ရှင်မဟာရဌသာရရဲ့ အရိုးအိုးစေတီနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က သပိတ်နဲ့ ရေစစ်
ရှင်မဟာရဌသာရ၏ အရိုးအိုးစေတီကို ပြည်မြို့၊ ရွှေမောင်းတုန်းတောရနဲ့ ကျက်သိမ်ကုန်းတောရကျောင်း အကြားမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ရေတိုက်စား ပြိုကျပျက်စီးနေတဲ့အတွက် ၁၉၆၅ ခုနှစ်မှာ ပြည်မြို့၊ ရွှေဘုန်းပွင့်စာကြည်တိုက်အသင်းမှ ဒေသအခေါ်သပိတ်ဆေးကန် (အင်းဝခေတ် အုတ်ရေကန်ကြီး)အနီးမှာ ပြန်လည်စိုက်ထူခဲ့တာဖြစ်ပါတယ်။ (SitNyeinLu)
မြန်မာစာပေသမိုင်းကို ပြန်လည်လေ့လာသော် အင်းဝခေတ် (သက္ကရာဇ် ၇၂၆ မှ ၉ဝ၁ ကျော်) သည် စာကြီးပေကြီး အထွန်းကားဆုံးသော ခေတ်တစ်ခေတ် ဖြစ်သည်ကို တွေ့မြင်နိုင်လေသည်။ ထိုခေတ်တွင် တိုင်းပြည်ကို အုပ်ချုပ်သော မင်းများကိုယ်တိုင်က စာပေကို အားပေးချီးမြှောက်ခဲ့သည်ကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ပေါ်ထွန်းခဲ့သော စာဆိုများမှာလည်း လူပုဂ္ဂိုလ် စာဆိုများထက် ရဟန်းပုဂ္ဂိုလ် စာဆိုများက ပိုမိုထင်ရှားခဲ့သည်ဟု ဆိုရမှာ ဖြစ်ပါတယ်။
ထိုခေတ်တွင် ကဗျာလင်္ကာ စာပေအမျိုးမျိုး ထွန်းကားခဲ့သည့်အနက် ပျို့နှင့်မော်ကွန်းစာပေတို့သည် မြန်မာစာပေသမိုင်းတွင် ထိပ်ဆုံးက နေခဲ့သော ခေတ်လည်း ဖြစ်ပေသည်။ ထို့ကြောင့် အင်းဝခေတ်ကို ပျို့နှင့် မော်ကွန်းစာပေတို့တံခွန်စိုက်သော ခေတ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ယင်းပျို့နှင့် မော်ကွန်းစာပေတို့ကို ပြုစုခဲ့သူ ရဟန်းပုဂ္ဂိုလ် စာဆိုများအနက် ရှင်မဟာရဋ္ဌသာရသည် တစ်ပါး အပါအဝင် ဖြစ်သည်သာမက အထင်ရှား အကျော်ကြားဆုံးသော စာဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။