ဂျပန်ကမ်းလွန်က မြောက်ကိုရီးယား အလောင်းတွေပါတဲ့ သရဲစက်‌လှေတွေ

ဂျပန်ကမ်းလွန်က မြောက်ကိုရီးယား အလောင်းတွေပါတဲ့ သရဲစက်‌လှေတွေ…

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂျပန်နိုင်ငံမြောက်ဘက်ကမ်းခြေမှာ မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ အလောင်းတွေပါတဲ့ ငါးဖမ်းစက်လှေပျက်တွေ ကမ်းလာလာတင်တတ်တယ်။

၂၀၁၇ က မြောက်ကိုရီးယားလှေအစင်း ၁၀၀ ကျော် ကမ်းလာတင်ပြီး အလောင်းက ၃၅ လောင်းပါတယ်။ နောက်နှစ်မှာ ၆၆ စင်း တွေ့တယ်။ သူရဲလှေ/တစ္ဆေသင်္ဘောလို့ ခေါ်ကြတဲ့ ဒီငါးဖမ်းလှေပျက်တွေ ဘာလို့လာတင်လဲ ဘယ်သူမှသေချာ မသိကြ။ ရာသီဥတုကြောင့်၊ ဟောင်းနေတဲ့စက်လှေတွေကြောင့်လို့ ထင်ကြေးပေးကြနဲ့။

မကြာခင်ကတော့ Global Fishing Watch ဆိုတဲပ iNGO တစ်ဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်တယ်။ ၂၀၁၇ နဲ့ ၂၀၁၈ အတွင်း အရှေ့မြောက်အာရှရဲ့ရေကြောင်းလမ်းတွေကို ဂြိုဟ်တုနည်းပညာသုံး ဆန်းစစ်လေ့လာပြီးထုတ်ပြန်တာ။ အခုလိုဖြစ်တာ တရုတ်ရဲ့ လျှို့ဝှက်ဖုံးကွယ်ထားတဲ့ ငါးဖမ်းသင်္ဘောအုပ်စုကြီးတွေကြောင့်လို့ ဆိုတယ်။

မြောက်ကိုရီးယားကမ်းလွန်မှာ ရာပေါင်းများစွာသော တရုတ်ငါးဖမ်းသင်္ဘောတွေ တွေ့ခဲ့ရပြီး အဲဒါကြောင့် မြောက်ကိုရီးယားငါးဖမ်းလှေတွေက ပိုဝေးတဲ့နေရာတွေဘက် ထွက်ဖမ်းရင်း လှေမကောင်းတာရယ် ရာသီဥတုရယ်ကြောင့် ဒုက္ခရောက်ကုန်ခဲ့တယ်လို့ သုံးသပ်ထားတယ်။ ငွေလိုနေတဲ့ မြောက်ကိုရီးယားအစိုးရက တရုတ်တွေကို ငါးဖမ်းခွင့် တိုးတိုးတိတ်တိတ် ရောင်းစားထားလို့ အိမ်ခံတံငါတွေက အဝေးကိုထွက်ဖမ်းရတဲ့သဘော။

၂၀၁၇ မှာ ပဲ့ထိန်းဒုံးကျည်တွေ အများကြီး ပစ်ခတ်ခြိမ်းခြောက်ခဲ့လို့ဆိုပြီး ကုလသမဂ္ဂက မြောက်ကိုရီးယားကို ဒဏ်ခတ် ပိတ်ဆို့ထားတယ်။ အဲဒီပိတ်ဆို့မှုအရ မြောက်ကိုရီးယားမှာ ငါးဖမ်းတာ ဒါမှမဟုတ် မြောက်ကိုရီးယားငါးကို ၀ယ်တာရောင်းတာ တရားမ၀င်ပါဘူး။ ဒါပေမယ့် ၂၀၁၇ မှာ တရုတ်ငါးဖမ်းသင်္ဘော ၉၀၀၊ ၂၀၁၈ မျာ အစင်း ၇၀၀ လောက် မြောက်ကိုရီးယားကမ်းလွန်မှာ ငါးဖမ်းတာ ဟန့်တားခဲ့သူ ရှိခဲ့ပုံမရ။

ပိတ်ဆို့မှုမတိုင်ခင် မြောက်ကိုရီးယားရဲ့ငါးဖမ်းလုပ်ငန်းက တစ်နှစ် ဒေါ်လာ သန်း ၃၀၀ လောက် တန်ကြေးရှိခဲ့တယ်။ တရုတ်တွေ အဓိက၀င်ဖမ်းတာက တန်ဘိုးကြီးပင်လယ်စာတစ်မျိုးဖြစ်မယ့် ပြည်ကြီးငါးပျံ။ မြောက်ကိုရီးယားကမ်းလွန်ကနေ ပြည်ကြီးငါးပျံ တန် ၁၆၀ ၀၀၀ ကျော် ဖမ်းခဲ့ပုံရတယ်။ နှစ်နှစ်အတွင်း ဖမ်းခဲ့တဲ့ အဲဒီပမာဏက တောင်ကိုရီးယားနဲ့ ဂျပန်နှစ်နိုင်ငံပေါင်း ဖမ်းကြတဲ့ တန်ချိန်လောက်ရှိပြီး ဒေါ်လာ သန်း ၄၄၀ ကျော်ဘိုးပဲ။

မြောက်ကိုရီးယားအနေနဲ့ ကိုယ့်ကမ်းလွန်မှာ ကိုယ့်ဘာသာငါးဖမ်းပြီး တစ်နည်းနည်းနဲ့ရောင်း(တရုတ်ကိုပဲဖြစ်ဖြစ် တိတ်တိတ်လေး)ရင် ပိုက်ဆံပိုမရနိုင်ဘူးလား တွေးစရာ။ ပိတ်ဆို့မှုကိုချိုးဖောက်ပြီး ၂၀၁၈ မှာ မြောက်ကိုရီးယားက ငါးဖမ်းခွင့်ရောင်းတာ ဒေါ်လာ သန်း ၁၂၀ လောက် ရတယ်လို့ ကုလကခန့်မှန်းခဲ့တယ်။ ပိုအကျိုးရှိမှာကတော့ တရုတ်ငါးဖမ်းသင်္ဘောတွေပါပဲ။

ကိုယ့်ကမ်းလွန်မှာ လိုင်စင်ရတရုတ်ငါးဖမ်းသင်္ဘောအုပ်စုကြီးတွေ ရှိနေလို့ ငါးဖမ်းခွင့်မသာတော့တဲ့ မြောက်ကိုရီးယား ငါးဖမ်းသမားတွေဟာ ဝေးကွာလှတဲ့ ရုရှားနဲ့ ဂျပန်ရေပြင်တွေဘက်ထိ သွားရောက်ငါးဖမ်းရာက ကံဆိုးတဲ့လှေတွေ ကြမ္မာဆိုးတိုးပြီး လှေပျက်တွေက ရေသင့်တဲ့ ဂျပန်ကမ်းခြေမှာ သွားတင်တာလို့ သုံးသပ်ကြပါကြောင်း။ (Stanby M)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page