မေမြို့ မြေကွက်တွေကို ဂျင်းထည့်သွားတဲ့သူတွေ တရားစွဲခံရပေမယ့် ဒဏ်ငွေ ငါးထောင်သာ ဆောင်ရဟုဆို
မေမြို့ မြေကွက်တွေကို ဂျင်းထည့်သွားတဲ့သူတွေ တရားစွဲခံရပေမယ့် ဒဏ်ငွေ ငါးထောင်သာ ဆောင်ရဟုဆို
ပြင်ဦးလွင်မြို့နယ် မေမြို့ထင်းကြိုးဝိုင်းအတွင်း တရားမဝင် ကျူးကျော်ကာ ခြုံစည်းရိုးခတ်၊ အဆောက်အဦ ဆောက်လုပ်နေသူများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက ဇန်နဝါရီ (၆)ရက်တွင် သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ပြင်ဦးလွင်ခရိုင်အတွင်းရှိ အစိုးရပိုင် သစ်တောကြိုးဝိုင်းမြေအတွင်း သစ်တောဦးစီးဌာနမှ ခွင့်ပြုထားသည့် လုပ်ငန်းများမှအပ အဆိုပါ မြေပေါ်၌ တရားမဝင် အကွက်ရိုက် ရောင်းချခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းများကို ခွင့်မပြုကြောင်း၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ထိုသို့ လုပ်ဆောင်နေခြင်းများ တွေ့ရှိနေရသဖြင့် မလုပ်ဆောင်ကြရန် ကြိုတင်သတိပေး တားမြစ်ခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်နေသဖြင့် ရောင်းမှားဝယ်မှား ဖြစ်ပြီး အများပြည်သူ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် သတိပေးဆိုင်းဘုတ် စိုက်ထူ၍ အကွက်ရိုက် ရောင်းချသူများကို စိစစ်ဖော်ထုတ် အရေးယူရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက ပြောပါတယ်။
“စပြီးတော့ လုပ်ပြီဆိုကတည်းက သူတို့ကို Procedure (လုပ်ထုံးလုပ်နည်း) အရ Notice (သတိပေး) စာပေးတယ်။ မလုပ်ပါနဲ့၊ ရပ်ပါ ဆိုတာကို မလိုက်နာဘူး။ ဆက်လုပ်နေတယ်ဆိုတော့ ကျွန်တော်တို့က တရားစွဲရတာပေါ့။ တရားစွဲတာလည်း အခုမှ မဟုတ်ပါဘူး။ အရင်ကတည်းက စွဲလာတာ။ သူတို့က ၁၉၉၂ ဥပဒေအရ ဒဏ်ငွေ ငါးထောင်ဆောင်ပြီးတော့ ဆက်လုပ်ချင်လုပ်ကြတာ။ ကျွန်တော်တို့ပြောတဲ့ဟာ မလိုက်နာလို့ အရေးယူတာပါ” ဟု ဦးဆန်းမြင့်ထွန်းက ပြောပါတယ်။
သစ်တောကြိုးဝိုင်းမြေအတွင်း သစ်တောပြန်လည် ထူထောင်ရန် ပုဂ္ဂလိက သစ်တောစိုက်ခင်းများ၊ ပုဂ္ဂလိက ကော်ဖီစိုက်ခင်းများ၊ ဒေသခံပြည်သူများ၏ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကိုသာ ခွင့်ပြုပေးထားပြီး သစ်တောဦးစီးဌာနမှ ခွင့်ပြုမထားသော လုပ်ငန်းများ လုပ်ဆောင်သဖြင့် သစ်တောဥပဒေအရ အရေးယူခဲ့ခြင်းများ ရှိခဲ့တယ်လို့ သိရပါတယ်။
သစ်တောဌာနမှ ခွင့်ပြုထားသော လုပ်ငန်းများ မဟုတ်ဘဲ သစ်တောမြေအတွင်း ကျူးကျော်နေထိုင်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ အကွက်ရိုက်ရောင်းချခြင်းများ လုပ်ဆောင်မှုကြောင့် ၂၀၁၆ မှစ၍ ယနေ့အထိ တိုင်တန်းထားသည့် အမှုပေါင်း (၁၉၁)မှု ရှိပြီး ယင်းအမှုများအတွက် လူဦးရေ (၁၄၁)ဦးကို အမှုဖွင့် အရေးယူထားသည်ဟု ဦးဆန်းမြင့်ထွန်းက ပြောပါတယ်။
ပြင်ဦးလွင်မြို့နယ် မေမြို့ ထင်းကြိုဝိုင်းသည် မြေဧက (၁၆,၅၄၀)ကျော် ကျယ်ဝန်းပြီး မြို့ရွာများအနီး လမ်းပန်းဆက်သွယ်ရေး ကောင်းသောနေရာများတွင် တရားမဝင် မြေအကွက်ရိုက် ရောင်းချခြင်းများ ပိုမိုဖြစ်ပွားနေသဖြင့် မြေကွက် ဝယ်ယူလိုသူများ အနေဖြင့်လည်း စုံစမ်းမေးမြန်းပြီးမှသာ ဝယ်ယူကြရန် လိုအပ်ကြောင်း ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက တိုက်တွန်းလိုက်ပါတယ်။
ပြင်ဦးလွင်မြို့သည် ရာသီဥတု ကောင်းမွန်ပြီး နေထိုင်စရာ ကောင်းသဖြင့် မြေကွက်ဝယ်ယူသူများ ပေါများလာရာမှ တရားမဝင် မြေကွက် ရောင်းချခြင်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်မည်ဟု ၎င်းက မှတ်ချက်ပြုပါတယ်။