ကမ္ဘာကသိအောင် မျက်နှာပျက်ခဲ့ရတဲ့ ဂျပန်နိုင်ငံရဲ့ တရားစီရင်ရေး (သို့) ကမ္ဘာကျော် မတရားမှုကြီး

တရားစီရင်မှုဆိုတာ…

အရက်သောက်နေတဲ့ မိန်းမတွေရဲ့ မျက်နှာတွေ ပြာနှမ်းလာတယ်…။ ရုတ်တရက် ဟုမိခို က “ ဗိုက်နာတယ်.. မူးတယ်…အား..! ကယ်ကြပါ…” ဟုမိခို လဲကျသွားတယ်..။ ပြီးတော့ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်တယ်…။

“ဝေါ့..အား ! ကယ်ပါ..” မိန်းမတွေဟာ သူတို့ထိုင်နေတဲ့နေရာမှာတင် ထိုးအန်လိုက်ကြပြီး သတိလစ် လဲကျ ကုန်တယ်…။ မိန်းမတွေကို ရွာထဲက ဆရာဝန်နဲ့ သူနာပြုတွေက အမြန်ဆုံး ရောက်လာပြီး အသက်ကယ်ဖို့ ကြိုးစားကြတယ်..။ မိန်းမ ၁၂ ယောက်ကိုတော့ သူတို့ ကယ်လိုက်နိုင်ကြတယ်..။ ၅ ယောက်ကတော့ သေသွားပြီ..။

သူတို့တတွေ အရက်ထဲ အဆိပ်ခတ်ခံရတာတဲ့…။ သူတို့က ဂျပန် အမျိုးသမီးတွေပေါ့ ..။ အဲဒီနေ့က Kuzuo ရွာနဲ့ အိမ်နီးချင်းရွာတွေ အစည်းအဝေးလုပ်တဲ့နေ့..။ အဲဒီနေ့က သူတို့ တစ်ရွာနဲ့ တစ်ရွာချစ်ကြည်ရေးအသင်းရဲ့ အဖွဲ့ခေါင်းဆောင် အသစ် ထပ်ရွေးတယ်..။ ပြီးတော့ အစည်းအဝေးအောင်မြင်တဲ့ အထိမ်းအမှတ်နဲ့ အရက်စသောက်ကြရင်း ဒီလိုကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးကြီးဖြစ်ခဲ့တာပေါ့…။

Kuzuo ရွာကလူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သိပ်ရင်းနှီးပြီး တစ်ယောက်အကြောင်းတစ်ယောက် သိပ်စိတ်ဝင်စားကြတဲ့ မိသားစုလိုနေကြတဲ့ ရွာငယ်လေးပေါ့…။ ဒီပြဿနာက Kuzuo ရွာတစ်ရွာလုံးကို တုန်လှုပ် ချောက်ချားစေတယ်။ အဲဒီခေတ် ရွာကလူတွေဟာ သူတို့ရွာကို သူတို့ သိပ်ဂုဏ်ယူကြတယ်..။ တစ်ခုခုဖြစ်ပြီဆို ရွာနာမည်မပျက်ဖို့ အဓိကထားကြတဲ့ခေတ်ပေါ့..။ လူသေတာထက် သူတို့ရွာကို ဝိုင်းပယ်ကြမှာ၊ အိမ်နီးချင်းရွာတွေနဲ့ ကုန်ပစ္စည်း အရောင်းအဝယ် မဖြစ်မှာ သိပ်စိုးရိမ်ကြတာမျိုး..။

ဒီသတင်းဟာ ဂျပန်ပြည်က အစိုးရအဖွဲ့နဲ့ ပြည်သူတွေကို အုတ်အော်သောင်းတင်း ဖြစ်စေတယ်..။ ထောက်လှမ်းရေးဘက်ကို တရားစီရင်ရေးအဖွဲ့က ဖိအားပေးတော့တယ်..။

