေ ပြောပြတာလေးကို ပြန်လည် ဖောက်သည်ချပါ့မယ်။ ဟိုတယ်နာမည်ကိုတော့ ထည့်မရေးတော့ပါဘူး မန္တလေးမှာ ဟိုးတုန်း ကတည်းကရှိခဲ့တဲ့ အထပ်မြင့်ဟိုတယ်ကြီးပါ…
ထိုဟိုတယ်ရဲ့မြေနေရာက စစ်သင်းချိုင်းဟောင်းပါ။ အင်္ဂလိပ်စစ်သားတွေမြှုပ်နှံခဲ့သလို ဂျပန်စစ်သားတွေကိုလဲ မြှုပ်နှံခဲ့ တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဟိုတယ်ကြီးရဲ့ မြေဧရိယာက ကျယ်ဝန်းလှပြီး အရိပ်ရအပင်ကြီးတွေ များစွာပေါက်နေတဲ့ အတွက် မန္တလေးလိုပူပြင်းလှတဲ့ ဒေသမှာတောင် ဟိုတယ်ထဲမှာ အေးမြစေပါတယ်။ အဲ… ညဘက်ရောက်ရင်တော့ တွေးကြောက်မယ်ဆို ကြောက်စရာပေါ့။
ဧည့်သည်များတဲ့ တိုးရာသီမှာတော့ ဧည့်သည်လဲများ ဝန်ထမ်းလဲများ လူတွေအများကြီးရှိတဲ့အတွက် ဟိုတယ်ကြီးမှာ ထူးခြားမှုတွေ သိပ်မတွေ့ရပါဘူး။ လူတွေအများကြီးရှိနေလို့ သူတို့အတွက် အခွင့်မသာတာလား လူတွေကပဲ သတိမထား မိတာလားတော့မသိပါဘူး။ ဟိုတယ်မှာ နိုက်ကလပ်ရှိပြီး တစ်ခြားသောဟိုတယ်တွေလို မြေအောက်ခန်းမှာ ရှိတာ မဟုတ် ပါဘူး။ သီးခြားအဆောက်အဦးနဲ့ ကလပ်ကိုဖွင့်ထားပါတယ်။ ဟိုတုန်းကတော့ နိုက်ကလပ်ကို ညတိုင်းဖွင့်ခွင့်မပေးပါဘူး။ နိုက်ကလပ်ဖွင့်ဖို့အတွက် သက်ဆိုင်ရာကိုစာအဆင့်ဆင့်တင်ပြီးမှ တစ်ပါတ်ကို တစ်ရက်ပဲဖွင့်ခွင့်ရပါတယ်။
တစ်ရက်မှာ တော့ ကလပ်ဖွင့်မည့်ရက်ဖြစ်တာကြောင့် House Keeping ဝန်ထမ်း မိန်းကလေး ၂ ယောက်က နိုက်ကလပ် ကို သန့်ရှင်းရေးလုပ်နေပါတယ်.. နေ့ခင်းပိုင်းလား ညနေစောင်းလားတော့ ကျွန်တော်လဲမမှတ်မိတော့ပါဘူး။ ထိုအချိန်မှာ တစ်ယောက်က သန့်ရှင်းရေးပစ္စည်း ကျန်ခဲ့လို့သွားယူပါတယ်။ တစ်ယောက်တည်းကျန်ခဲ့တဲ့ ကောင်မလေးကလဲ အေးအေးဆေးဆေး တံမြက်စည်းလှည်းနေပါတယ်။
နိုက်ကလပ်ရဲ့အလယ်မှာ Dancing Floor ရှိပါတယ်.. ကောင်မလေးက Dancing Floor ကိုကျောပေးပြီး ဘားကောင်တာ ကို သန့်ရှင်းရေးလုပ်နေတုန်းမှာပဲ Dancing Floor ဘက်ကနေ ဖိနပ်ခွာသံကြားပါတယ်.. ဒေါက် ဂွက် ဒေါက် ဂွက် နဲ့ အသံကြားတော့ သူငယ်ချင်းပြန်လာတယ်ထင်ပြီး လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့… ဂျပန်စစ်ဝတ်စုံ.. ကင်ဒိုဓါးကို ခါးမှာချိတ်ပြီး ခေါင်းမပါတဲ့ ခန္ဓာကိုယ်ကြီးက Dancing Floor ကို လမ်းပါတ်လျှောက်နေတာပါ.. ထိုကောင်မလေးလဲ ငယ်သံပါအောင် အော်ပြီး မေ့မြောသွားတဲ့အတွက် ဆေးရုံပို့လိုက်ရပါတယ်.. နောက်နေ့မှာတော့ အလုပ်ကထွက်သွားပါ တော့တယ်..
