ကချင်ပြည်က တောင်တတောင်လုံး ကျောက်စိမ်း ဖြစ်နေတယ်ဆိုတဲ့ ဂျင်းသတင်း (တန် ၅ သိန်းဆိုတဲ့ဂျင်း)

ကချင်ပြည်က တောင်တတောင်လုံး ကျောက်စိမ်း ဖြစ်နေတယ်ဆိုတဲ့ ဂျင်းသတင်း (တန် ၅ သိန်းဆိုတဲ့ဂျင်း)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာအနောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ တန် ၅သိန်း ကျောက်စိမ်းတုံးတွေ့တယ်ဆိုတဲ့ သတင်းအမှားတခု ဇန်နဝါရီ ၁၂ ရက်နေ့ကစပြီး လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။

အဲ့ဒီသတင်းမှားကို Sai Aung Win ဖေ့ဘုတ်အကောင့်ကနေ လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့် ပြောဆိုခဲ့တာဖြစ်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေအကြား အလျင်အမြန် ပျံ့နှံ့နေတာဖြစ်ပါတယ်။

ကျောက်မျက်ပညာရှင်တွေက သွားရောက်လေ့လာပြီးနောက် တန် ၅၀၀ ရှိတယ်ဆိုတဲ့ ကျောက်တုံးကြီးဟာ ကျောက်စိမ်းမျိုးရင်း မျိုးနွယ် မဟုတ်ဘဲ ကျောက်ရိုင်း၊ ကျောက်ပုတ်အဆင့်သာ ဖြစ်တယ်လို့ ဇန်နဝါရီ ၁၄ရက်မှာ ပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး သယံဇာတနဲ့ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက “၁၂ ရက်နေ့က Sai Aung Win အမည်ပါ အင်တာနက် လူမှုကွန်ရက်အကောင့်ကနေ ထုတ်လွှင့်တင်ပြထားတာကို တွေ့ရတယ်၊ ဒါဟာ သတင်းအမှား သက်သက် တစ်ခုဖြစ်သလို ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်တဲ့ ကိစ္စတစ်ရပ်လည်းဖြစ်နိုင်တယ်။ သတင်းထောင်ချောက် တစ်ခုလို့တောင် အဆင့်အတန်း သတ်မှတ်ပြီး ပြောလို့ရတယ်”လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး (သလ္လာမြေ)ကလည်း ကျောက်တုံးကြီးက ကျောက်စိမ်း မျိုးရင်း မျိုးနွယ် အမှန်ဖြစ်နေရင် မူလတွေ့ရှိသူတွေက လူမှုကွန်ယက်ပေါ်မှာ လိုက်ဖ် လွှင့်ပြသမှာမဟုတ်ကြောင်းနဲ့ အခုလို လူမှုကွန်ရက်ပေါ်မှာ တမင် လိုက်ဖ် ထုတ်လွှင့်ပြသနေခြင်းဟာ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တွေက တပ်သားသစ် စုဆောင်ရေး ကိစ္စရပ်တွေမှာ အဆင်ပြေချောမွေ့စေဖို့ လောဘဇောနဲ့ လူတွေလာရောက်အောင် မြူဆွယ်မှိုင်းသွင်းတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပြောပါတယ်။

လိုက်ဖ် ထုတ်လွှင့်ပြသခဲ့တဲ့ ရုတ်တရက် ကျောက်စိမ်းလို့ ထင်မှတ်ရတဲ့ ကျောက်တုံးကြီးရှိရာ နေရာဒေသဟာ မိုးကောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာ ထင်းရူးတောင်အနီး ကညင်မြိုင်ကျေးရွာရဲ့ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ ရှိတာဖြစ်တယ်လို့ ကညင်မြိုင်ကျေးရွာဒေသခံတွေပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ ကျောက်တုံးရှိရာဒေသကနေ လွန်ခဲ့တဲ့ ရက်ပိုင်းက ပြန်လာခဲ့သူ ကညင်မြိုင် ရွာခံတယောက်က “မိုင်အားဖြင့် ၁၀ မိုင်လောက်လို့ ပြောကြတာ၊ ကညင်မြိုင်ရွာကနေ ခြေလျင်သွားရင် ၁ ညအိပ်ခရီးလောက်သွားရတယ် ၊ နယ်မြေလုံခြုံရေး အခြေအနေက မကောင်းဘူး၊ အုပ်ချုပ်မှု လက်လှမ်းမမီနိုင်တဲ့ နေရာဖြစ်တယ်၊ နောက်ပြီး အဲ့ဒီနေရာက ကေအိုင်အေ တပ်ရင်း (၄၄) ရဲ့ လှုပ်ရှားနယ်မြေ ဖြစ်မယ်ထင်တယ်”လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page