ဂျပန်နိုင်ငံလည်း တောင်ကိုရီးယားလိုပဲ အမှုတစ်ခုဖြစ်ရင် သက်သေရှာ အမှုစုံစမ်းရတာ ရဲတွေရဲ့တာဝန်၊ နောက်တစ်ဆင့် ရဲတွေက ထောက်လှမ်းရေးတွေဆီ တင်ပြရတယ်..။ ထောက်လှမ်းရေးက အမှုကို ထပ်စစ်ပြီး တရားသူကြီးဆီ တင်တာပေါ့…။ ဒီလိုပြဿနာအကြီးကြီးဖြစ်လာရင် အစိုးရအဖွဲ့က ထောက်လှမ်းရေးကို ဖိအားပေး..။ ထောက်လှမ်းရေးက ရဲတွေကို ဖိအားပေးပြန်တယ်…။

Kuzuo ရွာထဲကို ရဲတွေရောက်လာပြီး ရွာသားတွေကို စစ်ဆေးတော့တယ်..။

အခင်း ဖြစ်တဲ့နေ့က ၁၉၆၁ ခုနှစ်မတ်လ ၂၈ ရက်နေ့.. အဲဒီနေ့က အစည်းအဝေးပြီးတော့ ရွာဓလေ့ထုံးစံအရ အမျိုးသားတွေက ဆန်နဲ့ လုပ်ထားတဲ့ ဆာကေး (Sake) အရက်ကိုသောက်ရတယ်။ မိန်းကလေးတွေကတော့ စပျစ်သီးနဲ့ လုပ်ထားတဲ့ ဝိုင်အဖြူကို သောက်ကြရတယ်။ “ အစည်းအဝေးတက်ကြတဲ့ မိန်းကလေးအယောက်နှစ်ဆယ်ထဲက ဝိုင်သောက်တဲ့သူက ၁၇ ယောက် .. အားလုံးထိုးအန်ကြတာရှင့်…။ ဝိုင်မသောက်တဲ့ ၃ ယောက်ကတော့ ဘာမှ မဖြစ်ဘူး..”

ရဲတွေဟာ လက်ကျန် ပုလင်းကြီးထဲကဝိုင်တွေနဲ့ သောက်လက်စ ဝိုင်ခွက်ထဲက အကျန်တွေကိုသိမ်းဆည်းပြီး ဓာတ်ခွဲခန်းပို့လိုက်ကြတယ်။ ဝိုင်ထဲမှာ လယ်ယာစိုက်ပျိုးရေးမှာသုံးရတဲ့ ပိုးသတ်ဆေး (pesticide) တွေရောနှောနေတာ တွေ့ရတယ်…။

Kuzuo ရွာဟာ မြို့နဲ့ ဝေးလံခေါင်ဖျားတဲ့နေရာက တောင်တန်းတွေကြားက ကျေးရွာတစ်ရွာဖြစ်တယ်..။ အဲဒီ ပိုးသတ်ဆေးတွေကို ဝယ်မယ်ဆိုရင် တကူးတက မြို့တက်ပြီး ဝယ်မှရတာမို့ အာဏာပိုင်တွေက ဒါဟာ တမင်ရည်ရွယ်တဲ့ အမှုလို့ တစ်ရွာလုံးကို စွပ်စွဲလိုက်တော့တယ်..။ ဒါကြောင့် Kuzuo ရွာကလူတွေ ပိုပြီး ဆတ်ဆတ်ထိမခံ ဖြစ်သွားကြတာပေါ့..။

အဲဒီဝိုင်နဲ့ အရက်တွေကို ဒေသခံရွာအကြီးအကဲအိမ်ကနေ အစည်းအဝေးခန်းမကို သယ်သွားဖို့ တာဝန်ကျခဲ့တဲ့ ယောကျ်ား၃ ယောက်ရှိတယ်..။ သူတို့သယ်လာပြီး အစည်းအဝေးခန်းမရောက် တော့ ၅ နာရီ ၂၀ …။ လူတွေ စ ရောက်လာတော့ ၅ နာရီ ၃၀ မိနစ်..။ အဲဒီ ၁၀ မိနစ်မှာ တစ်စုံတစ်ယောက်က အရက်ထဲ ပိုးသတ်ဆေးတွေထည့်လိုက်တာပေါ့..။ အရက်သယ်ဖို့ တာဝန်ယူသူ ၃ ယောက်ကို ရဲတွေကခေါ်စစ်တော့တယ်…။