ထိုဟိုတယ်မှာ လုံခြုံရေးအလုပ်ကိုဝင်လုပ်တော့မယ်ဆိုရင် တော်တော်ကို သတ္တိရှိမှရပါတယ်.. လုံခြုံရေးဝန်ထမ်းတွေဟာ ညဘက်မှာ ဟိုတယ်တစ်ခုလုံးကို လမ်းပါတ်လျှောက်ပြီး စစ်ဆေးရပါတယ်.. ၂ ယောက်တွဲသွားကြပေမယ့် တစ်ခါတစ်ရံ တစ်ယောက်တည်းသွားရပါတယ်… ဟိုတယ် ၈ ထပ်လုံးကို တစ်ထပ်ချင်းစီစစ်ဆေးရတဲ့အပြင် ဟိုတယ် Compound တစ်ခုလုံးကိုပါ လှည့်လည်စစ်ဆေးရပါတယ်။
တစ်ရက်မှာတော့ လုံခြုံရေးတစ်ယောက်က တစ်ဦးတည်း ညဘက် လှည့်လည် စစ်ဆေးပါတယ်။ အချိန်ကတော့ ၁ နာရီ လောက်ပေါ့။ သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေတဲ့ နေရာကိုရောက်တော့ အသက်ကြီးကြီး အနောက်တိုင်းသူတစ်ယောက်က ခပ်လှမ်းလှမ်းသစ်ပင်ခြေရင်းကနေ သူ့ကိုလက်ယက်ပြီး လှမ်းခေါ်တယ်.. သူကလဲ စိတ်ထဲမှာ ဟိုတယ်မှာ တည်းတဲ့ ဧည့်သည် ဘာများဖြစ်လို့လဲ မသိဘူးဆိုပြီး အပြေးလွှားသွားရင်း အနားရောက်တဲ့အခါမှာတော့ ပျောက်ခြင်းမလှ ပျောက်သွား ပါတော့တယ်..
သူလဲစဉ်းစားလို့မရပဲ သစ်ပင်နောက်မှာများလားဆိုပြီး သစ်ပင်ကြိးကို တစ်ပတ်ပါတ်ကြည့်ပေမယ့် ဘာမှမတွေ့ရပါဘူး… အဲ့ဒီအချိန်မှာပဲ အပင်ပေါ်ကနေ ရီသံကြားလို့ကြည့်လိုက်တော့ ဟိုးအပေါ်က သစ်ကိုင်းမှာ ခြေတွဲလဲ ထိုင်ရင်း သူ့ကို ရီပြပြီး လက်ယက်ခေါ်နေပါတော့တယ်… သူလဲ ငယ်သံပါအောင်အော်ရင်း သူတို့ လုံခြုံရေးရုံးခန်းကိုပြေးပါတော့တယ်… သူလဲ နောက်တစ်နေ့ အလုပ်ထွက်သွားပါတော့တယ်… နောက်ထပ်ရှိပါသေးတယ်… ထပ်တင်ပေးပါ့မယ်.. အရေးအသား မကောင်းတာတော့ ခွင့်လွှတ်ကြပါ။