သူတို့ ၃ ယောက်အထဲက လယ်သမား မာဆရု အိုခုနိရှိ (Masaru Okunishi) ကို တရားခံပါလို့ ရွာကလူတစ်ယောက် နှစ်ယောက်က စပြီးစွပ်စွဲကြတော့တာပဲ..။ အဲဒီပြဿနာမဖြစ်ခင်ကတည်းက အိုခုနိရှိ က မိန်းမရှိလျက်သားနဲ့ အခြားမိန်းမနဲ့ရှုပ်တယ်လို့ တီးတိုးသတင်းထွက်နေသူမို့ ရွာမှာ သူ့ကိုသိပ်ကြည့်မရတဲ့သူတွေ ရှိနေတယ်..။

နောက်တစ်နေ့မှာပဲ ရွာထဲကလူတွေက လယ်သမားအိုခုနိရှိဟာ လူသတ်သမားပါဆိုပြီး တစ်ရွာလုံး အတိအကျ ဒေါသတကြီး ပြောကြတော့တာပဲ..။ ဒီဝိုင်ပုလင်းကို စဖွင့်တဲ့သူကလည်း အိုခုနိရှိ မဟုတ်ဘူး..။ အသစ်ရွေးခံရတဲ့ ချစ်ကြည်ရေးအသင်းရဲ့ အဖွဲ့ခေါင်းဆောင် ..။ အိုခုနိရှိက ဆာကေး အရက် ပုလင်းကိုဖွင့်တာဖြစ်တယ်..။ အိုခုနိရှိ က အဆိပ်ထည့်တယ်ဆိုတာ ဘာမှ သက်သေမရှိ.. ရွာသားတွေရဲ့ သံသယနဲ့ အတင်းစကား၊ ကောလာဟလတွေဟာ ကြောက်စရာကောင်းလောက်အောင် ပျံ့နှံ့ကုန်တယ်..။

ရဲတွေဟာ ရွာသားတွေရဲ့ စွပ်စွဲချက်၊ အထက်က ထောက်လှမ်းရေးတွေရဲ့ ဖိအားကြောင့် အိုခုနိရှိ ကို ၃ ရက် လုံးလုံး ပြင်းပြင်းထန်ထန် နှိပ်စက် စစ်ဆေးမေးမြန်းတော့တယ်..။ အိုခုနိရှိဟာ နှိပ်စက်တဲ့ ဒဏ်ကို ဆက်မခံနိုင်တော့ဘူး..။

၁၉၆၁ ဧပြီ ၂ ရက်.. အိုခုနိရှိ ကိုအချုပ်ချလိုက်တယ်…။

“သေသွားတဲ့သူတွေထဲမှာ ကျွန်တော့်မိန်းမရော… ကျွန်တော့် ရည်းစားရော နှစ်ယောက်လုံးပါတယ်…။ မိန်းမ နှစ်ယောက်ကြား ဗျာများပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ… အရက်ထဲ အဆိပ်ခတ်သတ်ရင်းနဲ့ တခြား မဆိုင်တဲ့မိန်းမတွေပါ အဆိပ်မိကုန်ပါတယ်။”

မာဆရု အိုခုနိရှိ (Masaru Okunishi) ဆိုသူက အဲဒီလို ဝန်ခံလိုက်ပြီလို့ သတင်းတွေထဲပါလာတယ်..။ အဲဒီ အမှုဟာ အဲဒီလို လျင်လျင်မြန်မြန် အဆုံးသတ်သွားတယ်..။ အိုခုနိရှိ မိန်းမလည်းသေ..။ အိုခုနိရှိ ကလေးတွေဆို အမေကသေ၊ အဖေက ထောင်ကျ..။ အဘိုးအဘွား၊ ဆွေမျိုးတွေကို ရွာထဲကလူတွေက ဝိုင်းရိုက်…။ ဘဝတွေပျက်တော့တာပဲ..။

ထောက်လှမ်းရေးဆီ ရဲတွေကပို့လိုက်တဲ့ အစီရင်ခံစာ ရောက်လာတယ်..။ အိုခုနိရှိက ကိုယ့်အသိစိတ်နဲ့ကိုယ်တိုင် လာပြီး ဝန်ခံတာတဲ့…။ သက်သေကရော..? သက်သေကတော့ ရေရေရာရာ သိပ်မရှိဘူးတဲ့။

ထူးခြားတာက ရွာသားတွေဟာ လိုတာထက်ပိုပြီး ဒေါသကြီးနေကြတယ်..။ အိုခုနိရှိကို သေဒဏ်ပေးဖို့ တောင်းဆိုကြပါလေရော…။ တကယ့်လူသတ်သမားက ရွာသားတွေကို ဆူအောင်လုပ်တာလည်း ပါမှာပေါ့..။

ဒါပေမဲ့ သူတို့ အိုခုနိရှိကို ဒီရာဇ၀တ်မှုနဲ့ ဆက်စပ်တယ်လို့ ပြောရအောင် ရုပ်၀တ္ထု သက်သေအထောက်အထား ဒါမှမဟုတ်မျက်မြင်သက်သေ တစ်ခုဆိုတစ်ခုမှမရှိ..။ အတင်းကနေ ကောလာဟလ… ကောလာ ဟလကနေ သတင်းဖြစ်လာတဲ့ လုပ်ကြံ ဇာတ်လမ်းသက်သက်…။

အခင်းဖြစ်ပွားတဲ့နေ့က ဝိုင် အဆို့မှာ သွားနဲ့ကိုက် ထုတ်ထားတဲ့ သွားရာတစ်ရာတော့ ရှိတယ်..။ အဲဒီတုန်းက DNA test လည်းမပေါ်သေးတော့ ဘယ်သူ့ သွားရာဆိုတာ သေချာမသိနိုင်..။

အိုခုနိရှိဟာ တရားရုံးမှာ “ ကျွန်တော် လူမသတ်ပါဘူး..။ မတရားမလုပ်ကြပါနဲ့ ခင်ဗျာ.. ကြောက်လို့ ဝန်ခံလိုက်တာပါ” လို့ ငိုယိုတောင်းပန်နေရှာတယ်…။ ရွာသားတွေကလည်း ဒေါသတကြီး စွပ်စွဲကြပေါ့..။

အိုခုနိရှိ ဟာ အခင်းဖြစ်ပွားတဲ့နေ့ မတိုင်ခင် ၆ လလောက်တုန်းက မြို့တက်ပြီးတော့ ပိုးသတ်ဆေးဝယ်တယ်….။ အဲဒီပိုးသတ်ဆေးနဲ့ဝိုင်ထဲကပိုးသတ်ဆေးနဲ့တူတူပဲဆိုပြီးတော့ သက်သေပြတယ်။ ဒါပေမဲ့ အိုခုနိရှိက အဆိပ်ခတ်တယ်ဆိုတာ သက်သေအထောက်အထားမရှိတာကြောင့် အိုခုနိရှိဘက်က ရှေ့နေနိုင်တယ်…။ ဝိုင်ပုလင်းဆို့ပေါ်က သွားရာကို ပညာရှင် ၆ ယောက်ကိုဆုံးဖြတ်ခိုင်းတာ အိုခုနိရှိရဲ့သွားရာလို့ ထောက်ခံ သူက ၃ ယောက်…။ အိုခုနိရှိရဲ့သွားရာ မဟုတ်ဘူးလို့ငြင်းသူက ၃ ယောက်…။

၁၉၆၄ ခုနှစ် ဒီဇင်ဘာလ…။ ပထမဦးဆုံး တရားရုံးက “အပြစ်မရှိ တရားသေ” လို့ ဆုံးဖြတ်လိုက်တယ်…။ အိုခုနိရှိ ပျော်နေခဲ့သေးတယ်…။ ဒီလို အဖြေကိုရဖို့ အိုခုနိရှိရှေ့နေကြီးက ကြိုးစားရတာ ၄ နှစ်နီးပါး..။

ရွာသားတွေက လူသတ်ကောင်ရှာမတွေ့ရင် ရဲတွေ ရွာထဲကိုထပ်လာ၊ ဇာတ်လမ်းရှည်ပြီး ရွာနာမည်ပျက်မှာ ကြောက်တယ်..။ ရဲတွေက အိုခုနိရှိကို နှိပ်စက်ပြီး အတင်းအကျပ် ဝန်ခံခိုင်းတာကို ပြဿနာတက်မှာကြောက်တယ်..။ ထောက်လှမ်းရေးဘက်ကလည်း ဒါ ရဲတွေ နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းခဲ့တာ ရိပ်မိနေပြီ..။ ဒါပေမဲ့ စပြီးသား အလုပ်မို့ သူတို့ရဲ့ အမှားကို ဂျပန်ပြည်သူတွေ ရှေ့မှာ ဝန်မခံချင်..။ ဒါကြောင့် အိုခုနိရှိ တရားခံမဟုတ်ရင် တရားခံဘယ်သူလဲဆိုတာ သူတို့အားလုံး မတွေးချင်ကြ…။ သူတို့အားလုံးဟာ အိုခုနိရှိ ကိုသာတရားခံလို့ အတည်ပြုဖို့ ကြိုးစားကြတော့တာပဲ..။

ထောက်လှမ်းရေးတွေက သက်သေထပ်ရှာပြီးတော့ အမှုထပ်ဖွင့်တယ်။

အိုခုနိရှိ ထောင်ထဲကနေ အမှုကို ဆက်ပြီးရင်ဆိုင်ရတယ်..။ အဲဒီလို အိုခုနိရှိ ထောင်ထဲနေရတဲ့ အချိန် ကျန်ခဲ့တဲ့မိသားစုက ရွာမှာ အနှိမ်ခံ၊ အပယ်ခံရတာ.. ရစရာကိုမရှိ…။ နောက်ဆုံး ရိုက်နှက်ပြီး အိုခုနိရှိ မိသားစု ဆွေမျိုးတွေအကုန်လုံးကို ရွာထဲက မောင်းထုတ်လိုက်ကြတယ်..။

Nabari မြို့မှာ အထက်တန်းကျောင်းသွားတက်နေတဲ့ သူ့သားလည်း လူသတ်သမားရဲ့သားဆိုပြီး ကျောင်းမှာ အရိုက်ခံရ၊ ကျောင်းအထုတ်ခံရ…။

“မတရားဘူး.. သူတို့ ကျွန်တော့် ကလေးတွေနဲ့ ကျွန်တော့်ကို ခွဲပစ်လိုက်ကြတာ “ အိုခုနိရှိဟာ ရွာသားတွေကို အလွန်စိတ်နာသွားတယ်..။

“ကျွန်တော့် ကလေးတွေအတွက် ကျွန်တော် လုပ်ပေးနိုင်တာ တစ်ခုတည်းရှိတယ်.. ကျွန်တော် အပြစ်မရှိတာ သက်သေပြဖို့ပဲ…။ ရွာသားတွေရဲ့ မတရားမှု၊ ဂျပန်နိုင်ငံရဲ့ မတရားမှုကို တစ်နေ့နေ့ တစ်ကမ္ဘာလုံးက သိစေရမယ်ဆိုတာပဲ..”

အမှုက နောက်ထပ် ၄ နှစ်ကြာသွားတယ်..။၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ.. သက်သေ အသစ်ဆို ဘာမှမရှိ…။ ပထမ တရားရုံးတုန်းက အိုခုနိရှိရဲ့သွားရာလို့ ထောက်ခံသူ ၃ ယောက်ထဲက တစ်ယောက်က ဂျပန်နိုင်ငံက နာမည်ကြီး ပါမောက္ခဖြစ်တယ်..။ သူတင်ပြတာ ဖြစ်နိုင်ချေ ရှိတယ်ဆိုပြီး တရားသူကြီးက ထောက်လှမ်းရေးဘက်က အနိုင်ပေးလိုက်တယ်…။

၁၉၆၉ ခုနှစ်.. နောက်ထပ် တရားခွင်မှာ လယ်သမား အိုခုနိရှိ “ သေဒဏ်”….။ အိုခုနိရှိ အသက် ၃၅ နှစ်..။ ဂျပန်နိုင်ငံရဲ့ အလွန် ဝေးလံခေါင်သီသောတောင်တန်းတွေကြားက အရပ်မြင့်မြင့် ရုပ်ချောချော … Kuzuo ရွာသားလေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်ပေါ့..။

အိုခုနိရှိဟာ Nabari ဘူတာရုံမှာ ၁၉၄၂ ကစပြီး အလုပ်လုပ်ခဲ့တယ် …..။ ၁၉၄၄ မှ ၁၉၄၅ ဒုတိယကမ္ဘာစစ်အတွင်း မှာတော့ စစ်သားဝင်လုပ်ခဲ့သေးတယ်…။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်မှာ Chieko ဆိုတဲ့ Nabari ဘူတာရုံမှာ အလုပ်အတူတူလုပ်တဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက် ၊ သမီးတစ်ယောက် ရခဲ့တယ်..။ အဲဒီနောက်ပိုင်း အိုခုနိရှိဟာ လယ်သမား အလုပ်လုပ်ပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေနေတဲ့ သာမန် အညတရ တစ်ယောက်..။ မိန်းမ ရှိလျက်သားနဲ့ အခြားမိန်းမနဲ့ မရှုပ်မရှင်းဖြစ်နေခဲ့တာတော့ အမှန်ပဲလို့ သူ ဝန်ခံခဲ့တယ်..။

၁၉၇၂ မှာ အိုခုနိရှိ သေဒဏ်ဆိုတာ အမြင့်ဆုံး တရားရုံးက အတည်ပြုလိုက်တယ်..။ အိုခုနိရှိက ၄ ကြိမ်ဆက်တိုက် ထပ်ပြီး အယူခံဆက်ဝင်တယ်…။ တရားရုံးက အမြဲပယ်ချတယ်..။

၁၉၇၃ ခုနှစ်.. အိုခုနိရှိ အဲဒီလို မတရားသဖြင့် အနိုင်ကျင့်တာ ခံနေရတာမို့ Japan Federation of Bar Associations (JFBA) က ‘Nabari Case Committee’ ကိုဖွဲ့စည်းခဲ့တာပေါ့..။ အိုခုနိရှိ ရဲ့ ၅ ကြိမ်မြောက် အယူခံဝင်ဖို့ ကူညီပေးကြတယ်..။ တရားရုံးက ထပ်ပြီးပယ်ချတယ်..။

၁၉၉၇ ခုနှစ်.. Professor Habu က လူတစ်ယောက် ဝိုင်ပုလင်းဆို့ကို ပါးစပ်နဲ့ ၃ ကြိမ် ကိုက်ဖွင့်စေပြီး အဲဒီလို ကိုက်ဖွင့်တဲ့ သွားရာတွေဟာ အခြေအနေ အမျိုးမျိုးကို မူတည်ပြီး မတူညီနိုင်ဘူးဆိုတာ သက်သေပြတယ်..။ ဒါကြောင့် အိုခုနိရှိရဲ့ သွားရာဆိုတဲ့ သက်သေဟာ ခိုင်လုံမှုမရှိလို့ အိုခုနိရှိရဲ့ အမှုကို အယူခံ ထပ်ဝင်တယ်..။ ဒါ ၆ ကြိမ်မြောက်ပေါ့..။ တရားရုံးက ပယ်ချပြန်တယ်..။

၂၀၀၅ ခုနှစ်.. သိပ္ပံပညာတွေ တိုးတက်လာတယ်..။ စမ်းသပ်ချက်တွေအရ အမျိုးသမီးတွေသောက်ခဲ့တဲ့ စပျစ်ဝိုင်ထဲက ပိုးသတ်ဆေးနဲ့ အိုခုနိရှိ ဝယ်ခဲ့တဲ့ ပိုးသတ်ဆေးဟာ လုံးဝမတူဘူးဆိုတဲ့ အဖြေထွက်လာတယ်..။ နောက်တစ်ခုက အိုခုနိရှိ ဝယ်တဲ့ ပိုးသတ်ဆေးက အနီရောင် နဲ့ အဖြူအနှစ်ရောင် နှစ်မျိုးပဲရှိတယ်…။ ဝိုင်အကြည်ထဲကို ထည့်ရင် အသိသာကြီး..။ ဒါကို ပထမတရားရုံးတုန်းက ဘယ်သူမှ သတိမထားမိခဲ့ကြ…။ အိုခုနိရှိက ဝမ်းသာအားရ ၇ ကြိမ်မြောက် အယူခံဝင်ပြန်တယ်..။ ဒီတစ်ခါတော့ ဂျပန် တရားစီရင်ရေးအဖွဲ့က တရားပြန်စီရင်ပေးမယ်လို့ အမိန့်ချလိုက်တယ်..။ အသက် ၈၀ နီးပါး အဘိုးကြီး အိုခုနိရှိ အလွန် ဝမ်းသာသွားတယ်…။

ဒါပေမဲ့ ၂၀၀၆ ခုနှစ်မှာ ထောက်လှမ်းရေးတွေဘက်က အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းဖို့ စာတင်ပြန်တယ်..။ နောက်ဆုံးအချိန်အထိ အမှားကို ဝန်မခံတဲ့သူတွေ..။ သိပ်ကြောက်ဖို့ကောင်းခဲ့တယ်..။

ကျောထောက်နောက်ခံမရှိတဲ့ အမှန်တရားဟာ မာနကြီး ပညာတတ်သူတွေရဲ့ လှည့်ကွက်မှာ အလူးအလဲပေါ့..။

“အမှုပြန်စစ်ဖို့အတွက် ထောင်ထဲကနေ ရွာက အခင်းဖြစ်တဲ့နေရာ သွားရတယ်..။ ရွာထဲကို ဝင်လိုက်တိုင်း ကျွန်တော့်ရဲ့သားနဲ့ သမီးလေးက“ အဖေရေ..”လို့အော်ပြီးတော့ အော်ငိုလိုက်တဲ့အသံကို ကျွန်တော်အမြဲကြားနေမိတယ်ဗျာ..!”

ဒီလိုနဲ့ ၂၀၀၈ ခုနှစ် မေလကိုရောက်လာတယ်..။ “The Center on Wrongful Convictions at Northwestern University School of Law” ဆိုတဲ့ အမေရိကန် U.S. Law School Clinic တရားဝင်အဖွဲ့အစည်းက အိုခုနိရှိ အမှုကို ပြန်လည်စစ်ဆေးဖို့ ကူညီငြင်းခုံပေးတော့ အိုခုနိရှိ အသက် ၈၁ နှစ်ရှိနေပြီ..။

အိုခုနိရှိကို သေဒဏ်ချလိုက်တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ ၀န်ခံချက်တွေနဲ့ မှားယွင်းစွာနားလည်မှုအပေါ် အခြေခံထားတာမို့ အမှုပြန်ဖွင့်ပေးဖို့ ဂျပန်ဗဟိုတရားရုံးချုပ်ကို တောင်းဆိုလိုက်တယ်..။ ဒါကို ဂျပန်ပြည်က စဉ်းစားမယ်ဆိုပြီးပြောဆိုခဲ့တယ်..။

အိုခုနိရှိ တစ်ယောက် အားတက်ရပြန်တယ်…။ အိုခုနိရှိ ရှေ့နေက ကူညီပြီး အမှု ဟိုးအစကနေ အဆုံးအထိ အသစ်ပြန်ရေးပြီး ပြန်လျှောက်တယ်…။

ဒီနေ့အထိ တင်ထားဆဲဖြစ်တယ်..။

၂၀၁၀ မှာ အိုခုနိရှိရဲ့ သားက ရောဂါနဲ့ ကွယ်လွန်ခဲ့တယ်..။ အိုခုနိရှိဟာ မိသားစုနဲ့ အတူပြန်နေဖို့ မျှော်လင့်ထားသမျှ သားက သူ့ကို အရင်ခွဲခွာသွားလေပြီ..။

UN Human Rights Committee က အိုခုနိရှိကို ကူညီခဲ့ကြပေမဲ့ မာနကြီးတဲ့ ဂျပန်နိုင်ငံက ထောက်လှမ်းရေးတွေဟာ ဂျပန်နိုင်ငံ တရားစီရင်ရေးဘက်မှာ ဩဇာညောင်းလွန်းလှတယ်..။

The Asian Human Rights Commission (AHRC) အာရှလူ့အခွင့်အရေးကော်မရှင်ကလည်း အသက် (၈၁) နှစ်ရှိပြီဖြစ်တဲ့ အိုခုနိရှိ နဲ့ပတ်သက်သောသတင်းအချက်အလက်တွေကို စုဆောင်းပြီး အမှုပြန်ဖွင့်ဖို့ ကူညီခဲ့တယ်။

ဘယ်အချိန်၊ ဘယ်နေ့ တံခါးလာခေါက်ပြီး လျှပ်စစ်ခုံပေါ်ထိုင်ရမလဲဆိုတဲ့ အတွေးနဲ့ အိုခုနိရှိဟာ တစ်ယောက်ခန်းထောင်ထဲမှာ ကြောက်လန့်ပြီး နှစ်ပေါင်းများစွာ ..။ နေ့တိုင်းဟာ သူ့ရဲ့ နောက်ဆုံးနေ့ဖြစ်လာနိုင်တယ်လေ…။ ဂျပန်နိုင်ငံမှာ သေဒဏ်ချမှတ်ခံရတဲ့သူတွေဟာ သူတို့ သေရမယ့်အချိန်ကို နာရီပိုင်းလောက်ပဲ ကြိုသိရတာလေ..။

အယူခံလေးဝင်ပြီး မျှော်လင့်ချက်ရှိလာလိုက်… ထောက်လှမ်းရေးဘက်က ပယ်ချလိုက်… ဘဝမှာ ရှင်လိုက်၊ သေလိုက် ဖြစ်ခဲ့ရတာ အကြိမ်ကြီမ်…။ ဒါနဲ့ပဲ ၂၀၁၅ ခုနှစ် အောက်တိုဘာလ၊ အိုခုနိရှိ ဟာ ထောင်ထဲမှာပဲ နမိုးနီးယားနဲ့ သေခဲ့ရတယ်..။ အိုခုနိရှိ အသက် ၈၉ နှစ်အရွယ်..။ မသေခင်အထိ သူပြောခဲ့တဲ့စကားက “ ကျွန်တော် လူမသတ်ပါဘူး..။ မတရားမလုပ်ကြပါနဲ့ ခင်ဗျာ..” တဲ့

အိုခုနိရှိရဲ့ အမှုဟာ ဂျပန် ရာဇ၀တ်မှုတရားစီရင်ရေးစနစ်ရဲ့ တလွဲမာနကိုပြတယ်…။ အိုခုနိရှိ နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံရေး တရားစီရင်မှုဟာ ကမ္ဘာကသိအောင် မျက်နှာပျက်ခဲ့ရတာပေါ့…။ ဒီနေ့အထိ ဂျပန်ပြည်သူတွေ ကြားမှာ အကြီးမားဆုံး အငြင်းပွားစရာ ပဋိပက္ခတစ်ခုအဖြစ်ရှိနေဆဲ..။

ဂျပန်ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၃၃၆ မှာ.. “ အပြစ်ကင်းစင်သည်ဟု ယူဆရခြင်း ဥပဒေသ ” ကိုပြဌာန်းထားပေမဲ့ စာအုပ်ထဲမှာပဲ ရှိခဲ့တယ်..။ အဲဒီ ဥပဒေမှာ “ တရားခံတစ်ဦးသည် မှုခင်းဆိုင်ရာ အချက်အလက်ရှာဖွေတွေ့ရှိမှု၌ အမှားအယွင်းတစ်ခုခုနှင့် ပတ်သက်လျှင် အယူခံဝင်ခွင့်ရှိသည်။” တဲ့..။

လက်တွေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ဩဇာအာဏာရှိပြီး မာနကြီးတဲ့ ထောက်လှမ်းရေးတွေဟာ စကားကို ပြန်ပြင်ပြောဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလောက်..။

ထောင်ထဲမှာ အသက်သေသွားရရှာတဲ့ အိုခုနိရှိ ဟာ အပြစ်မရှိသူတစ်ယောက်ဆိုတာကို သက်သေပြဖို့ အိုခုနိရှိရဲ့ သမီး နဲ့ မြေး မြစ်တွေက ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်..။

ဒီနေ့အထိပေါ့..။

တစ်နေ့နေ့မှာ အမှန်တရားကို ပြသခွင့်ရမယ်လို့ ယုံကြည်မှု အပြည့်နဲ့ပေါ့..။

မရွှေမိုး (ကိုရီးယား)
July 28th,2020.

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page